တောင်ကြီး၊ နိုဝင်ဘာလ (၂၈) ရက်၊ ၂၀၁၃ ခုနှစ်
ဓါတ်ပုံ - ခွန်မျိုးထွန်း |
ပအိုဝ်းအမျိုးသား ဘောလုံးအဖွဲ့ (PNFC) မှ ကြီးမှူးပြီး နှစ်စဉ် ကျင်းပမြဲဖြစ်သော ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ နောင်ကားစံပြကျေးရွာ၊ နောင်ကား ဘောလုံးပြိုင်ပွဲကြီးအား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီအဖွဲ့ဝင်များ အစည်းအဝေးကို (၂၇.၁၁.၂၀၁၃) ရက်နေ့တွင် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) ဗဟိုဌာနချုပ်ရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကြီးကို အကြီးတန်းနှင့် လူသစ်တန်း ဟူ၍ (၂) တန်းခွဲ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် စတင် ကျင်းပမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် အသင်းများမှ ဒီဇင်ဘာလ (၂၀) ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းရမည်ဖြစ်ပြီး၊ ၄င်းနေ့တွင်ပင် မဲနှိုက် အုပ်စုခွဲသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ပြိုင်ပွဲစည်းကမ်းချက် အနေဖြင့် အကြီးတန်းပြိုင်ပွဲတွင် မည်သူမဆို ပါဝင်နိုင်ပြီး၊ လူသစ်တန်းပြိုင်ပွဲတွင်မူ ပြည်နယ်နှင့်တိုင်း၊ တပ်မတော် ကြည်း၊ ရေ၊ လေ လက်ရွေးစင်အဖြစ် အရွေးခံ ခဲ့ဖူးသူများ ပါဝင်ယှဉ်ပြိုင်ခွင့် မပြုကြောင်း သိရှိရသည်။
ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသော အသင်းများအနေဖြင့် နောင်ကားစံပြကျေးရွာရှိ ပြိုင်ပွဲ ကျင်းပရေး ကော်မတီရုံးတွင် သော်လည်းကောင်း၊ ရွှေပအိုဝ်း အားကစားပစ္စည်းဆိုင်တွင် သော်လည်းကောင်း စာရင်းပေးသွင်းနိုင်ကြောင်း သိရှိရပါသည်။

Like On Facebook
Follow On Twitter
Subscribe On RSS