Friday, March 7, 2014

လူ (၂၃၉) ဦးပါ Malasia Airlines ခရီးသည်တင်လေယာဉ် တရုတ်နိုင်ငံသို့ ပြန်သန်းနေစဉ် ပျောက်ဆုံး

၂၀၁၄ ခုနှစ်၊ မတ်လ (၈) ရက်



လူ (၂၃၉) ဦးပါ MH 370 လေယာဉ် ပျောက်ဆုံးနေကြောင်း Malasia Airlines (MAS) မှ အတည်ပြု ပြောကြားလိုက်ပါတယ်။ MAS ရဲ့ ထုတ်ပြန်ကြေညာချက်အရ ဘိုးရင်း 777-200 အမျိုးအစား လေယာဉ်ဟာ မတ်လ (၈) ရက်နေ့၊ ဒေသစံတော်ချိန် (၀၀း၄၁) နာရီမှာ ကွာလာလန်ပူကနေ ထွက်ခွါသွားပြီး လေကြောင်းထိန်းသိမ်းရေးစခန်းနဲ့ မနက် (၂း၄၀) နာရီအချိန်မှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း သိရပါတယ်။
ခရီးစဉ်အရ လေယာဉ်အမှုထမ်း (၁၂) ဦးအပါဝင် စုစုပေါင်း လူ (၂၃၉) ဦးတင်ဆောင်သွားတဲ့ အဆိုပါလေယာဉ်ဟာ တရုတ်နိုင်ငံ၊ ပေကျင်းမြို့ကို မနက် (၆း၃၀) နာရီမှာ ဆိုက်ရောက်ရမှာဖြစ်ပါတယ်။
Malasia Airlines မှ ၄င်းတို့အနေဖြင့် ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်မယ့် ဒေသဆိုင်ရာ အာဏာပိုင်များနဲ့ ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။
အဆိုပါလေယာဉ်မှာ တရုတ်နိုင်ငံသား ခရီးသည် (၁၅၀) ကျော် ပါဝင်တယ်လို့ တရုတ်ပြည်သူ့ လေကြောင်းစီမံခန့်ခွဲရေး (CCAA) က အတည်ပြုပြောဆိုက်လိုက်ပါတယ်။
ယခုအချိန်ထိ အဆိုပါလေယာဉ်ဟာ CCAA နဲ့ အဆက်အသွယ် မပြုလုပ်သေးသလို တရုတ်လေပိုင်နက်ထဲကိုလည်း ၀င်ရောက်လာခြင်းမရှိသေးကြောင်း ရှင်ဟွာသတင်းဌာနက ပြောဆိုပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က “ဒီသတင်းကြောင့် အားလုံးစိုးရိမ်ပူပန်နေကြပါတယ်၊ လေယာဉ်ပေါ်ပါ လူအားလုံး ဘေးကင်းလုံခြုံဖို့လည်း မျှော်လင့်နေကြပါတယ်” လို့ပြောဆိုလိုက်ပါတယ်။ ၄င်းမှ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနဟာ သက်ဆိုင်ရာဌာနတွေနဲ့ပူးပေါင်းပြီး အရေးပေါ်ကယ်ဆယ်ရေး အစီအစဉ်တွေ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း၊ နောက်ထပ်သတင်းထပ်မံရရှိပါက အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်သွားမှာဖြစ်ကြောင်း ထပ်လောင်းပြောဆိုပါတယ်။

ကိုးကား - The Hindu

Khun Kham Myat

Powered by Blogger.