Friday, August 29, 2014

ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ရှေ့ပြေးလူဦးရေ စာရင်းဆိုင်ရာ ထုတ်ပြန်ကြေ ညာချက်

 နေပြည်တော် သြဂုတ် ၂၉

၂၀၁၄ ခုနှစ်၊ ပြည်လုံးကျွတ်အဆင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းအား ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းဇယား ပြုစုခြင်းနှင့် စာရင်းထုတ်ပြန်ခြင်းဟူ၍ အဆင့် (၄) ဆင့်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ ဒုတိယအဆင့်ဖြစ်သော မြေပြင်ကွင်းဆင်း သန်းခေါင်းစာရင်းကောက်ယူခြင်းလုပ်ငန်း ပြီးစီးပြီဖြစ်၍ တတိယအဆင့်ဖြစ်သော စာရင်းဇယား ပြုစုခြင်း (Data Processing) လုပ်ငန်းအား ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

တတိယအဆင့်ဖြစ်သော စာရင်းဇယားပြုစုခြင်း လုပ်ငန်းစဉ်တွင် နိုင်ငံတစ်ဝန်း စာရင်းကောက်ကွက်အသီးသီးမှ ပြန်လည်စုစည်းရရှိပြီးသော အိမ်ထောင်စုတစ်စုခြင်းစီ၏ မေးခွန်းပုံစံအချက်အလက် ကိန်းဂဏန်းများအား အသေးစိတ်စစ်ဆေးခြင်း၊ ပုံရိပ်ဖတ်စက်တွင် အသင့်အသုံးပြုနိုင်ရန် ပြင်ဆင်ခြင်း၊ ကွန်ပျူတာစနစ်အတွင်း မှတ်တမ်းတင်ခြင်း၊ ပုံရိပ်ဖတ်ခြင်းနှင့် အမှားပြင်ဆင်ခြင်းစသည့် လုပ်ငန်းအဆင့်ဆင့်အား အချိန်ယူ ဆောင်ရွက် ရသည်ဖြစ်၍ ပင်မသန်းခေါင်စာရင်း အချက်အလက်များအား ၂၀၁၅ ခုနှစ်၊ မေလခန့်တွင် ထုတ်ပြန်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ပင်မသန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များ မထုတ်ပြန်မီ နိုင်ငံတော်၏ စီမံကိန်းများနှင့် မူဝါများ ချမှတ်ရာတွင် လည်းကောင်း၊ ဌာနဆိုင်ရာများ၏ လိုအပ်ချက်အား လည်းကောင်း၊ အထိုက်အလျောက် အထောက်အကူ ပြုနိုင်စေရန် ရည်ရွယ်၍ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရှေ့ပြေးလူဦးရေ စာရင်းကို ထုတ်ပြန်ရခြင်းဖြစ်ပါသည်။

ရှေ့ပြေးလူဦးရေစာရင်းသည် စာရင်းကောက်များမှ မြေပြင်ကောက်ယူဖြည့်သွင်းထားသော နိုင်ငံတစ်ဝှမ်းရှိ တိုင်း/ခရိုင်/မြို့နယ်၊ ကောက်ကွက်အလိုက် အိမ်ထောင်စုလူဦးရေ၊ ကျား/မ အရေအတွက်စသည်တို့ကို ဖော်ပြထားသော ကောက်ကွက်တစ်ခုချင်းစီ၏ စာရင်းချုပ်မှ တွက်ချက်ထားခြင်းဖြစ်ပါသည်။

သို့ပါ၍ ကောက်ကွက်တစ်ခုခြင်း၏ လက်ပေါင်းဇယားစာရင်းချုပ်မှ ကနဦးအဆင့်ရရှိထားသည့် ရှေ့ပြေး လူဦးရေစာရင်းအရ မြန်မာနိုင်ငံနယ်နမိတ်အတွင်း ၂၀၁၄ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့ ညသန်းခေါင်းယံအချိန်၌ ရှိနေကြသော (ပြည်ပရှိ မြန်မာ သံရုံးများမှ ဝန်ထမ်းများအပါအဝင်) မြန်မာနိုင်ငံ၏ လူဦးရေမှာ (၅၁,၄၁၉,၄၂၀) ဦးဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ရှေ့ပြေးလူဦးရေဆိုင်ရာ အသေးစိတ်အချက်အလက်များကို (၃၀-၈-၂၀၁၄) ရက်နေ့တွင် ရန်ကုန်မြို့၌ ထပ်ဆင့်ရှင်းလင်းသွားမည်ဖြစ်ပါသည်။

ဗဟိုသန်းခေါင်စာရင်းကော်မရှင်

မှတ်ချက်    ။    ပြန်ကြားရေးဝန်ကြီးဌာန၏ https://www.facebook.com/MOIWebportalMyanmar မှ ကူးယူဖော်ပြပါသည်။
Powered by Blogger.