တောင်ကြီး၊ ၂၀၁၄ ခုနှစ် မတ်လ(၁၇)ရက်
၁။ အမျိုးသား၏ အဓိပ္ပါယ်သည် နိုင်ငံတစ်ခုတည်းတွင် ဘိုးစဉ်ဘောင်ဆက် အတူတကွ နေထိုင်လာ ကြသူများ လူမျိုးများတို့ကို ယဉ်ကျေးဖွယ်ရာ ခေါ်သော အသုံးအနှုန်း ဖြစ်သည်။ အမျိုးသားနေ့သည် တိုင်းပြည်နှင့် လူမျိုး၏ ထူးခြားသော ဖြစ်ရပ်တစ်ခုခုကို အခြေခံ၍ သတ်မှတ်သော နေ့ဖြစ်သည်။ ဥပမာ- မြန်မာနိုင်ငံ အမျိုးသားနေ့ကို ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ကောလိပ်ကျောင်းသူ ကျောင်းသားများက သပိတ်မှောက်သော ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်း လဆုတ်(၁၀)ရက်နေ့ကို အစွဲပြု၍ နှစ်စဉ် ကျင်းပလာသော နေ့ဖြစ်သည်။
၂။ ပအိုဝ်းအမျိုးသားနေ့ ကျင်းပရခြင်းမှာ ၁၉၄၈ ခုနှစ်တွင် သထုံခရိုင် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ခေါင်းဆောင်သော ပအိုဝ်းလူထု ဆန္ဒပြပွဲတစ်ရပ်ကို သထုံမြို့၊ မော်ကျော့ရပ်၊ ရေကျော် ဘုန်းတော်ကြီး ကျောင်းဝင်း အတွင်း၌ ကျင်းပပြုလုပ်၍ ပအိုဝ်းအရေးအတွက် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြသည်။ ပအိုဝ်းလူထု ဆန္ဒပြပွဲမှ ဆုံးဖြတ်ချက်နှစ်ရပ်ကို ပြည်ထောင်စု အစိုးရထံ ပေးပို့ခဲ့သည်။ ထိုတောင်းဆိုချက် များမှာ-
(၁) ပအိုဝ်းလူမျိုးတို့အား တောင်သူ ဟူ၍ ခေါ်ဝေါ်နေခြင်းမှ ပအိုဝ်း-ဟု ခေါ်ဆိုပေးရန်နှင့်
(၂) ပအိုဝ်းတို့အား စစ်တပ်နှစ်တပ် ဖွဲ့စည်းတည်ထောင်ပေးရန် တောင်းဆိုခဲ့ကြသည်။
ထိုတောင်းဆိုချက်နှစ်ရပ်အနက် ပအိုဝ်းလူမျိုးဟု ခေါ်ဆိုသတ်မှတ်ပေးရန်ကို လူနည်းစုရေးရာ ၀န်ကြီးဌာန၊ ၀န်ကြီး ဦးအောင်ဇံဝေမှ အသိအမှတ်ပြု ပြန်ကြားပေးခဲ့သည်။ ပအိုဝ်းလူမျိုးဟု စတင်ခေါ်ဝေါ်သော ၁၉၄၈ ခုနှစ်မှ ပအိုဝ်းအမျိုးသားနေ့ နှစ်စဉ်ကျင်းပသော်လည်း ရှေးယခင် သူရိယစန္ဒာမင်းကြီး ဖွားမြင်သည့် တပေါင်းလပြည့် နံနက် လအ၀င်/နေအထွက်ချိန်ခါ နေ့မြတ်ကို အစွဲပြု၍ ပအိုဝ်းအမျိုးသားနေ့ မွေးဖွားပေါ်ပေါက်ပြီး ထိုစဉ်ကတည်းက အမျိုးသားနေ့ကို ကျင်းပကြပါသည်။
၃။ ပအိုဝ်းအမျိုးသားနေ့ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များမှာ-
တိုင်းရင်းသားအားလုံး ဥမကွဲသိုက်မပျက် ပူးပေါင်းနေထိုင်ရေး၊ ဒို့တာဝန်အရေးသုံးပါး ထိန်းသိမ်းစောင့်ရှောက်ရေး၊ အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်မှုကို ခိုင်မာအောင် တည်ဆောက်ရေး၊ ပြည်ထောင်စုစိတ်ဓာတ် ပိုမိုခိုင်မာ လာစေရေးနှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို ပြည်သူအားလုံး လက်တွဲပူးပေါင်း တည်ဆောက်ရေး တို့ပင်ဖြစ်သည်။
၎။ ပအိုဝ်းအမျိုးသားနေ့ ပွဲတော်တွင် ပရိယတ္တိပညာရေး စာမေးပွဲအောင် သံဃာတော်များ၊ ပရိယတ္တိ ပညာရေးဘွဲ့ရ သံဃာတော်များအား ဆုနှင်းသဘင်ကျင်းပခြင်း၊ စာချဘွဲ့ သာသနာပြုဘွဲ့ ဆက်ကပ်ခံ ဆရာတော်များအား ဂုဏ်ပြုပူဇော်ခြင်း၊ ဘက်စုံထူးချွန် လူပုဂ္ဂိုလ်များအား ဆုချီမြှင့်ခြင်း၊ အဆို၊ အရေး၊ အက၊ အတီးပြိုင်ပွဲ၊ လှယဉ်ကျေးမယ် ပြိုင်ပွဲများ ကျင်းပ၍ ဆုပေးခြင်း၊ အားကစားပြိုင်ပွဲများ၊ ပန်းချီပြပွဲများ၊ ဓါတ်ပုံပြိုင်ပွဲများ၊ အင်္ဂလိပ်စကားပြော ပြိုင်ပွဲများ ကျင်းပ၍ ဆုပေးခြင်း၊ အလှူပဒေသာပင်များ ပါဝင်လှူဒါန်းခြင်း များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါသည်။
၅။ လွန်ခဲ့သော နှစ်ပေါင်း(၁၀၀)ခန့် ၁၉၀၁ ခုနှစ်တွင် ရှမ်းပြည်နယ် တောင်ပိုင်းတွင် ပအိုဝ်းလူဦးရေ (၁၂၄၉၀၀) နေထိုင်ခဲ့ကြကြောင်း အထက်ဗမာပြည် မှတ်တမ်းများက ဖော်ပြခဲ့ကြသည်။ ၁၉၃၀ သန်းခေါင်စာရင်း တွင်လည်း ပအိုဝ်းလူဦးရေ (၂၂၄၂၆၈)ဦး ရှိကြောင်း ဖော်ပြခဲ့သည်။ ယခုအခါ ပအိုဝ်းတိုင်းရင်းသား များသည် ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့ကို ဗဟိုပြု၍ တောင်ကြီးခရိုင်နှင့် လွယ်လင်ခရိုင်တို့တွင် ပျံ့နှံ့စွာ နေထိုင်လျက်ရှိသည်။ ထို့ပြင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင်လည်း ပအိုဝ်းတိုင်းရင်းသားများ နေထိုင်လျက်ရှိပေသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ် တို့တွင် ဒေသလူဦးရေ၏ (၃)ပုံအနက် (၂)ပုံမှာ ပအိုဝ်းတိုင်းရင်းသားများ ဖြစ်ကြသည်။ သို့ဖြစ်၍ ၂၀၀၈ အခြေခံဥပဒေက ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသအဖြစ် သတ်မှတ်ပေးခဲ့သည်။
၆။ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုဗဟိုအနေနှင့် စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာ မူဝါဒ(၂၂)ရပ်ကို ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေသလို ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်အနေနှင့် နိုင်ငံရေးဆိုင်ရာ မူဝါဒ(၁၅)ရပ်၊ လူမှုရေးဆိုင်ရာ မူဝါဒ(၂၇)ရပ်၊ စီးပွားရေးဆိုင်ရာ မူဝါဒ(၂၁)ရပ်၊ လမ်းပန်းဆက်သွယ်ရေး ဆိုင်ရာမူဝါဒ(၉)ရပ်၊ လျှပ်စစ်မီးရရှိရေးဆိုင်ရာ မူဝါဒ(၆)ရပ်၊ အားကစားမူဝါဒ(၁၀)ရပ်နှင့် ပအိုဝ်းဒေသပြဿနာ ဖြေရှင်းရေး မူဝါဒ(၇)ရပ် စုစုပေါင်းမူဝါဒ (၁၃၆)ရပ် ချမှတ်ထားပေသည်။
၇။ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို)နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် တို့မှ ချမှတ်ပေးခဲ့သော စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ မူဝါဒများ၊ နိုင်ငံရေးဆိုင်ရာ မူဝါဒများ၊ လူမှုရေးဆိုင်ရာ မူဝါဒများ၊ စီးပွားရေးဆိုင်ရာ မူဝါဒများ၊ လမ်းပန်းဆက်သွယ်ရေး ဆိုင်ရာ မူဝါဒများ၊ လျှပ်စစ်မီးရရှိရေးဆိုင်ရာ မူဝါဒများ၊ ကျေးရွာသာယာရေးဆိုင်ရာ မူဝါဒများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒများ၊ အားကစားဆိုင်ရာ မူဝါဒများနှင့် ပအိုဝ်းဒေသ ပြဿနာဖြေရှင်းရေးဆိုင်ရာ မူဝါဒများကို ကောင်းစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပအိုဝ်းတိုင်းရင်းသားအားလုံး ဖော်ပြပါအတိုင်း လိုက်နာဆောင်ရွက်သင့်ပေသည်။ လိုက်နာဆောင်ရွက် သင့်သော အချက်များမှာ-
(က) ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအကြား ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ရန်။
(ခ) နိုင်ငံတော်အစိုးရနှင့် လက်တွဲ၍ တိုင်းပြည်နှင့် လူမျိုးအကျိုး ပိုမိုမြင့်မားလာစေရေး ပညာရေးကဏ္ဍအား မဖြစ်မနေ မြင့်တင်ပေးရန်။
(ဂ) အနာဂတ်ကို ဦးဆောင်မည့် ပအိုဝ်းလူငယ်များသည် မှန်ကန်သော အသိစိတ်ဓာတ်ဖြင့် အမျိုးသား အကျိုး၊ ပြည်ထောင်စု အကျိုးအတွက် မှန်ကန်စွာ လက်တွဲခေါ်ဆောင်ရန်။
(ဃ) နိုင်ငံတော်က ဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရာတွင် ပအိုဝ်းအမျိုးသားတရပ်လုံး စည်းလုံး ညီညွတ်စွာ ပါဝင်ဆောင်ရွက်ရန်။
(င) မိမိတို့၏ အမျိုးဘာသာ သာသနာ၊ စာပေယဉ်ကျေးမှု၊ ဘာသာစကား၊ ၀တ်စားဆင်ယင်မှုနှင့် ဓလေ့ ထုံးစံတို့ကို အစဉ်ထာဝရထိန်းသိမ်းဆောင်ရွက်ရန် ဟူ၍ ဖြစ်ပေသည်။
ထို့အပြင် ၂၀၁၄ ခုနှစ်၊ မတ်လကုန်ပိုင်းတွင် မြန်မာနိုင်ငံ ပြည်လုံးကျွတ် သန်းခေါင်စာရင်း စတင် ကောက်ကြမည်ဖြစ်ရာ ပအိုဝ်းတိုင်းရင်းသား တစ်ရပ်လုံး ကျရာအခန်းမှ ပါဝင်ဆောင်ရွက်ကြစေလိုပါသည်။ ၁၉၃၅ ခုနှစ် အက်ဥပဒေပုဒ်မ(၈၃) ရည်ရွယ်ချက်အရ ပအိုဝ်းတိုင်းရင်းသားတို့ကို သီးခြားလူမျိုး ဟူ၍ သတ်မှတ် ထားပြီးသားဖြစ်သည်။ သီးခြားလူမျိုးစု ဖြစ်သည့်အလျောက် စာရင်းဇယားတွင် လူမျိုးနေရာ၌ ပအိုဝ်းလူမျိုးဟူ၍ တိကျသေချာစွာ ထည့်သွင်းရေးသားဖော်ပြရန် အထူးလိုအပ်ကြောင်း တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါသည်။
ပအိုဝ်းအမျိုးသားနေ့ကျင်းပရေးကော်မတီ
Like On Facebook
Follow On Twitter
Subscribe On RSS