Thursday, December 5, 2013

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၏ ပအိုဝ်းလူငယ်ကွန်ရက် (PYN) ပင်လောင်းမြို့နယ်၊ မြို့နယ်အဆင့် ရွေးချယ်တင်မြှောက်ရေး အခမ်းအနား ကျင်းပ

တောင်ကြီး၊ ဒီဇင်ဘာလ (၆) ရက်၊ ၂၀၁၃  ခုနှစ်


ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၏ ပအိုဝ်းလူငယ်ကွန်ရက် (PYN) မြို့နယ်အဆင့် ရွေးချယ်တင်မြှောက်ရေး အခမ်းအနားကို (၂-၁၂-၂၀၁၃) ရက်နေ့တွင် ပင်လောင်းမြို့နယ်၊ ရင်းမှီးကျေးရွာအုပ်စု၊ မြသိန်းတန်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ အခမ်းအနားသို့ ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်သောင်း၊ စန္တာခမ်း၊ ခမ်းဗွေ ဦးခွန်ဂျိုးဇက်၊ နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PN0) ဗဟိုဌာနချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ ဒေသခံတာဝန်ရှိ ပါတီကိုယ်စားလှယ်များ အပါအ၀င် လူငယ်ကွန်ယက်အဖွဲ့ဝင် မောင်မယ်လူငယ်များ တက်ရောက်ခဲ့ပါသည်။


အခန်းအနားတွင် ဦးစွာပထမ ဘုရား၊ တရား ၊သံဃာ ရတနာမြတ်သုံးပါးကို ဦးထိပ်ထားပြီး မြသိန်းတန်ကျောင်းတိုက် ဆရာတော်အား ပူဇော်ကန်တော့၊ သြ၀ါဒကိုခံယူကာ အခမ်းအနားကို (၁၁း၀၀)နာရီ အချိန်တွင် ဖွင့်လှစ်ခဲ့ပါသည်။ ဆက်လက်၍ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PN0) ဗဟိုလူငယ်ကွန်ယက် ရွေးချယ်တင်မြှောက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးခွန်မြအောင်မှ (PYN) ပအိုဝ်းလူငယ်ကွန်ယက် ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား ခဲ့ပါသည်။


ဆက်လက်၍ ပင်လောင်းမြို့နယ်၊ မြို့နယ်အဆင့် ပအိုဝ်းလူငယ်ကွန်ယက်အဖွဲ့ကို  ပင်လောင်းမြို့နယ်မှ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသော ဦးခွန်ဝင်းနောင်၊ ဦးခွန်ဇော်ဟိုက်၊ ဦးခွန်ရိန်း၊ ဦးခွနှ်ဗိုလ်ဒင်၊ ဦးခွန်အောင်ကျော်စိုး၊ ဦးခွန်အောင်သိန်း နှင့် ဦးခွန်အောင်ခမ်းတို့မှ ဦးဆောင်၍ မြို့နယ်အဆင့် ရွေးချယ်ပုံ အဆင့်ဆင့်ကို ရှင်းလင်းပြောကြာပြီး ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှုး၊ တွဲဘက်အတွင်းရေးမှုးများနှင့် မြို့နယ်အလုပ်အမှုဆောင် (၁၅) ဦးကို ရွေးချယ်တင်မြှောက်ခဲ့ရာ ဒေါက်တာခွန်စိုးမိုးကျော်မှ (၅၈) မဲဖြင့် ပင်လောင်းမြို့နယ်   ပအိုဝ်းလူငယ်ကွန်ယက် ဥက္ကဌ အဖြစ် ရွေးချယ်တင်မြောက် ခံခဲ့ရပါသည်။


ဆက်လက်ပြီး ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်သောင်းမှ ယနေ့ကဲ့သို့ ရွေးချယ်တင်မြောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပပြုလုပ်နိုင်ခဲ့သည့်အတွက် ကျေးဇူးတင်ဝမ်းသာမိပါကြောင်းနှင့် အဘက်ဘက်မှ ကူညီပေးခဲ့ကြသော တာဝန်ရှိပုဂ္ဂိုလ်များအား ကျေးဇူးအထူး တင်ရှိပါကြောင်း၊ ဆက်လက်၍ ပအိုဝ်းလူငယ်ကွန်ယက်အဖွဲ့ ဖွဲ့စည်းရခြင်းနှင့် ပတ်သက်၍ လူငယ်များ နောင်တစ်ချိန်တွင်  မိမိတို့ အမျိုးသားအပေါ် ဘက်ပေါင်းစုံ အကျိုးပြုနိုင်သော ခေါင်းဆောင်ကောင်းများ ထွက်ပေါ်လာစေရန် ရည်ရွယ်ပါကြောင်း။ မိမိတို့ ပအိုဝ်းလူမျိုးများသည် ယခုနောက်ပိုင်းတွင် ပညာတတ်များ များပြားလာသော်လည်း နိုင်ငံရေးအပေါ်၊ အမျိုးသားရေးအပေါ် စိတ်ဝင်စားမှု အားနည်းနေခဲ့သည်မှာ ၀မ်းနည်းဖွယ် တွေ့ရှိရပါကြောင်း၊ သို့သော် ယနေ့ကဲ့သို့ လူငယ်များထံမှ မိမိတို့အမျိုးသားများအပေါ် တတ်စွမ်းသမျှ အလုပ်အကြွေးပြုသွားမည် ဆိုသော စကားသံများကို ကြားမိသောကြောင့် လူငယ်မောင်မယ်များအတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် လူငယ်မောင်မယ်များအား ဒီမြစ်ရေဟာ ဘယ်ဖြစ်ဖျားကနေ ခံလာသလဲ။ မိမိတို့ပအိုဝ်းလူမျိုးများသည် ဘယ်ကနေ ဆင်းသက်ပေါက်ဖွားလာခဲ့ပါသလဲ။ မိမိတို့အမျိုးသားခေါင်းဆောင် အဆက်ဆက် မည်သို့ ကြိုးစားလာခဲ့ကြောင်းနှင့် ယခုလက်ရှိ ပအိုဝ်းလူမျိုးများ၏ ဘ၀အခြေအနေ ဘယ်အဆင့်သို့ ရောက်ရှိနေပြီလဲ ဆိုသည်ကိုလည်း လေ့လာသင့်ကြောင်း။ ယခင်မိမိတို့ ပအိုဝ်းလူမျိုးများသည် ပအိုဝ်းဟု အမည်မတွင်ခင် တောင်သူဟု ခေါ်တွင်ခဲ့ကြကြောင်း၊ မိမိတို့ဘ၀သည် အမျိုးမျိုး ဖိနှိပ်ချုပ်ချယ်မှုကို ခံခဲ့ရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် စည်းလုံးညီညွတ်မှုရှိရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီ ခေတ်ရေစီးကြောင်းအရ မိမိတို့အနေဖြင့် ပြောပိုင်ခွင့်၊ ဆိုပိုင်ခွင့် စသည့်အခွင့်အရေးများ ရရှိနေပြီဖြစ်ကြောင်း။ သို့သော်မိမိတို့အနေဖြင့် ယခင်အတွေးအခေါ်၊ အုပ်ချုပ်မှုပုံစံအတိုင်း ဆက်လက်သွားနေပါက မိမိတို့ နောက်ကျကျန်ခဲ့မည်ဖြစ်ကြောင်း။ ထို့ကြောင့် မိမိတို့လူငယ်များသည် ယခုလက်ရှိ ခေတ်ရေစီးကြောင်းနှင့်အညီ တတ်သိ သိရှိထားသော ပညာရပ်များနှင့် မိမိတို့၏ အမျိုးသားအကျိုးကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း။ မိမိတို့ ပအိုဝ်းအမျိုးသားများ၏ အနာဂါတ် အဆိုးအကောင်းသည် လူငယ်များ၏ လက်ထဲတွင်ရှိကြောင်းနှင့် မိမိလူမျိုးအကျိုးကို ဆထက်ထမ်းပိုး သယ်ပိုးနိုင်ကြပါစေကြောင်း အားပေးတိုက်တွန်း ပြောကြားသွားခဲ့ပါသည်။


ဆက်လက်ပြီး စန္တာခမ်း၊ ခမ်းဗွေ ဦးခွန်ဂျိုးဇက်မှ ယနေ့ကဲ့သို့ တက်ရောက်လာသော လူငယ်မောင်မယ်များ ရပ်မိရပ်ဖများ အပါဝင် တာဝန်ရှိ ပုဂ္ဂိုလ်များအားလုံးကို ရိုသေလေးစားပါကြောင်းနှင့် မိမိအနေဖြင့် လူငယ်အပေါ် ယုံကြည်အားကိုးပါကြောင်း၊ မိမိတို့ အမျိုးသားအကျိုးကို ပိုမိုထမ်းဆောင်နိုင်ပြီး ထူးချွန်ထက်မြက်သော ခေါင်းဆောင်များဖြစ်အောင် ကြိုစားကြစေလိုကြောင်း အားပေးတိုက်တွန်း ပြောကြားပြီး ညနေ (၅း၃၀)နာရီ အချိန်တွင် အခမ်းအနား အစီစဉ်ကို ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။


   

                                        ခွန်ပျူခမ်း


Powered by Blogger.