Monday, March 17, 2014

(၆၅) ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ပွဲတော် စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပပြီးစီး

တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ မတ်လ ( ၁၈ )ရက်

All Photos By KMT
(၆၅)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ပွဲတော်ကို တပေါင်းလပြည့်ညတွင် ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေးကွင်း၌ ညနေ (၆း၀၀) နာရီချိန် ကျင်းပခဲ့ရာ ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများ၊ ပအိုဝ်းအမျိုးသား အဖွဲ့အစည်းစုံမှ တာဝန်ရှိသူများ၊ အနယ်နယ်အရပ်ရပ်မှ စာပေနှင့် ယဉ်ကျေးမှု အဖွဲ့များ၊ မိဘပြည်သူများ တက်ရောက်အားပေးပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။
 

အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ် ၀န်ကြီးချုပ်မှ အမှာစကားပြောကြားပြီးနောက် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်အောင်ခမ်းထီ၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ဒေါ်အောင်ဆန်းစုကြည် တို့မှ ပေးပို့သော သ၀ဏ်လွှာများအား ဖတ်ကြားသွားခဲ့သည်။ ထို့နောက် ပအိုဝ်းယဉ်ကျေးမှု အကအဖွဲ့နှင့် ဖိတ်ကြားထားသော အခြားတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်မှ တိုင်းရင်းသား အကအဖွဲ့များအား အလှူငွေများ ပေးအပ်ခဲ့သည်။
 

တပေါင်းလပြည့်ကျော်(၁)ရက်ည၌ ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ရိုးရာ/ ခေတ်သစ် အကအဖွဲ့များမှ ပြိုင်ပွဲဝင် အကများဖြင့် ပြန်လည် ကပြဖျော်ဖြေပြီး ပြိုင်ပွဲကျင်းပရေး ကော်မတီမှ ဆုများ ချီးမြှင့်ခြင်း၊ ပအိုဝ်းမောင်မယ်များမှ ပအိုဝ်းရိုးရာ ၀တ်စုံများဖြင့် ၀တ်ဆင် သရုပ်ပြခြင်း၊ ပအိုဝ်းတေးသံရှင်များမှ တေးသံသာများဖြင့် သီဆိုဖျော်ဖြေခြင်း စသည့် အစီအစဉ်များ တင်ဆက်ခဲ့ကာ (၆၅) ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ ပွဲတော်အား စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရှိရပါသည်။
 






 
KMT, KZW, Khun Jack

Powered by Blogger.