Tuesday, March 18, 2014

ဖြားတန်အောင်ခမ်းထီ ဆိုက်ခေါင်ဒေသ ပြည်သူလူထုနှင့်တွေ့ဆုံ



တောင်ကြီး၊ ၂၀၁၄ ခုနှစ် မတ်လ(၁၈)ရက်
ဖြားတန်အောင်ခမ်းထီ နှင့် PNO တာဝန်ရှိသူများ (၁၈.၃.၂၀၁၄)ရက်နေ့ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ် ကျေးရွာအုပ်စု၊ ဆိုက်ခေါင် စံပြရွာရှိ ကန်တန် ဘုန်းတော်ကြီးကျောင်းတွင် ပြည်သူလူထုနှင့် တွေ့ဆုံပြီး၊ သြ၀ါဒစကားများ ပြောကြားခဲ့သည်။

နံနက် (၁၀း၀၀) နာရီချိန် ဆိုက်ခေါင် စံပြရွာတွင် ရောက်ရှိကာ ဆီဆိုင်ပြည်နယ် လွှတ်တော်အမတ် ဦးခွန်မောင်ပယ် နှင့် ဦးခွန်လှသိန်း၊ သူရိယခမ်း ခမ်းဗွေ ဖြားတန်လှမြင့်၊ ရပ်မိရပ်ဖများနှင့် ပြည်သူ့အင်အား (၁၃၀၀)ခန့် ရိုးရာ အိုးစည်ဗုံမောင်း များဖြင့် ကြိုဆိုခဲ့ပါသည်။
၎င်းနောက်  ပအိုဝ်းအမျိုးသား တပ်မတော်(PNA) အသွင်ပြောင်း ပြည်သူ့စစ် (ဌာန)အဖွဲ့ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးခွန်လာ မှ “ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမည့်ကိစ္စနှင့် ပတ်သက်ပြီး ပအိုဝ်းပြည်သူ ပအိုဝ်းလူမျိုးတွေ အမှန်အကန် လူဦးရေ ထွက်ပေါ်စေနိုင်ရေး အတွက် ပအိုဝ်းလူမျိုး ပအိုဝ်းတိုင်းမှာ တာဝန်ရှိပါတယ် ယခုလက်ရှိ ပအိုဝ်းလူဦးရေမှာ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးထဲမှာ အနည်းဆုံး (၁၃)သိန်းထက်မနည်း ရှိနေတယ် လာမယ့် ဧပြီလတွင် သန်းခေါင်စာရင်း ကောက်ခံမည် ဆိုပါက လူမျိုးတစ်မျိုးနှင့် တစ်မျိုး မရောနှောဖို့ လိုအပ်ပါတယ် အဝေးရောက်သူများ ဆေးရုံ ဆေးခန်း တက်နေသူများ နိုင်ငံခြား (သို့မဟုတ်) အနယ်နယ် အရပ်ရပ် ရောက်ရှိသူများ ပါမကျန် ကောက်ခံမည် ဖြစ်တဲ့အတွက် ပအိုဝ်းတိုင်းမှာ ပအိုဝ်းလူမျိုး စာရင်းထဲ ထည့်ဖို့ လိုအပ်တယ်” ဟု တိုက်တွန်း ပြောကြားပါသည်။

ဖြားတန်အောင်ခမ်းထီ က ပအိုဝ်းလူမျိုးသမိုင်းနှင့် ပအိုဝ်းလူမျိုး ပျံ့နှံ့နေထိုင်ပုံ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO) ပေါ်ပေါက်လာပုံ၊ (PNO)ငြိမ်းချမ်းရေး မယူခင်ကာလနှင့် ငြိမ်းချမ်းရေးရယူပြီး အစိုးရနှင့် လက်တွဲ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ခဲ့ပုံ အဆင့်ဆင့် ရှင်းလင်းဟောပြောပြီး သန်းခေါင်စာရင်း ကောက်ခံရာတွင် ဒေသခံပြည်သူများ အားလုံးအနေဖြင့် မှန်မှန်ကန်ကန် ဖြေကြားဖြည့်စွက်ပေးရန် လိုအပ်မည်။ အသင်းအဖွဲ့ NGO ပေါင်းစုံ၊ ပါတီပေါင်းစုံရှိပြီး လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် နည်းမျိုးစုံဖြင့် ၄င်းတို့ ပါတီမဲ ရရှိရေးအတွက် မိဘပြည်သူများအား စည်းရုံးလာပါက မိမိတို့လူမျိုး ဘာသာ သာသနာ ဓလေ့ထုံးတမ်း အစဉ်အလာ စာပေ ယဉ်ကျေးမှုနှင့် ဘက်ပေါင်းစုံ ဖွံ့ဖြိုးရေး လုပ်ငန်းများကို အကျိုးပြုမပြု ပအိုဝ်းဒေသရှိ လူမျိုးပေါင်းစုံနှင့် ပအိုဝ်းလူမျိုးများအတွက် အမှန်တကယ် အလုပ်လုပ်ပေးမည့် အဖွဲ့ဟုတ်မဟုတ် စဉ်းစားချင့်ချိန်ပြီး မဲပေးမမှားကြရန် မှာကြားခဲ့ပါသည်။

အလားတူ (၁၁.၃.၂၀၁၄) ရက်နေ့တွင် တောင်ကြီးမြို့နယ်၊ နောင်ပစ် ကျေးရွာအုပ်စု၊ နောင်ပစ် ဘုန်းတော်ကြီး ကျောင်းတွင်လည်းကောင်း၊ (၁၃.၃.၂၀၁၄) ရက်နေ့တွင် တောင်ကြီးမြို့နယ်၊ ပေါမူ ဘုန်းတော်ကြီးကျောင်း တွင်လည်းကောင်း၊ (၁၄.၃.၂၀၁၄)ရက်နေ့ ဟိုပုံးမြို့နယ်၊ ကျောက်တန်း စံပြရွာ တွင်လည်းကောင်း ပြည်သူလူထုများနှင့် တွေ့ဆုံဟောပြော ခဲ့ပါသည်။






 
 
 
ခွန်ခမ်း



Powered by Blogger.