Monday, September 23, 2013

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေး ကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်



ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေးကို တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)  ဗဟိုဌာနချုပ်ရုံးတွင် (၂၁.၉.၂၀၁၃) ရက် စနေနေ့ နံနက် (၉း၀၀) နာရီမှ ညနေ (၄း၄၅) နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


အဆိုပါအစည်းအဝေးသို့ (PNO) ဗဟိုကော်မတီဝင်များနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၇၁) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေးမှ အောက်ပါဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပါသည် -

၁။  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုကော်မတီ၏ ပထမကြိမ် ဗဟိုကော်မတီ အစည်းအဝေးသို့ တင်သွင်းသည့် ဗဟိုကော်မတီ၏ အစီရင်ခံစာကို အတည်ပြုသည်။

၂။    ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၏ ဖွဲ့စည်းပုံစည်းမျဉ်း ကို အတည်ပြုသည်။

၃။    ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဖွဲ့စည်းပုံ စည်းမျဉ်း၏ ပညာရေး မူဝါဒတွင် - 
  •  (က)    ပအိုဝ်းအမျိုးသားတိုင်း ပအိုဝ်းစာပေ သင်ကြားနိုင်ရေးနှင့်          ပအိုဝ်းစာပေကို လေ့လာသင်ယူလိုသူတိုင်း    ပအိုဝ်းစာပေ သင်ကြားပေးနိုင်ရေး။
  •    (ခ)    ပအိုဝ်းဒေသတွင်း ဆင်းရဲနွမ်းပါး၍ ပညာရည်ထူးချွန်သော ပုဂ္ဂိုလ်များအား ပညာသင်ထောက်ပံ့ကြေး ပေးနိုင်ရေး။
၎။  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဖွဲ့စည်းပုံစည်းမျဉ်းတွင် လုံခြုံရေးနှင့် ကာကွယ်ရေး မူဝါဒကို လာမည့် ဗဟိုကော်မတီ အစည်းအဝေးတွင် ထည့်သွင်းရေးဆွဲ အတည်ပြုရန်။

၅။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်းတွင် ပါရှိသည့် တိုင်းရင်းသား လူမျိုးများ ဆိုသည်မှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကို ပင်ရင်းနိုင်ငံအဖြစ် သတ်မှတ်၍ စဉ်ဆက်မပြတ် နေထိုင်ခဲ့ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း လူမျိုးများနှင့် ယင်းတို့၏ မျိုးနွယ်စုများကို ဆိုသည်။ ယင်းစကားရပ်တွင် နိုင်ငံသားပြုခွင့်ရသူများနှင့် ဧည့်နိုင်ငံသားများ မပါဝင် ဆိုသော စကားရပ်ကို ကန့်ကွက်သည်။

၆။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အနေဖြင့် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်းတွင် “တိုင်းရင်းသား လူမျိုးများ ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို ပင်ရင်းနိုင်ငံအဖြစ် သတ်မှတ်၍ စဉ်ဆက်မပြတ် နေထိုင်လာခဲ့ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ၀ နှင့် လူဦးရေ ၀.၁ % (ရာခိုင်နှုန်း) အထက်ရှိသော တိုင်းရင်းသားမျိုးနွယ်စုများကို ဆိုသည်”  ဟူသော စကားရပ်ကို ထည့်သွင်းသွားရန်အတွက် ဥပဒေကြမ်းကော်မတီသို့ တင်ပြသွားရန် သဘောတူ အတည်ပြုသည်။

ရ။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပယ်ဖျက်၍  အသစ်ရေးဆွဲမည်ကို လက်မခံ၊ ကန့်ကွက်ပါကြောင်း သဘောတူ ဆုံးဖြတ်သည်။

၈။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အနေဖြင့် ၂၀၀၈  ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို လေးလေးနက်နက် ထောက်ခံပါကြောင်း ဆုံးဖြတ်သည်။

၉။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မည့်အပေါ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၏ သဘောထားမှာ တရားဥပဒေစိုးမိုး၍ တည်ငြိမ်အေးချမ်းသော၊ ဖွံ့ဖြိုးတိုးတက်သော၊ စည်ပင်ဝပြောသော၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးကို အပြည့်အ၀ ရရှိစေသော၊ တိုင်းရင်းသားများ မိမိကိုယ်ပိုင် အင်္ဂါရပ်နှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးကို အပြည့်အ၀ အာမခံချက် ပေးနိုင်သော၊ အာဏာခွဲဝေကျင့်သုံးမှု၊ သံယံဇာတ ခွဲဝေကျင့်သုံးမှု၊ ညီညွတ်မျှတသော ပြည်ထောင်စုပုံစံကို အပြည့်အ၀ ဖော်ဆောင်ပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးကို ဆောင်ရွက်သွားရန် သဘောတူဆုံးဖြတ်သည်။

၁၀။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၏ ပအိုဝ်းလူငယ်ကွန်ယက် (PYN) “ပအိုဝ်;လို,ယွဲအာ;ရဲင်,စွို,”  ဖွဲ့စည်းပုံ စည်းမျဉ်းကို အတည်ပြုသည်။

၁၁။ တက်ရောက်လာသည့် ဗဟိုကော်မတီများ၏ တစ်ဦးချင်း အကြံပြုဆွေးနွေးချက် များကို သေချာစွာ မှတ်တမ်းတင်ပြီး လက်ငင်း ဆောင်ရွက်၍ရသည်များကို လက်ငင်း ဆောင်ရွက်သွားရန်နှင့် အချိန်ယူစဉ်းစားဆုံးဖြတ်ရန် ကိစ္စများကို လာမည့် ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ် အကောင်အထည်ဖေါ်ရန် ဆုံးဖြတ်သည်။







Powered by Blogger.