၂၀၁၃ ခုနှစ်၊ စက်တင်ဘာ (၁၆) ရက်
ပအိုဝ်းတိုင်းရင်းသားတို့သည် ပင်ရင်းမူလ ထေရ၀ါဒ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ် ကြသူများဖြစ်သည်။ ပအိုဝ်းတိုင်းရင်းသားတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံ များသည်လည်း ထေရ၀ါဒ ဗုဒ္ဓတရားတော် များကို အခြေခံထားသည်။ ပအိုဝ်းတို့၏ ဘာသာရေး၊ လူမှုရေးတို့မှာ ဗုဒ္ဓ၏တရားတော် အဆုံးအမ သြ၀ါဒနှင့် မကင်းချေ။ ပအိုဝ်းယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့် ခွဲခြား၍မရချေ။ ပအိုဝ်းစာပေမှာ ဗုဒ္ဓဘာသာစာပေက အများဆုံး နေရာယူထားသည်။ ပအိုဝ်းတိုင်းရင်းသားတို့၏ လူမှုရေးများတွင် ရတနာသုံးပါးကို ဦးထိပ်ထား၍ ပြုလုပ်ကြသည်ကို တွေ့ရသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် ပင်ရင်းမူလ ထေရ၀ါဒ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ် ကြသူများဖြစ်သည်။ ပအိုဝ်းတိုင်းရင်းသားတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံ များသည်လည်း ထေရ၀ါဒ ဗုဒ္ဓတရားတော် များကို အခြေခံထားသည်။ ပအိုဝ်းတို့၏ ဘာသာရေး၊ လူမှုရေးတို့မှာ ဗုဒ္ဓ၏တရားတော် အဆုံးအမ သြ၀ါဒနှင့် မကင်းချေ။ ပအိုဝ်းယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့် ခွဲခြား၍မရချေ။ ပအိုဝ်းစာပေမှာ ဗုဒ္ဓဘာသာစာပေက အများဆုံး နေရာယူထားသည်။ ပအိုဝ်းတိုင်းရင်းသားတို့၏ လူမှုရေးများတွင် ရတနာသုံးပါးကို ဦးထိပ်ထား၍ ပြုလုပ်ကြသည်ကို တွေ့ရသည်။
ပအိုဝ်းအမျိုးသား သမိုင်းတွင် ကျော်စောထင်ရှားသော သုဝဏ္ဏဘုမ္မိ သထုံမင်းတစ်ပါး ဖြစ်သော သူရိယစန္ဒာမင်းသည် သက်တော်ထင်ရှား ဂေါတမဗုဒ္ဓမြတ်စွာဘုရားကို ဖူးမြင်ရသည်မှစ၍ မင်းနှင့်တကွ သုဝဏ္ဏဘုမ္မိ ပြည်သူတို့သည် ဗုဒ္ဓဘာသာ ဖြစ်ခဲ့ကြပါသည်။
သုဝဏ္ဏသုမ္မိ သထုံမင်းဆက်တွင် ဓမ္မပါလမင်း၏ သားတော် ရဟန်းတစ်ပါးမှာ ရှင်ဓမ္မဃောသ ဖြစ်သည်။ တတိယ သင်္ဂါယနာ တင်ချိန်မှာ မဇ္ဇျိမဒေသ အိန္ဒိယပြည်သို့ ကြွရောက်ပြီး ပိဋကတ်စာပေများကို သင်ကြား၍ ကောင်းမွန်စွာ တတ်မြောက် ကျွမ်းကျင်သည်။ ထို့နောက် သုဝဏ္ဏသထုံပြည်သို့ ပြန်လည်ကြွရောက် တော်မူပြီးလျှင် ရှင်ဓမ္မဃောသသည် သက္ကတဘာသာမှ ပျူဘာသာသို့ ရှေးဦးစွာ ပိဋကစာပေများကို ပြန်ဆိုနိုင်ခဲ့သည်။
ထိုနောက် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် သုဝဏ္ဏဘုမ္မိ ဘုရင်တစ်ပါးနှင့် အရှင်ဗုဒ္ဓဃောသသည် သီဟိုဠ်ကျွန်းသို့ ကြွရောက်ပြီး သီဟိုဠ်ကျွန်းမှ စတုတ္ထသင်္ဂါယနာ တင်ထားပြီး ဖြစ်သော ပိဋကစာပေများကို သုဝဏ္ဏဘုမ္မိ သထုံပြည်သို့ ပင့်ဆောင်နိုင်ခဲ့ ကြပေသည်။
စာပေသင်ကြားခြင်း (ပရိယတ္တိသာသနာ)၊ ကျင့်ကြံအားထုတ်ခြင်း(ပဋိပတ္တိသာသနာ)နှင့် ထိုးထွင်းသိမြင်ခြင်း (ပဋိဝေဒသာသနာ) သာသနာတော်သုံးရပ် ရှိရာတွင် စာပေသင်ကြားခြင်းသည် အခြေခံ ပဓာနအကျဆုံး လုပ်ငန်းဖြစ်သည်။ စာပေသင်ကြားခြင်း (ပရိယတ္တိသာသနာ)သည် ကန်ဘောင်နှင့် တူ၏။ ကျင့်ကြံအားထုတ်ခြင်း (ပဋိပတ္တိသာသနာ)သည် ရေနှင့်တူ၏။ ကန်ဘောင်ရှိမှ ရေတည်တန့်နိုင် သကဲ့သို့ ရေရှိမှ ကြာမျိုးငါးပါး ရေမှာ ရှင်သန်ပေါက်ရောက်ပြီး ပွင့်လန်းနိုင်သည်။ မဂ်ဖိုလ်နိဗ္ဗာန်ကို ထိုးထွင်း၍ သိမြင်ခြင်းသည် ကြာနှင့်တူပါသည်။
ဤရေကန်ဥပမာသည် မြတ်စွာဘုရား၏ သာသနာတော်သုံးရပ်ကို ဥပမာပြု တင်စားရာတွင် အဓိပ္ပါယ် ပြည့်စုံလှပေသည်။ တွေးမြင်ကြံဆလေ သဘောတရား ကျယ်ပြန့်လေ ဖြစ်ပေတော့သည်။
ဗုဒ္ဓသာသနာတော် အချိန်ကြာမြင့်စွာ တည်တန့်ခိုင်မြဲစေရန် ပိဋကစာပေများသည် များစွာ အထောက်အကူ ပြုပေသည်။ သာသနာတော် တည်တန့်ပြန်ပွား စေရန်အတွက် ပရိယတ္တိစာပေ သင်ကြား ပို့ချသော သံဃာတော်တို့၏ ဂုဏ်ကျေးဇူးသည် အနန္တော အနန္တ အဆုံးအစမရှိ ကြီးမားကျယ်ပြန့်ပါသည်။
သံဃာတော်တို့အောက် ဗုဒ္ဓသာသနာတော်ကို တည်တန့်ပြန့်ပွားအောင် ဆောင်ရွက်သော ပုဂ္ဂိုလ်တို့မှာ ပအိုဝ်းတိုင်းရင်းသားတို့၏ မော် (စာဟောဆရာ ဓမ္မကထိက လူပုဂ္ဂိုလ်) ဖြစ်သည်။
သံဃာတော်တို့အောက် ဗုဒ္ဓသာသနာတော်ကို တည်တန့်ပြန့်ပွားအောင် ဆောင်ရွက်သော ပုဂ္ဂိုလ်တို့မှာ ပအိုဝ်းတိုင်းရင်းသားတို့၏ မော် (စာဟောဆရာ ဓမ္မကထိက လူပုဂ္ဂိုလ်) ဖြစ်သည်။
ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်အခါကပင် တရားဟောကျွမ်းကျင်သော လူပုဂ္ဂိုလ် ဓမ္မကထိကများ ရှိခဲ့ပါသည်။ အမျိုးသားများထဲတွင် စိတ္တသူကြွယ်သည် ထင်ရှား၏။ တရားဟော ကျွမ်းကျင်သဖြင့် စိတ္တသူကြွယ်အား ထူးချွန်မှု “ ဧတဒဂ်” ဘွဲ့ကို ဗုဒ္ဓမြတ်စွာဘုရား ကိုယ်တိုင် ချီးမြှင့် ပေးအပ်ခဲ့ပါသည်။
သာသနာတော်နှစ် ၁၆၀၁-ခုနှစ်၊ သက္ကရာဇ် ၄၁၉-ခုနှစ်၊ ခရစ်နှစ် ၁၀၅၇-ခုနှစ်တွင် အရိမဒ္ဒနပူရ ပုဂံပြည် အနော်ရထာမင်းက သုဝဏ္ဏဘုမ္မိ သထုံပြည် ဘုရင်မနုဟာကို စစ်ဖြင့်တိုက်ယူ၍ ပိဋကတ်သုံးပုံ အစုံသုံးဆယ်ကို သုံးစီးသော ဆင်ဖြူတော်ထက် တင်ဆောင်ပြီးလျှင် ဘုရင်၊ မိဘုရားနှင့်တကွ ရဟန်းသံဃာတော်များ၊ အသိပညာရှင် အတတ်ပညာရှင်များကို ပုဂံပြည်သို့ ဆောင်နှင်းခဲ့သည်မှာ မြန်မာရာဇ၀င် သမိုင်းကျမ်းတို့တွင် ထင်ရှားပါရှိလေသည်။
သုဝဏ္ဏဘုမ္မိ သထုံပြည်မှာ အုပ်ချုပ်သူ ဘုရင်မင်း၊ ကိုးကွယ်ရာ ရဟန်းသံဃာနှင့် အသိပညာရှင် အတတ်ပညာရှင်များ မရှိတော့သည့် နောက်ပိုင်းကာလတွင် ပအိုဝ်းပြည်သူတို့သည် သထုံပြည်မှ ကိုးအုပ်စုခွဲ၍ ထွက်ခွာသွားကြသည်။
မော်ထော်ဖာ ဦးဆောင်သော အုပ်စုသည် ပခုက္ကူသို့ရောက်၍ အခြေစိုက် နေထိုင်ကြသည်။ ပခုက္ကူဟူသော အမည်သည် ပအိုဝ်းစကား ( ပအို့ + ခမ်းကူ = ပခုက္ကူ ) ဟူသော ဝေါဟာရမှ ဆင်းသက်လာသည်။ ပအိုဝ်းပြည်နယ်ခြားဟု မြန်မာလို အဓိပ္ပါယ်ရသည်။ ယခုအခါ ပခုက္ကူ ပရိယတ္တိ စာသင်နည်းသည် မြန်မာပြည် ပရိယတ္တိ စာပေလောကတွင် ထူးခြားသော ထင်ရှားသော စာပေသင်ကြားနည်း တစ်ရပ်အဖြစ် ယနေ့တိုင် ခိုင်မြဲရပ်တည်လျက် ရှိနေပေသည်။ “ကျမ်းဖေါက်” ပခုက္ကူစာသင်နည်း ဖြစ်သည်။ ရေးဖြေနည်း စာမေးပွဲလောကကို အခြေမခံပါ။
သုဝဏ္ဏဘုမ္မိ သထုံပြည် တောင်ပိုင်းအရပ်မှ ရောက်ရှိအခြေစိုက် နေထိုင်ကြသော လူမျိုးစုများ ဖြစ်သဖြင့် တောင်သားများဟုလည်း အမည်တွင် ထင်ရှားနေထိုင်ကြသည်။
ကိုးအုပ်စုထဲတွင် မော်ထော်ဖာသည် ပခုက္ကူအုပ်စု ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်သည်။ အသိပညာ အတတ်ပညာနှင့်လည်း ပြည့်စုံသည်။ ထိုစဉ်အခါကပင်လျှင် ဗုဒ္ဓသာသနာတော် ထွန်းလင်းပြန့်ပွားရန် သာသနာပြုကြသော ဓမ္မကထိက လူပုဂ္ဂိုလ် စာဟောဆရာ “မော်” ရှိခဲ့သည်ဟု သမိုင်းခြေရာခံ၍ သိရှိနိုင်သည်။
ရှေးခေတ်အခါ ဥက္ကလာပ၊ အသိတဉ္ဇန၊ ပေါက္ခရ၀တီပြည်ဟု အမည်တွင်သော တိဂုမ္ဗ၊ ဒဂုံဟုလည်း အမည်ရှိသော ယခုခေတ် မြန်မာနိုင်ငံ ရန်ကုန်တိုင်းတွင် “မော်ဘီ” အရပ်ဒေသသည်လည်း ကျော်စောထင်ရှားသော သာသနာပြု ဓမ္မကထိက လူပုဂ္ဂိုလ် စာဟောဆရာ “မော်ဘီ”၏ နေထိုင်ရာ အရပ်ဒေသ တစ်ခုဖြစ်သည်။ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်တွင် လူနေရပ်ကွက်အမည် “တောင်သူကုန်း” လည်း ရှိနေသည်။ တောင်သူသည် ရှေးခေတ် ပအိုဝ်းလူမျိုးတို့၏ အမည်ဟောင်း ဖြစ်သည်။
ခရစ်နှစ် ၁၇၅၅-ခုနှစ်တွင်မှ ကုန်းဘောင်မင်းဆက် အလောင်းဘုရား ဘုရင်ကြီးက ရန်အပေါင်းကို ကုန်စင်အောင်မြင်၍ “ရန်ကုန်”ဟု အမည်သစ် ခေါ်တွင်စေခဲ့ကြောင်း သိရသည်။
ဤသမိုင်းဖြစ်ရပ် ဖြစ်စဉ်တို့ကို ခြေရာခံလိုက်၍ ရသော အထောက်အထားတို့ဖြင့် ထင်မြင်ယူဆရမည် ဆိုပါက ပအိုဝ်းမော်သည် ရှေးခေတ် နှစ်ပေါင်းများစွာ ရှည်လျားခဲ့ပြီး ဖြစ်သည်။
မြန်မာနိုင်ငံ တောင်ပိုင်းအရပ် သုဝဏ္ဏဘုမ္မိမှ သရေခေတ္တရာသို့ လည်းကောင်း၊ ပုဂံသို့ လည်းကောင်း၊ ပခုက္ကူအရပ်သို့ လည်းကောင်း၊ ကမ္ဗောဇတိုင်း တောင်တန်းအရပ်ဒေသသို့ လည်းကောင်း ဗုဒ္ဓသာသနာတော် ရောက်ရှိပြန့်ပွားသည်ကို သာသနာဝင် ဆရာတော်ကြီးများက “သာသနာ အညာဆန်တက်သည်” ဟု ဥဒါန်းကျူးရင့် ပြောဆိုကြသည်။
ပအိုဝ်းမော် (စာဟောဆရာ) သည် သာရေး၊ နာရေး၊ လူမှုရေးများတွင် အရေးပါသော အခန်းကဏ္ဍများတွင် ပါဝင်လျက် ရှိကြပါသည်။ လူမှုရေးများတွင် ပါဝင်၍ ဗုဒ္ဓသာသနာ ပြုသူများ ဖြစ်သည်။ ပအိုဝ်းတို့ ဘာသာရေး၊ လူမူရေးတို့၌ လိမ္မာရေးခြားရှိအောင် တမလွန်လောက အကျိုးရှိအောင် ကျေးဇူးပြုသူများမှာ ပအိုဝ်းမော် (စာဟောဆရာ) များ ဖြစ်သည်။
သို့သော် ပအိုဝ်းဒေသအတွင်းရှိ ပအိုဝ်းမော် (စာဟောဆရာ) သည် အရေအတွက်အားဖြင့် မနည်းလှသော်လည်း အသင်းအဖွဲ့တစ်ခုအဖြစ် စုစုစည်းစည်း မရှိနိုင်ခဲ့ပေ။ စနစ်တကျ အသင်း ဖွဲ့စည်းသင့်သည်မှာ အချိန်ကာလ ကြာမြင့်စွာကပင် ဖြစ်သည်။
ပအိုဝ်းဒေသအတွင်း နှစ်ပေါင်းများစွာ သာသနာပြု သီတင်းသုံး နေထိုင်၍ တောင်ကြီးမြို့၊ ပထမတောင်ကျောင်းကြီး စာသင်တိုက်၊ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တ နရိန္ဒ အဂ္ဂမဟာပဏ္ဏိတ ဆရာတော်ဘုရားကြီးသည် အနာဂတ် သာသနာအကျိုး အရှည်ကို မျှော်ကိုး၍ သာသနာပြု လူပုဂ္ဂိုလ် ဓမ္မကထိက မော်အသင်း ဖွဲ့စည်းသင့်ကြောင်း မိန့်ကြားခဲ့ဖူးပါသည်။
၁၉၇၃-၇၄ ခုနှစ်၊ ရန်ကုန်တက္ကသိုလ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု မဂ္ဂဇင်းတွင် ချမ်းသာ (လွယ်တပ်)မှ ပအိုဝ်းမော်အကြောင်း သိကောင်းစရာ ဆောင်းပါးရေးသား၍ ပအိုဝ်းမော်အကြောင်း၊ ပအိုဝ်းမော်အသင်း ဖွဲ့သင့်ကြောင်း တိုက်တွန်းနိုးဆော် အသိပေး ရေးသားခဲ့သည်။
၁၃၃၉-ခုနှစ်၊ တပေါင်းလပြည့်နေ့၊ ခရစ်နှစ် ၁၉၇၈-ခုနှစ်၊ မတ်လ (၂၃) ရက်နေ့တွင် တောင်ကြီးမြို့နယ်၊ နောင်ခဲကျေးရွာအုပ်စု၊ နောင်ယာဆိုင်း၌ တပေါင်းလပြည့် ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ် ပွဲတော်ကို စည်းကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့ကြသည်။ လူထုအင်အား (၃) သိန်း၊ ရဟန်း သံဃာတော်များ (၈၈၆)ပါး၊ ပအိုဝ်းမော် ပုဂ္ဂိုလ်များ (၁၃၆) ဦးနှင့် တက္ကသိုလ်ကျောင်းသားများ တက်ရောက်ခဲ့ကြသည်။
ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ် ပွဲတော်တွင် ဘာသာ သာသနာ ယဉ်ကျေးမူဆိုင်ရာ အကြောင်းအရာ (၁၁) ချက်၊ အမျိုးသား ယဉ်ကျေးမူဆိုင်ရာ အကြောင်းအရာ (၁၁) ချက်၊ လူမူရေး စီးပွားရေး အကြောင်းအရာ (၁၁) ချက်၊ ပအိုဝ်းအမျိုးသား အနုပညာရပ်ဆိုင်ရာ (၅) ချက် တို့ကို ဆွေးနွေးညှိနှိုင်း ခဲ့ကြသည်။
ပအိုဝ်းအမျိုးသား အနုပညာရပ် ဆိုင်ရာ အကြောင်းအရာ များထဲတွင် အပိုဒ်(င)၌ လက်မှုပညာနှင့် နုတ်မှုပညာ စာဟော (မော်) ပညာရပ် ဆွေးနွေးခြင်း ပါရှိခဲ့လေသည်။
သို့ဖြစ်၍ ပအိုဝ်းမော်အသင်း ဖွဲ့စည်းရန်နှင့် ပအိုဝ်းမော် စာဟောပညာရပ်များ ထိန်းသိမ်းမြှင့်တင်ရန်မှာ ၁၃၃၉-ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် ကျင်းပသော နောင်ယာဆိုင်း ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ် ပွဲတော်တွင် အစပြုနိုင်ခဲ့သည်ဟု ဆိုရပါမည်။
ပအိုဝ်းမော်အသင်း ဖွဲ့စည်းရန် စတင်အခြေပြုခဲ့သည့် ၁၉၇၈-ခုနှစ်၊ မတ်လ (၂၃) ရက်မှ ပအိုဝ်းမော်အသင်းကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သည့် ၂၀၀၀ ပြည့်နှစ်၊ ဇန်န၀ါရီလ (၂၀) ရက်နေ့အထိ အချိန်ကာလ၏ ပြည့်စုံလျောက်ပတ်မူ ကာလသမ္ပတ္တိကို စောင့်ဆိုင်း မျှော်လင့်ရင်း နှစ်ပေါင်း (၂၂) နှစ်မျှ ကြာညောင်းခဲ့ရသည်။
ထိုနောက် ၁၉၉၁-ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့တွင် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(ပီအင်န်အို)သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမူ တည်ဆောက်ရေးအဖွဲ့ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ဖြင့် ငြိမ်းချမ်းရေး ရယူနိုင်ခဲ့ပါသည်။ ပအိုဝ်းဒေသ ငြိမ်းချမ်းသာယာသည့် အခါ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် စာပေယဉ်ကျေးမှု လုပ်ငန်းများကို ကူညီဆောင်ရွက်ပေးပါရန် နိုင်ငံတော် အစိုးရအား တင်ပြတောင်းဆို ခဲ့ပါသည်။ နိုင်ငံတော် အစိုးရကလည်း အထူးဒေသ (၆) အဖြစ် သတ်မှတ်၍ ပအိုဝ်းဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို အလေးထား ဆောင်ရွက်ခဲ့ကြသည်။
ပအိုဝ်းဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ပြရာတွင် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမူအဖွဲ့ဗဟို အား အသင်းအဖွဲ့ မှတ်ပုံတင် ရရှိနိုင်ရေးအတွက် နိုင်ငံတော် အစိုးရမှ ကူညီဆောင်ရွက်ပေးပါရန် အချက်တစ်ချက် ပါရှိခဲ့ပါသည်။
၁၉၉၆-ခုနှစ်၊ မတ်လ (၂၂) ရက်နေ့တွင် နိုင်ငံတော်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ပြုရေးနှင့် ကြီးကြပ်ရေးဗဟို အဖွဲ့က အမှတ် (၉၈)၊ ကုန်သည်လမ်း၊ ဈေးပိုင်းရပ်ကွက်၊ တောင်ကြီးမြို့တွင် ဖွဲ့စည်းတည်ထောင်ထားသော ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဗဟိုကော်မတီအား အသင်းအဖွဲ့ ဖွဲ့စည်းခွင့် အမှတ် (၁၇၉၅) ဖြင့် ခွင့်ပြုလိုက်သည်။
၁၉၉၆-ခုနှစ်၊ ဇန်န၀ါရီလ (၅) ရက်နေ့တွင် ကျင်းပပြုလုပ်သော အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ပြုရေးနှင့် ကြီးကြပ်ရေး ဗဟိုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁/၉၆) ဖြင့် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေအရ ဖွဲ့စည်းခွင့် ပြုခြင်း ဖြစ်သည်။
၁၉၉၆-ခုနှစ်၊ ဇန်န၀ါရီလ (၅) ရက်နေ့တွင် ကျင်းပပြုလုပ်သော အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ပြုရေးနှင့် ကြီးကြပ်ရေး ဗဟိုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁/၉၆) ဖြင့် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေအရ ဖွဲ့စည်းခွင့် ပြုခြင်း ဖြစ်သည်။
အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ခွင့်ပြုချက် ရရှိပြီးနောက် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဗဟိုကော်မတီသည် ၁၉၉၇-ခုနှစ်၊ သြဂုတ်လ(၁)၊ (၂)ရက်နေ့များတွင် တောင်ကြီးမြို့နယ်၊ ဖါမွန်းကျေးရွာ အုပ်စု၊ ဖါမွန်းဘုန်းကြီးကျောင်း၌ စာပေယဉ်ကျေးမူဗဟို အစည်းအဝေးသို့ တောင်ပေါ်မြေပြန့်မကျန် မြို့နယ်ပေါင်းစုံမှ စာပေယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ခဲ့ကြသည်။ ဤအစည်းအဝေးကြီးမှ စာပေ ယဉ်ကျေးမှု ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့သည်။ ရှေ့လုပ်ငန်းစဉ်များထဲတွင် ပအိုဝ်းမော် (စာဟောဆရာ)အသင်း ဖွဲ့စည်းရန် ပါရှိခဲ့လေသည်။
၁၉၉၉-ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်မှ ဒီဇင်ဘာလ (၁၀) ရက်နေ့အတွင်း ပအိုဝ်းဒေသ အတွင်းရှိ မြင့်မိုရ်ခမ်း (အနောက်ပိုင်း)၊ မြင့်မိုရ်ခမ်း (အရှေ့ပိုင်း)၊ သူရိယခမ်း၊ ခွန်ဖြားဗွာခမ်း၊ စန္တာခမ်း (၅) နေရာခွဲ၍ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမူ ဗဟိုကော်မတီဝင် ဦးစင်းခမ်လှ၊ ဦးခွန်မင်းကျော်၊ ဖြားမော်နန္တာလူး (တောင်ကြီး)၊ ဖြားမော်ပဲ(ထီဟော်)နှင့် ၀ိဓူရခွန်ထွန်း (တောင်ကြီး) တို့က စည်းရုံးရေးခရီး ထွက်ပြီးလျှင် ပအိုဝ်းမော်ပုဂ္ဂိုလ် (၃၁၉) ဦးတို့ကို စည်းရုံး၍ ရရှိလာခဲ့သည်။
သို့ဖြစ်၍ သက္ကရာဇ် ၁၃၆၁-ခုနှစ်၊ ပြာသိုလပြည့်၊ ကြာသပတေးနေ့တွင် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် အုပ်ချုပ်ရေးနယ်မြေရှိ တိုင်းအလိုက် ပအိုဝ်းမော် ဦးစီးအဖွဲ့ဝင် (၄၁) ဦးတို့ကို စုစည်းပြီး ပအိုဝ်းမော်အသင်းကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သည်။
၁၀ စုနှစ် အထိမ်းအမှတ်၊ ၂၅ နှစ်ငွေရတု အထိမ်းအမှတ်၊ နှစ် ၅၀ ရွှေရတု အထိမ်းအမှတ်၊ ၇၅ နှစ် စိန်ရတု အထိမ်းအမှတ်၊ ရာပြည့် အထိမ်းအမှတ်နှင့် ထောင်ပြည့်နှစ် အထိမ်းအမှတ်များ ပြုရာတွင် ပအိုဝ်းမော်အသင်းသည် တွေ့ကြုံရခဲလှသော ခရစ်နှစ် ၂၀၀၀ ပြည့်နှစ် ထောင်ပြည့် အထိမ်းအမှတ် အသင်းတစ်သင်း ဖြစ်သည်။
ပအိုဝ်းမော်အသင်းတွင် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမူအဖွဲ့ (ဗဟို) ဥက္ကဋ္ဌတစ်ဦး ပါဝင်သော ပအိုဝ်းမော် နာယက (၃) ဦးနှင့် ပအိုဝ်းမော်အသင်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များ ပါရှိသော အလုပ်အမှုဆောင် (၇) ဦးတို့ကို ပအိုဝ်းမော်အသင်း ဖွဲ့စည်းပုံ စည်းမျဉ်းနှင့်အညီ အမျိုးဘာသာသာသနာများ လုပ်ငန်းများကို စည်းလုံးညီညွတ်စွာ ဆောင်ရွက်လျက် ရှိကြသည်။
ဓရထ ဘိက္ခဝေ စာရိကံ၊ ဗဟုဇနဟိတာယ၊ ဗဟုဇနသုခါသ၊ လောကနုကမ္ပာယ၊ အတ္တယ ဟိတာယ သုခါယ ဒေ၀ မနုသဘနံ၊ မာဧကေန ဒွေအဂမိတ္တ။
နိဂုံး
ဓရထ ဘိက္ခဝေ စာရိကံ၊ ဗဟုဇနဟိတာယ၊ ဗဟုဇနသုခါသ၊ လောကနုကမ္ပာယ၊ အတ္တယ ဟိတာယ သုခါယ ဒေ၀ မနုသဘနံ၊ မာဧကေန ဒွေအဂမိတ္တ။
ဝိနည်းမဟာဝါပါဠိတော် မြန်မာပြန်
ရဟန်းတို့ လူအများ အစီးအပွားရှိရန် အလို့ငှါ လူအများ ချမ်းသာရန် အလို့ငှါ လောကအား အစဉ်သနားခြင်းငှါ ခရီးလှည့်လည် သွားကြကုန်လော့၊ တစ်ခုတည်းသော ခရီးလမ်းကြောင်းကို နှစ်ပါးမကြွ ကြပါလင့်။
မြတ်ဗုဒ္ဓသည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် သဗ္ဗညုတ ဥာဏ်တော်ကို ရ၍ လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ကိုးကွယ်ရာအစစ် ဘုရားအဖြစ်သို့ ရောက်တော်မူသည်။ ၀ါဆိုလပြည့်နေ့တွင် ပဉ္စ၀ဂ္ဂီ ငါးဦးတို့အား ဓမ္မစကြာ တရားဦးကို ဟောကြားတော်မူ ပါသည်။ ထိုနောက် မိုးလကုန်၍ ၀ါကျွတ်သည့်အခါ ရဟန်းတို့အား ခရီးလှည့်လည် သာသနာပြုခရီး ကျယ်ပြန့်နှံ့စပ်ဘို့ရန် ခရီလမ်းတစ်ကြောင်းတည်းကို နှစ်ပါးစုပေါင်း၍ မသွားကြဖို့ မှာကြား၍ သာသနာ ပြုရန် စေလွတ်တော်မူပါသည်။ ဗုဒ္ဓမြတ်စွာ ကိုယ်တိုင်ကလည်း တစ်နေရာတည်းတွင် အခြေစိုက် သီတင်းသုံး နေထိုင်ခြင်းမရှိပဲ ဘ၀တစ်သက်လုံး ခရီးသွားခြင်းဖြင့် သာသနာပြုတော်မူ ခဲ့ပါသည်။
နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ သာသနာပြု လှည့်လည် ခရီးစဉ်အဖြစ် ပါဝါပြည်မှ ကုသိနာရုံပြည်သို့ ကြွသည့် ခရီးရှည်ကြီးဖြစ်သော ပရိနိဗ္ဗာန် ၀င်စံရာ မလ္လာမင်းတို့၏ အင်ကြင်းရဂုံ တောရိပ်မြိုင်သို့ ကြွရောက်တော်မူကာ နောက်ဆုံးခရီး သွားခြင်းဖြင့် သာသနာပြုပြီး ပရိနိဗ္ဗာန် ၀င်စံတော်မူပါသည်။
ဗုဒ္ဓမြတ်စွာဘုရားသည် ခရီးသွား လှည့်လည်ခြင်းဖြင့် လောကကောင်းကျိုး သာသနာပြုခြင်းကို များစွာလိုလား နှစ်သက်အားပေး တော်မူပါသည်။
ဗုဒ္ဓမြတ်စွာဘုရားသည် ခရီးသွား လှည့်လည်ခြင်းဖြင့် လောကကောင်းကျိုး သာသနာပြုခြင်းကို များစွာလိုလား နှစ်သက်အားပေး တော်မူပါသည်။
ပအိုဝ်းမော် (စာဟောဆရာ) ဘ၀သည်လည်း မိမိနေထိုင်ရာ ရပ်ရွာ၌ သော်လည်းကောင်း၊ အခြားရပ်ရွာ ဒေသများသို့ လည်းကောင်း၊ အလှူရှင်တစ်ဦးချင်းက ဖြစ်စေ၊ အလှူရှင် အများစုပေါင်း၍ ဖြစ်စေ ပင့်ဖိတ်သဖြင့် သွားရောက်၍ တရားဓမ္မကို သင်္ဂြိုလ်ဟောပြော ရပါသည်။ အများအားဖြင့် တစ်ရပ် တစ်ကျေးသို့ သွားရောက်၍ တရားဓမ္မ ဟောကြားရပါသည်။ သို့ဖြစ်၍ ပအိုဝ်းမော် (စာဟောဆရာ) ဘ၀သည် ခရီးသွား၍ သာသနာပြုရသဖြင့် ဗုဒ္ဓမြတ်စွာဘုရား လိုလားနှစ်သက်သော ဘ၀ဖြစ်မည်ဟု ယူဆယုံကြည်ဖွယ်ရာ ရှိပါသည်။
ပအိုဝ်းမော် (စာဟောဆရာ)တိုင်း မိမိ၏ ဘ၀ကို တန်ဘိုးထား မြတ်နိုးနိုင်ကြပါစေ။
ပအိုဝ်းပြည်သူ တို့ကလည်း အလေးဂရုပြု တန်ဘိုးထား မြတ်နိုးဖွယ်ရာကောင်းသော ပအိုဝ်းယဉ်ကျေးမှု ဓလေ့ တစ်ခုကို အားပေးချီးမြှောက် နိုင်ကြပါစေ။
ကိုးကား ။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ ပြုစု ထုတ်ဝေသော (၁၅) နှစ်ပြည့် ငြိမ်းချမ်းရေး အထိမ်းအမှတ် “ပြည်ထောင်စုထဲက ပအိုဝ်း” စာအုပ်မှ ထုတ်နှုတ်ဖေါ်ပြသည်။
ကိုးကား ။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ ပြုစု ထုတ်ဝေသော (၁၅) နှစ်ပြည့် ငြိမ်းချမ်းရေး အထိမ်းအမှတ် “ပြည်ထောင်စုထဲက ပအိုဝ်း” စာအုပ်မှ ထုတ်နှုတ်ဖေါ်ပြသည်။
Like On Facebook
Follow On Twitter
Subscribe On RSS