Tuesday, March 25, 2014

လင်းခေးမြို့နယ်အတွင်း ဌာနေပအိုဝ်းတိုင်းရင်းသားများအတွက် စိန်ခေါ်မှုများနှင့် ၂၀၁၄ သန်းခေါင်စာရင်း

တောင်ကြီး၊ ၂၀၁၄ ခုနှစ် မတ်လ(၂၆)ရက်


 မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီး သန်းခေါင်စာရင်းများကို နှစ်ကြိမ်သာကောက်ယူခဲ့ပြီး ယခု လာမည့် ၂၀၁၄-ခုနှစ် မတ်လ (၃၀) ရက်နေ့မှ ဧပြီလ (၁၀)ရက်နေ့ အထိ (၁၂)ရက်ကြာ ကာလအတွင်း တတိယအကြိမ် အဖြစ် ထပ်မံကောက်ယူမည် ဖြစ်ပါသည်။ ထိုသို့ ကောက်ယူရာတွင် ပြည်သူလူထုများ နားလည်ပြီး တက်ကြွစွာ ပါဝင်စေရေး အတွက် အစိုးရ ဌာနဆိုင်ရာများက နည်းလမ်းမျိုးစုံဖြင့် လှုံ့ဆော်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျှက် ရှိပါသည်။ သန်းခေါင်စာရင်း ကောက်ယူရာတွင် ပအိုဝ်းအမျိုးသားများ အနေဖြင့် တက်ကြွစွာ ပါဝင်နိုင်ရေး အတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)မှ ဦးဆောင်၍ ပအိုဝ်း လူမျိုး များ နေထိုင်ရာမြို့နယ်၊ ဒေသများတွင် လှုံ့ဆော်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျှက် ရှိပါသည်။ သန်းခေါင်စာရင်း ကောက်ယူမည့် ကိစ္စများကို ပြည်သူလူထုများ နားလည် သဘောပေါက်အောင် တတ်စွမ်း သမျှ ပညာပေး ဟောပြောခြင်း၊ အစမ်းကောက်ခြင်း၊ လက်ကမ်းစာစောင် ပေးဝေခြင်း များကို  ဆောင်ရွက်နေပါသည်။


ထိုသို့ ဆောင်ရွက်ရာ (၁၉.၃.၂၀၁၄) ရက်နေ့မှ (၂၅.၃.၂၀၁၄) ရက်နေ့ အထိ လင်းခေးမြို့နယ်၊ ပန်တ၀ိဒေသ အတွင်းရှိ ပအိုဝ်းရွာများ ဖြစ်သော ထီတယ်(နမ့်တယ်)၊ ထီရီး၊ ပင်စွန်၊ စံပူး၊ ပန်တ၀ိ (ပင်တ၀ီး)၊ ပုံးလောင်း(ပုံလောဝ်)၊ ဟွေနိန်း၊ လောဝ်ယောဝ်၊ ပင်တခ၊ နောင်လဲင်၊ ကုန်းလဲင်၊ မဲုင်ထွန်ရွာ များသို့ သန်းခေါင်စာရင်းကောက်ယူရာတွင် ပအိုဝ်းပြည်သူလူထုများအနေဖြင့် နားလည်ပြီး တက်ကြွစွာ ပါဝင်စေရန် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ဗဟိုဌာနချုပ်ရုံးမှ ပညာပေး  ဟောပြောပွဲများ  ပြုလုပ်ခဲ့ပါသည်။ ရွာတိုင်း ဟောပြောပွဲပြုလုပ်ရန် လမ်းပန်းဆက်သွယ်ရေး အဆင်မပြေသောကြောင့် (၂၁.၃.၂၀၁၄) ရက်နေ့တွင် ထီတယ်(နမ့်တယ်)၊ ထီရီးနှင့် ပင်စွန်ရွာများကို စုပေါင်းပြီး ထီတယ်(နမ့်တယ်)ရွာ စာသင်ကျောင်းတွင် လည်းကောင်း၊ (၂၂.၃.၂၀၁၄) ရက်နေ့တွင် ပုံးလောင်းရွာတွင် လည်းကောင်း၊ (၂၄.၃.၂၀၁၄) ရက်နေ့တွင် ပန်တ၀ိ(ပင်တ၀ီး)၊ ဟွေနိန်း၊ လောဝ်ယောဝ်၊ စံပူးရွာများကို စုပေါင်းပြီး ပန်တ၀ိ(ပင်တ၀ီး) ဘုန်းကြီး ကျောင်းတွင် လည်းကောင်း အသီးသီး ပြုလုပ်ခဲ့ပါသည်။


၎င်းဒေသတွင် နေထိုင်သည့် ပအိုဝ်းလူမျိုး များသည် နှစ်ပေါင်းများစွာ ကတည်းက နေထိုင်ခဲ့ကြ သော်လည်း လူနည်းစု ဖြစ်နေသည့် အတွက် မိမိအမျိုးသားစာပေ သင်ကြားရန် အခွင့်အရေး ဆုံးရှုံးလျှက်ရှိပြီး ဘာသာစကား ပြောဆို အသုံးပြုရာ၌လည်း အားနည်းနေသောကြောင့် လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် လည်းကောင်း၊ သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးအမည်မှန် ရရှိရန် စိန်ခေါ်မှု တစ်ရပ်ကဲ့သို့ ဖြစ်နေပါသည်။ အခြားသော ဒေသများတွင်လည်း အမျိုးမျိုးသော စိန်ခေါ်မှုများ ရှိနိုင်ပါသည်။ သို့သော် မည်သို့ပင် ဖြစ်စေကာမှု ပအိုဝ်းသွေး၊ ပအိုဝ်းသား၊ ပအိုဝ်းမိဘများမှ မွေးဖွေးလာကြသော ပအိုဝ်းလူမျိုးများ အားလုံးသည် သန်းခေါင်စာရင်း ကောက်ယူချိန်တွင် မိမိတို့၏ လူမျိုးအမည် အမှန်ဖြစ်သော “ပအိုဝ်း” ကို ထည့်ကြရန်မှာ အလွန် အရေးပါသော အမျိုးသားတာဝန် တစ်ရပ်ပင် ဖြစ်ပါသည်။ လူမျိုးရေး အခွင့်အရေးများနှင့် အခြားသော ဒေသဆိုင်ရာ အခွင့်အရေးများကို မဆုံးရှုံးရလေအောင် ပအိုဝ်း လူဦးရေအမှန် ရရှိရန် လိုအပ်ပါသည်။ ထို့ကြောင့် ဒေသအသီးသီးရှိ ပအိုဝ်းလူမျိုးများ အနေဖြင့် မိမိတို့၏ ကိုယ်ပိုင် အခွင့်အရေးများကို အကာအကွယ် ပြုနိုင်ရန်နှင့် နိုင်ငံတွင်း ပအိုဝ်းတို့၏ လုပ်ငန်းများကို ပိုမို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပအိုဝ်းလူအင်အား ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပေသည်။ လူ့စွမ်းအား အရင်းအမြစ်များ ဆက်လက် မွေးထုတ်ရမည့် ရာခိုင်နှုန်းနှင့် ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို သိရှိလာနိုင်မည် ဖြစ်သည်။ ယခုအချိန်တွင် နိုင်ငံရေး အခွင့်အရေးများ ပွင့်လင်းလာပြီဖြစ်၍ နိုင်ငံရေး အသိအမြင်များ နိုးကြားတက်ကြွစွာဖြင့် မိမိတို့၏ ကိုယ်ပိုင် အခွင့်အရေးများကို အကာအကွယ် ပြုနိုင်ရန် နည်းမျိုးစုံ သုံး၍ ပါဝင်သင့်သည်။ မိမိတို့၏ အမျိုးသားရေး လုပ်ငန်းများတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်နိုင်ရန် သန်းခေါင်စာရင်း ကောက်ယူချိန်တွင် တက်ကြွစွာ ပါဝင်နိုင်သည့် အခွင့်အရေးတစ်ရပ် ရောက်ရှိလာပြီဖြစ်သည်။ ထို့ကြောင့် နိုးကြားသောနိုင်ငံသား၊ မျိုးချစ်စိတ်ဓာတ် ပြည့်ဝသော ပအိုဝ်းပြည်သူ တစ်ဦးပီသ လာစေရန် မိမိတို့အနေဖြင့် သန်းခေါင်စာရင်း ကောက်ယူချိန်တွင် ပအိုဝ်းလူမျိုး အစစ်အမှန် ဖြစ်ကြောင်း ဖြေကြားခြင်းဖြင့် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန် အလွန်လိုအပ်လှပါကြောင်း တိုက်တွန်းရေးသား လိုက်ရပါသည်။

ခွန်သွောင်းထို
Powered by Blogger.