Monday, March 10, 2014

ပအိုဝ်းအမျိုးသားတပ်မတော် (PNA) အသွင်ပြောင်းပြည်သူ့စစ်ဌာနေအဖွဲ့၏ ဒုတိယအကြိမ် စစ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ စွမ်းရည်မြှင့်သင်တန်း သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ မတ်လ (၁၀) ရက်


ပအိုဝ်းအမျိုးသားတပ်မတော် (PNA) အသွင်ပြောင်းပြည်သူ့စစ်ဌာနေအဖွဲ့ ဗဟိုစစ်ဌာနချုပ်ရုံးမှ ကြီးမှူးကျင်းပပြုလုပ်သည့် စစ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ စွမ်းရည်မြှင့်တင်ရေးသင်တန်းကို ဒုတိယအကြိမ် အဖြစ် (၂၄.၂.၂၀၁၄) ရက်နေ့မှ (၄.၃.၂၀၁၄) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါသင်တန်းသို့ ဒု-တပ်စုမှူးအဆင့်မှ ဒု-ဗိုလ်အဆင့်အထိ သင်တန်းသား (၂၀၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ သင်တန်းတွင် စစ်ရေးအခြေခံပညာ ဘာသာရပ်များ၊ ၂၀၁၀ ခုနှစ်နောက်ပိုင်း ပြောင်းလဲလာသည့် နိုင်ငံရေးအခြေအနေများ၊ ပအိုဝ်းအမျိုးသား တော်လှန်ရေး သမိုင်းကြောင်းများ၊ ပအိုဝ်းအမျိုးသားများ၏ သမိုင်းကြောင်းများ၊ ပြည်သူ့စစ်အဖွဲ့နှင့် ပြည်သူလူထုများ တစ်သွေးတည်း တစ်သားတည်း ဖြစ်စေရေးအတွက် စည်းရုံးရေးဘာသာရပ်များနှင့် အခြား သိသင့်သိထိုက်သော အထွေထွေ ဗဟုသုတများကိုလည်း သက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်တန်းဆရာများမှ သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါသင်တန်းဆင်းပွဲကို (၄.၃.၂၀၁၄) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းဆင်းပွဲအခမ်းအနားသို့ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်အောင်ခမ်းထီ တက်ရောက်အားပေးခဲ့ပြီး သင်တန်းသားများအား သြ၀ါဒစကား ပြောကြားသွားခဲ့ကြောင်း သိရှိရပါသည်။ ကျန်ရှိသော အခြားအဆင့် တပ်ဖွဲ့ဝင်များကိုလည်း ဆက်လက်၍ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။



KYN (မျင်မိုရ်းခမ်း)
Powered by Blogger.