Thursday, March 6, 2014

RCSS အဖွဲ့ မှ ပင်လုံမြို့နယ်ခွဲနေ အပြစ်မဲ့ သနားဖွယ် မိခင်အိုအား ဖမ်းဆီးခေါ်ဆောင်သွား

တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ မတ်လ (၆) ရက်

လွိုင်လင်မြို့နယ်၊ ပင်လုံမြို့နယ်ခွဲ၊ ဟဲနန်းကျေးရွာအုပ်စု၊ ကျူလင်းကျေးရွာသို့ RCSS အဖွဲ့မှ ဗိုလ်ကြီးအဆင့် အိုက်ဆောဦးစီးသော အင်အား (၆) ဦးပါတပ်ဖွဲ့သည် (၂၆.၂.၂၀၁၄) ရက်နေ့တွင် ကျေးရွာတွင်း ၀င်ရောက်ပြီး အဆိုပါကျေးရွာနေ ဦးထွက်မောင် + ဒေါ်နန်းရှိုး တို့၏ သားဖြစ်သူ တလွမ်း - အသက် (၁၉) နှစ်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရပါသည်။
၂၀၁၂ ခုနှစ်အတွင်း၊ RCSS အဖွဲ့မှ ရှမ်းနှစ်သစ်ကူးပွဲကို အကြောင်းပြပြီး ရွာသားအများအပြားကို လွယ်တိုင်းလျံသို့ လိမ်လည်ခေါ်ဆောင်သွားကာ ၄င်းရွာသားများ၏ ဆန္ဒမပါပဲ အတင်းအကျပ် စစ်သင်တန်း ပေးခဲ့စဉ်က တလွမ်းမှာ ရွာသားများထဲမှ တစ်ဦးအပါအ၀င်ဖြစ်ပါသည်။ တလွမ်း နှင့် ရွာသားအားလုံးမှာ အဆိုပါ စစ်သင်တန်းကို ၀ါသနာ မပါရုံမက စိတ်ပါဝင်စားခြင်းလည်း မရှိခဲ့ပဲ၊ အသတ်ခံရမည် စိုး၍သာ သင်တန်းတက်ရောက်ခဲ့သည်ဟုလည်း သိရှိရပါသည်။ သို့နှင့် တလွမ်းသည် ဆဟောင်း ကျေးရွာအုပ်စု၊ ဖေါင်းဆိုင်ရွာအရောက်တွင် ထွက်ပြေးလွတ်မြောက်ခဲ့ပါသည်။
တလွမ်းထွက်ပြေးခဲ့ခြင်းကြောင့် ရွာတွင် ကျန်ရှိသော အစ်ကိုဖြစ်သူ ကျော်နီ - အသက် (၂၃)နှစ်အား (၂၈.၂.၂၀၁၄) ရက်နေ့တွင် RCSS အဖွဲ့မှ ထပ်မံဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရပါသည်။ ကျော်နီလည်း (၂.၃.၂၀၁၄) ရက်နေ့ နံနက်ပိုင်းတွင် ထွက်ပြေးလွတ်မြောက်သွားခဲ့ပါသည်။
ကျော်နီအား ဖမ်းဆီးခဲ့သည့် (၂၈.၃.၂၀၁၄) ရက်နေ့တွင် ဖခင်ဖြစ်သူ ဦးတမောင်- အသက်(၅၉)နှစ် သည်လည်း ရွာတွင် ဆက်လက်မနေ၀ံ့တော့၍ ပင်လုံမြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသည်။ ရွာနေအိမ်တွင် မိခင်ဖြစ်သူ ဒေါ်နန်းရှိုး - အသက် (၅၈) နှစ် တစ်ဦးသာ ကျန်ရစ်ခဲ့ရပါသည်။
RCSS အဖွဲ့သည် (၃.၃.၂၀၁၄) ရက်နေ့ည (၈း၄၅) နာရီတွင် ကျေးရွာအတင်းသို့ ၀င်ရောက်ခဲ့ပြီး အိမ်တွင် အားကိုးရာမဲ့ တစ်ဦးတည်းကျန်ရစ်သူ ဒေါ်နန်းရှိုးအား လည်ပင်းနှင့် လက်များကို ကြိုးဖြင့်တုပ်နှောင်ပြီး ထပ်မံဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြန်သည်။ ယနေ့ သတင်းရေးနေသည့် အချိန်အထိ ဒေါ်နန်းရှိုးမှာ ပြန်လည် လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရှိရပါသည်။ ကျန်ရစ်ခဲ့သူ ဆွေမျိုးသားချင်းများမှ သေသည်ရှင်သည်ကို မသိရ၍ စိတ်နှလုံးပင်ပန်း သောကရောက်လျှက် ရှိနေကြကြောင်း သိရှိရပါသည်။ 


ခွန်ခမ်းမြတ်




Powered by Blogger.