Wednesday, September 18, 2013

၁၆.၉.၂၀၁၃ ရက်နေ့ အင်တာနက်သတင်းပါ “ဆယ်တန်း ဆက်မတက်နိုင်၍ ဒဏ်ငွေ ခြောက်သိန်း မပေးဆောင်နိုင်သော မိသားစုအား PNA (အသွင်ပြောင်း ပြည်သူ့စစ်) မှ ခြိမ်းခြောက်ရိုက်နှက်၍ ငွေတောင်း” သတင်းမှာ မဟုတ်မမှန် တိုင်ကြားခြင်းသာ ဖြစ်ကြောင်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ ရှင်းလင်း


စငေါကျေးရွာ အခြေခံမူလတန်းကျောင်းကို ၁၉၆၁ ခုနှစ်မှ စတင်ဖွင့်လှစ်လာပြီး တွဲဖက် အခြေခံပညာ အလယ်တန်းကျောင်းကို ၁၉၇၅ ခုနှစ်တွင် စတင်ဖွင့်လှစ် ခဲ့ပါသည်။
၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် အခြေအနေအရ ကလေးများ၏ ပညာရေး အဆက်မပြတ် ဆက်လက်သင်ကြားနိုင်ရန် အတွက် ပန်လျန်းဆရာတော်မှ ပန်လျမ်းကျေးရွာတွင် တွဲဖက် အခြေခံပညာ အလယ်တန်းကျောင်းကို ဖွင့်လှစ် သင်ကြားစေခဲ့ပါသည်။
၁၉၉၃ ခုနှစ်တွင် စငေါကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာတို့်မှ မူလတန်းအဆင့်ပညာ သင်ယူပြီးမြောက်ပြီးသော ကလေးများအားလုံးကို အလယ်တန်းအဆင့် ပညာ ဆက်လက်သင်ကြားနိုင်စေရန် အတွက် ပန်လျန်းဆရာတော်နှင့် ကျောင်း အကျိုးတော်ဆောင် အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ စငေါကျေးရွာ တွဲဖက် အခြေခံပညာ အလယ်တန်းကျောင်းကို ၁၉၉၃ ခုနှစ်တွင် ဆက်လက် ဖွင့်လှစ် ခဲ့ပါသည်။
ထိုသို့ တွဲဖက် အခြေခံပညာ အလယ်တန်းအဆင့်သင် ကလေးများ၏ ပညာရေးကို ရှေးရှု၍ အများစု မိဘများသည် ပညာရေးကို စိတ်ဝင်စားမှု အားနည်းသောကြောင့် ၄င်းတို့၏ သားသမီးများ ပညာရေး အဆက်မပြတ် သင်ကြားနိုင်စေရန် ကျောင်းအကျိုးတော်ဆောင် အဖွဲ့မှ နှစ်စဉ် အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။
၁၃၅၆ ခု ကဆုန်လဆုတ် (၁၂) ရက်နေ့တွင် ကျောင်းအကျိုးတော်ဆောင် အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ မူလတန်းဆင့် ကလေးတစ်ဦး ကျောင်းထွက်လျှင် (၅၀၀၀) ငါးထောင်ကျပ်နှင့် အလယ်တန်းအဆင့် ကလေးတစ်ဦး ကျောင်းထွက်လျှင် တစ်သောင်း(၁၀၀၀၀) ကျပ် ကျောင်းရံပုံငွေအတွက် လှူဒါန်းရမည်ဟု ကျောင်း အကျိုးတော်ဆောင် အဖွဲ့နှင့် မိဘပြည်သူအားလုံး၏ သဘောတူညီမှု ရယူပြီး အစည်းအဝေး ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါသည်။
၁၉၉၄- ၉၅ ခု ပညာသင်နှစ်တွင်လည်း မိဘပြည်သူများ၏ ပညာရေး အားပေးမှု နည်းပါးသေးသောကြောင့် ယခင်နှစ် သတ်မှတ်ခဲ့သော  ကျောင်းရံပုံငွေကို ပေးဆောင်ပြီး ကျောင်းထွက်သွားသော ကလေးများ ရှိနေသောကြောင့် (၅.၆.၁၉၉၄) ရက် တနင်္ဂနွေနေ့တွင် ကျောင်းအကျိုးတော်ဆောင် အဖွဲ့မှ ကလေးများ၏ ပညာရေးကို ရှေးရှု၍ အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ ၄င်း အစည်းအဝေး ဆုံးဖြတ်ချက် အရ ကျောင်းသားတစ်ဦး ကျောင်းထွက်လျှင် ကျောင်း ရံပုံငွေ အတွက် နှစ်သောင်း (၂၀၀၀၀) ကျပ် ပေးအပ်လှူဒါန်း ရမည်ဟု ဒုတိယ အကြိမ် အစည်းအဝေး ဆုံးဖြတ်ချက် ပြန်လည်ချမှတ် ခဲ့ပါသည်။
၁၉၉၅-၉၆ ခုနှစ် ပညာသင်နှစ်တွင်လည်း ယခင်နှစ် သတ်မှတ်ထားသော ကျောင်း ရံပုံငွေကို ပေးဆောင်ပြီး ကျောင်းထွက်သွားသော ကလေးများ ရှိနေသေးသဖြင့် တတိယအကြိမ် ကျောင်း အကျိုးတော်ဆောင် အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက် အရ ကျောင်းထွက်သွားသော ကျောင်းသား တစ်ဦးလျှင် ကျောင်းရံပုံငွေ အဖြစ် လေးသောင်း (၄၀၀၀၀) ကျပ် တိတိ ပေးဆောင် လှူဒါန်းရမည်ဟု သတ်မှတ်ခဲ့ပြန်သည်။
ယခင်နှစ်များကဲ့သို့ ကျောင်းထွက်သော ကလေးများ ရှိနေသေးသည့်အတွက် ၁၉၉၉- ၂၀၀၀ ခုနှစ် ပညာသင်နှစ်တွင် စတုတ္ထအကြိမ် ကျောင်း အကျိုးတော်ဆောင် အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကျောင်းထွက်/ ကျောင်းပြောင်းလျှင် ကျောင်းသားတစ်ဦးစီကို ခြောက်သောင်း (၆၀၀၀၀) ကျပ် သတ်မှတ် ခဲ့ပါသည်။ ဤကဲ့သို့ အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း ၂၀၀၀ - ၂၀၀၁ ပညာသင်နှစ်တွင် ဗိုလ်မှူးခွန်ချစ်အိန် ကိုယ်တိုင် ၄င်း၏သမီးကို ကျောင်းပြောင်းနေသည့် အတွက် သတ်မှတ်ထားသော စည်းကမ်းအတိုင်း ခြောက်သောင်း (၆၀၀၀၀) ကျပ် တန်ဖိုးနှင့် တူညီသော ဖိုင်ဘာကုလားထိုင် (၂၃) လုံးကို ကျောင်းအတွက် လှူဒါန်းခဲ့ပါသည်။
ထို့အတူ ဟိုပုံးမြို့နယ် စငေါကျေးရွာအုပ်စု (အွိုင်းဒုံကောင် - ဥက္ကဋ္ဌ၊ ဦးထွက်ထွန်းသာ (PNO) မှလည်း ၄င်း၏သား ကျောင်းထွက်သွားသည့် အတွက် သတ်မှတ်ထားသော စည်းကမ်းချက်အတိုင်း ၂၀၀၇ - ၂၀၀၈ ခု ပညာသင်နှစ်တွင် (၇၀၀၀၀) ကျပ်တန်ဖိုးနှင့် တူညီသော ကက်ဆက်တစ်လုံးအား အ-ထ-က ခွဲ၊ စငေါ သို့ လှူဒါန်းခဲ့ပါသည်။
၂၀၀၈ - ၂၀၀၉ ပညာသင်နှစ်အတွက် ကျောင်းထွက်သော ကလေးများ များပြား လာသည့်အတွက် ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ (၂.၉.၂၀၀၈) ရက်နေ့ စအွန်ကျေးရွာတွင် အစည်းအဝေး ကျင်းပပြုလုပ်ပြီး အစည်းအဝေး ဆုံးဖြတ်ချက် အရ ကျောင်းထွက်သော ကျောင်းသားများကို တစ်ဦးလျှင် ရှစ်သောင်း (၈၀၀၀၀) ကျပ်ဖြင့် အ-ထ-က (ခွဲ) စငေါ ကျောင်းရံပုံငွေ အဖြစ် ပေးဆောင်လှူဒါန်း ရမည်ဟု သဘောတူညီချက် အရ သတ်မှတ်၍ ကောက်ခံခဲ့ခြင်း ဖြစ်ပါသည်။
ဤကဲ့သို့ ငွေကြေး ကောက်ခံရခြင်းမှာ မိမိတို့ အုပ်စုအတွင်းရှိ ကျောင်းနေအရွယ် ကလေးများ အားလုံး၏ ပညာရေး အဆက်မပြတ် သင်ကြားနိုင်ရန် အတွက် နားလည် သဘောပေါက်မှု လွဲမှားနေသော မိဘများ၏ သားသမီးများ ကျောင်းရံပုံငွေ အဖြစ် မပေးဆောင်နိုင်ပါက ပညာ ဆက်လက် သင်ကြားသွားမည်ဟု ယူဆ၍ နှစ်အလိုက် အကြိမ်ကြိမ် ကျောင်း အကျိုးတော်ဆောင် အဖွဲ့မှ အစည်းအဝေး ဆုံးဖြတ်ချက် သတ်မှတ်ပြီး ကောက်ခံ ခဲ့ခြင်းဖြစ်ပါသည်။
ထိုကဲ့သို့ ကျောင်း အကျိုးတော်ဆောင် အဖွဲ့၏ မျက်နှာစုံညီ သတ်မှတ်ထားသော အ- ထ-က (ခွဲ) စငေါ၏ ပညာရေး စည်းမျဉ်းစည်းကမ်းများမှ ရရှိသည့် ငွေအားလုံးကိုလည်း ကျောင်း အကျိုးတော်ဆောင် အဖွဲ့တစ်ဦး တစ်ယောက်၏ အကျိုးအတွက် သုံးစွဲရန် ကောက်ခံခြင်း မဟုတ်ပါ။ အ-ထ-က (ခွဲ) စငေါကျောင်း အတွက် လိုအပ်သည့် နေရာများတွင် သုံးစွဲရန် ရည်ရွယ်၍ ကောက်ခံခြင်း ဖြစ်ပါသည်။
သို့ဖြစ်ရာ ဤကဲ့သို့ လုပ်ကိုင် ဆောင်ရွက်ရခြင်းမှာ ကျောင်းအကျိုးတော်ဆောင် အဖွဲ့၏ အကျိုးအတွက် ကောက်ခံခြင်းမဟုတ်ပါ။ အဖွဲ့ဝင် တစ်ဦးတစ်ယောက် အတွက် ကောက်ခံခြင်း မဟုတ်ပါ။
မိမိတို့ ဒေသအတွင်းရှိ တိုင်းရင်းသားအားလုံး တို့၏ ပညာရေးကို ရှေးရှု မျှော်မှန်း၍ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေနိုင်ရန်၊ သင့်လျော်သော အတန်းတိုင်းတွင် ပညာဆက်လက် သင်ကြားနိုင်ရန် စသော ရည်မှန်းချက် ပညာရေး လောဘကြောင့် ယခုလို စည်းမျဉ်းစည်းကမ်းများ ချမှတ် ကောက်ခံ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ သို့ဖြစ်ပါ၍  ယခင် သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများ ရှိသော်လည်း ကျောင်းထွက်သော ကျောင်းသား/ သူ များ ရှိနေသဖြင့် ကျောင်းနေအရွယ် ကလေးများ၏ ရှေ့ရေးကို မျှော်မှန်း၍ ၂၀၁၁- ၂၀၁၂ ပညာသင်နှစ်တွင် ထပ်မံ၍ ဒေသတွင်းရှိ ရပ်မိရပ်ဖနှင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့ စည်းဝေးဆုံးဖြတ်ချက်ဖြင့် ကျောင်းသား/ သူ တစ်ဦး ကျောင်းထွက်ပါက ကျောင်းရံပုံငွေ အဖြစ် ခြောက်သိန်း (၆၀၀၀၀၀) ကျပ် တိတိ ပေးဆောင်ရန် ဆုံးဖြတ် ခဲ့ပါသည်။ သို့ပါ၍ ၂၀၁၃ - ၂၀၁၄ ပညာသင်နှစ်တွင် ကျောင်းသား/ သူ မိဘများသည် ဘိန်းစိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်နေသဖြင့် တစ်ရက်လျှင် လုပ်အားခ ငါးထောင် (၅၀၀၀) ကျပ် ရရှိနေသဖြင့် ကျောင်းနေအရွယ် ကလေးများကို ကျောင်းထွက်ခိုင်းပြီး အလုပ်လုပ်ခိုင်း နေသည်ကို သိရှိရပါသဖြင့် ကျောင်း အကျိုးတော်ဆောင် အဖွဲ့မှ သတ်မှတ်ထားသော စည်းကမ်းအတိုင်း အရေးယူ ဆောင်ရွက်ခဲ့သော်လည်း လိုက်မနာ၊ ဆွေးနွေးဖို့ရန် ခေါ်ယူတွေ့ဆုံ ခဲ့သော်လည်း လာရောက်တွေ့ဆုံ ဆွေးနွေးခြင်း မရှိပါသဖြင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့မှ ပအိုဝ်းအမျိုးသားတပ်မတော်၊ တပ်ရင်း (၂)၊ တပ်ခွဲ (၄) အား ကျောင်းသား/ သူများ ကျောင်းမထွက်နိုင်ရေး အတွက် အကူအညီ တောင်းခံသဖြင့် ဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။
ယခုပြဿနာ ဖြစ်စဉ်မှ တိုင်ကြားသူသည် သူတို့၏ ဘိန်းစိုက်ပျိုးရာသို့ ဓါတ်မြေသြဇာ တင်ပြီး သွားလာရင်း ဆိုင်ကယ်တိမ်းမှောက် ခဲ့ခြင်းဖြစ်ပြီး ဆေးရုံသို့ တက်ရောက် ကုသ ခံယူရခြင်းသာ ဖြစ်ပါသည်။ ၄င်းဖြစ်ရပ်ကို အကြောင်းပြ၍ ပအိုဝ်းအမျိုးသား တပ်မတော်၊ တပ်ရင်း (၂)၊ တပ်ခွဲ (၄) မှ ရိုက်နှက်ခြင်းဟု တင်ပြခဲ့ပါသည်။ ၄င်း သတင်းသည် မဟုတ်မမှန်သော သတင်းသာ ဖြစ်သည်။ သို့ပါ၍ သတင်းပေးပို့သူမှာ လိမ်ညာပြီး တိုင်ကြားခြင်း ဖြစ်ပါသည်။ ၄င်းကိစ္စကို အကြောင်းပြုပြီး မသမာသူ စီးပွားရေး လောဘသားများမှ ဘိန်းစိုက်ပျိုးသူများအား ငွေအားဖြင့် အတိုးအမြတ် ယူပြီး ချေးငှားခြင်း၊ ဘိန်းစိုက်ပျိုးမှုကို အားပေးမှုကြောင့် ကျောင်းသား/ သူ မိဘများမှ ၄င်းတို့၏ ကျောင်းနေအရွယ် သားသမီးများကို ဘိန်းခြံသို့ အလုပ်လုပ် စေခိုင်းမှုကြောင့် ကျောင်းထွက်မှုများ တစ်စတစ်စ ပိုများပြားလာမည်ကို စိုးရိမ်သဖြင့် ယခုလို တပ်ရင်း(၂)၊ တပ်ခွဲ(၄) အား အကူအညီ တောင်းခံပြီး ဆောင်ရွက်ရခြင့်း ဖြစ်ပါသည်။
၎င်း ကျောင်းနေအရွယ် ကလေးများ၏ အနာဂတ်အတွက် ကျောင်း အကျိုးတော်ဆောင် အဖွဲ့နှင့် ဆောင်ရွက်သော်လည်း အဆင်ပြေ ချောမောခြင်း မရှိသဖြင့် ယခုလို အကူအညီ တောင်းခံရခြင်း ဖြစ်ပါသည်။ ၄င်းကျေးရွာတွင် ယခုနှစ်၌ ဘိန်းစိုက်ပျိုးမှု ပိုမိုများပြား လာသဖြင့် ယခုလို ပြဿနာ ပေါ်ပေါက်လာရခြင်း ဖြစ်ပါသည်။
ယခင်နှစ်တွင် ယခုနှစ် ပြဿနာမျိုး မဖြစ်ခဲ့ဖူးပါ။ ထို့ကြောင့် ယခုလို ပြဿနာမျိုး လျော့ပါးရေး အတွက် ဘိန်းစိုက်ပျိုးမှု ကင်းရှင်းအောင် တားမြစ်ပေးမည်ဆိုလျှင် ဒီလို ပြဿနာမျိုး လျော့ပါးလာပါမည်ဟု ကျွန်တော်တို့ ကျောင်း အကျိုးတော်ဆောင် အဖွဲ့မှ ယုံကြည်မိပါသည်။ ယခုကိစ္စနှင့် ပတ်သက်၍ ကျောင်းနေအရွယ် ကလေးများ ကျောင်းနေတည်မြဲရေး အတွက် ရပ်မိရပ်ဖများနှင့် ကျောင်း အကျိုးတော်ဆောင် အဖွဲ့မှ ပအိုဝ်းအမျိုးသားတပ်မတော်၊ တပ်ရင်း (၂)၊ တပ်ခွဲ(၄)ကို ၀ိုင်းဝန်း ဆောင်ရွက် ပေးရန် အကူအညီ တောင်းခံခြင်းကြောင့် တပ်ရင်း(၂)၊ တပ်ခွဲ (၄)နှင့် လုံးဝ မသက်ဆိုင်ကြောင်း ရပ်မိရပ်ဖနှင့် ကျောင်း အကျိုးတော်ဆောင် အဖွဲ့၏ တာဝန်သာဖြစ်ကြောင်း အောက်ပါအတိုင်း ၀န်ခံကတိ လက်မှတ်ရေးထိုး အပ်ပါသည်။

ကျောင်းအကျိုးတော်ဆောင်အဖွဲ့
အ-ထ-က (ခွဲ) စငေါ                                                                 

စငေါ အ-ထ-က (ခွဲ) ကျောင်းအကျိုးတော်ဆောင်အဖွဲ့၏ ရှင်းလင်းချက် မူရင်း

                                       

Sangaw School Case -
Powered by Blogger.