နေပြည်တော်၊ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ သန်းခေါင်စာရင်း ရှေ့ပြေးရလဒ်အဖြစ် သြဂုတ်လ (၃၀) ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ လူဦးရေသည် ၅၁၄၁၉၄၂၀ (၅၁ ဒသမ ၄၂ သန်းခန့်) ရှိကြောင်း သိရပါသည်။ ယခင်က ခန့်မှန်းထုတ်ပြန်ခဲ့သော လူဦးရေသန်း ၆၀ ကျော်နှင့် ကွာခြားချက်အပေါ် ဝေဖန်မှုအမျိုးမျိုး ထွက်ပေါ်လာသည့်အနက် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့စဉ်က ရှိခဲ့သော မဲဆန္ဒရှင်ပေါင်း ၂၉၀၂၁၆၀၈ (၂၉ ဒသမ ၀၂ သန်းခန့်) နှင့်ပတ်သက်၍လည်း ဝေဖန်နေကြပါသည်။
မဲဆန္ဒရှင်စာရင်းသည် သန်းခေါင်စာရင်းကို အခြေခံ၍ ပြုစုခြင်းမဟုတ်ဘဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သီးသန့်ပြုစုထားသော စာရင်းဖြစ်ပါသည်။ ၂၀၁၀ အထွေထွေရွေးကောက်ပွဲ ကျင်းပစဉ်အချိန် ကလည်း တစ်နိုင်ငံလုံးအတွက် ကောက်ယူထားသည့် သန်းခေါင်စာရင်း မရှိသေးပါ။ ရှိခဲ့လျှင်လည်း သန်းခေါင်စာရင်းကို အခြေခံ၍ မဲစာရင်းပြုစုရန် မဖြစ်နိုင်ပါ။ သန်းခေါင်စာရင်းတွင် လူတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် များကို ဖော်ပြထားခြင်း မဟုတ်ပါ။ ကဏ္ဍအလိုက်ရှိသည့် အရေအတွက်ကိုသာ စုစည်း၍ ဖော်ပြထားခြင်း ဖြစ်ပါသည်။ မဲဆန္ဒရှင်စာရင်းကို ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အသီးသီးက ရပ်ကွက်/ကျေးရွာအုပ်စု အထွေထွေအုပ်ချုပ်ရေးရုံးများတွင် ရှိသော လူဦးရေစာရင်းနှင့် အိမ်ထောင်စုစာရင်း (ပုံစံ ၆၆/၆) ကို အခြေခံလျက် ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက်ပြုစုခြင်း ဖြစ်သည်။ ပြုစုသည့် ဇယားတွင် မဲဆန္ဒရှင်တစ်ဦးချင်း၏ အမည်၊ မွေးသက္ကရာဇ်၊ အဘအမည်၊ အမိအမည်၊ မှတ်ပုံတင်အမှတ်နှင့် နေရပ်လိပ်စာများ ပါဝင်သည်။
ရွေးကောက်ပွဲစတင် ကျင်းပသည့်နေ့တွင် အသက်(၁၈)နှစ် ပြည့်ပြီးသူများသာ မဲပေးခွင့်ရှိသဖြင့် မွေးသက္ကရာဇ်ကို ထည့်ထားခြင်းဖြစ်ပါသည်။ လူဦးရေစာရင်းနှင့် အိမ်ထောင်စု စာရင်းတွင် ပါဝင်သည့် အသက် (၁၈) နှစ် ပြည့်ပြီးသူ တစ်ဦးဦးသည် မည်သည့်နေရာဒေသ (နိုင်ငံခြားအပါအ၀င်)သို့ ရောက်ရှိနေသည်ဖြစ်စေ၊ ထိုဒေသသို့ ရောက်ရှိနေသည်မှာ မည်မျှပင်ကြာသည် ဖြစ်စေ မဲစာရင်းတွင် ထည့်သွင်းပါသည်။ သာသနာ့ဝန်ထမ်းများ၊ စိတ်ပေါ့သွပ်သူများ၊ ထောင်ကျနေသူများအား မဲစာရင်းတွင် မထည့်သွင်းရပါ။ မဲစာရင်းမူကြမ်းကို ပြုစုပြီးစီးသည့်အခါ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် မဲစာရင်းများကို ကပ်ထားပြီး မဲဆန္ဒရှင်များအား လာရောက်ကြည့်ရှုကြရန် ဆော်သြပါသည်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့စဉ်က ရွေးကောက်ပွဲ ကျင်းပမည့်နေ့ ၁-၄-၂၀၁၂ ရက်မတိုင်မီ နှစ်လခန့်က ကြိုတင်ပြီး မဲစာရင်းများ ကပ်ထားကြောင်း၊ မဲဆန္ဒရှင်များ လာရောက်ကြည့်ရှုကြရန်၊ မိမိတို့၏အမည်မပါရှိသူများ၊ ကိုယ်ရေးအချက်အလက် မှားယွင်းနေသူများနှင့် မပါဝင်သင့်သူများ ပါရှိနေပါက သတ်မှတ်ထားသော ပုံစံများနှင့် လျှောက်ထားနိုင်ကြောင်း၊ နိုင်ငံရေးပါတီများ အနေဖြင့်လည်း မိမိတို့စည်းရုံးထားသည့် မဲဆန္ဒရှင်များ၏ အမည်များ မဲစာရင်းတွင် ပါရှိစေရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ၃-၂-၂၀၁၂ ရက်ကတစ်ကြိမ်၊ ၂၇-၂-၂၀၁၂ ရက်ကတစ်ကြိမ် သတင်းစာများတွင် ကြေညာ၍ နှိုးဆော်ပေးခဲ့ပါသည်။
မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းကို လာရောက်ကြည့်ရှုကြပြီး ၎င်းတို့၏ လျှောက်ထားချက်များ အရ မဲစာရင်းတွင် မပါရှိသော မဲဆန္ဒပေးပိုင်ခွင့် ရှိသူများကို လည်းကောင်း၊ ကိုယ်ရေးအချက်အလက် မှားယွင်းနေသူများကို လည်းကောင်း၊ မပါဝင်သင့်သူများ (ဥပမာ - ကွယ်လွန်ပြီးသူများ)ကိုလည်းကောင်း ဖြည့်စွက်၊ ပြင်ဆင်၊ ပယ်ဖျက်ခြင်းများ ပြုလုပ်ပြီးနောက် သက်ဆိုင်ရာမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက သေချာစွာစိစစ်ထားသည့် မဲစာရင်းများကို ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် ကပ်ထားကြေညာပေးရုံ သာမကဘဲ ရွေးကောက်ပွဲ ကျင်းပမည့်နေ့ မတိုင်မီ တစ်ရက် အလိုတွင်လည်း မဲရုံများ၌ ကပ်ထားကြေညာ ပေးပါသည်။ ထို့ပြင် မဲပေးသည့် နေ့တွင်လည်း မဲရုံမှူး၏လက်ဝယ်တွင် မဲစာရင်း တစ်စုံရှိပြီး မဲပေးသူ တစ်ဦးချင်းအား ၎င်း၏ မှတ်ပုံတင်နှင့် မဲစာရင်းကို တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်ပါက မဲဆန္ဒရှင်အား မဲစာရင်းတွင် လက်မှတ်ရေးထိုး စေပြီးမှ မဲလက်မှတ်ကိုထုတ်ပေးခြင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ မဲစာရင်းကို စတင်ပြုစုချိန်မှ စ၍မဲပေးသည့် အချိန်ထိ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ထားခြင်း ဖြစ်ပါသည်။
မဲရုံတစ်ရုံချင်းအလိုက် မဲစာရင်းများကို ကပ်ထားကြေညာထားခြင်း ဖြစ်ရာမဲဆန္ဒရှင် ဦးရေကို ဖောင်းပွအောင် ပြုလုပ်ရန် မဖြစ်နိုင်ပါ။ ထို့ပြင် မဲစာရင်း ပြုစုကြသည့် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များသည် ယင်းရပ်ရွာများမှ အများယုံကြည်လေးစားသူများ ဖြစ်ကြပြီး ရပ်သူရွာသားများ အနေဖြင့်လည်း မိမိရပ်ကွက် ကျေးရွာတွင် ရှိသည့် လူဦးရေကို သိရှိကြသည်က များပါသည်။
ထို့ကြောင့် မဲစာရင်းသည် သီးခြားပြုစုထားသော စာရင်းဖြစ်သဖြင့် မြန်မာနိုင်ငံ၏ လူဦးရေကို သန်း ၆၀ ကျော်ရှိသည်ဟု ခန့်မှန်းသည်ဖြစ်စေ၊ ၄၅ သန်းကျော်ရှိသည်ဟု ခန့်မှန်းသည်ဖြစ်စေ ၂၀၁၀ အထွေထွေရွေးကောက်ပွဲ ကျင်းပစဉ်က ရှိခဲ့သော မဲဆန္ဒရှင်ဦးရေ ၂၉ သန်းကျော်နှင့်ဆက်စပ်မှုမရှိပါ။
ယခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ ရက်တိုင် ကောက်ယူခဲ့သော သန်းခေါင်စာရင်းတွင် သန်းခေါင်စာရင်း ရည်ညွှန်းချိန်ဖြစ်သည့် ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့ ညဥ့်သန်းခေါင်ယံ အချိန်၌ မိမိတို့နေအိမ်တွင် ရှိခဲ့သော လူများ၏စာရင်း ပါဝင်ပါသည်။ ကောက်ယူခဲ့သော အချက်အလက်များတွင် အမည်၊ ကျား၊ မ၊ ပြည့်ပြီးအသက်၊ အိမ်ထောင်ရေးအခြေအနေ၊ ကိုးကွယ်သည့်ဘာသာ၊ လူမျိုး၊ နေမြဲအရပ် စသည်များ ပါဝင်သည်။ စာရင်းကောက်ပုံစံ၌ ဖြည့်သွင်းရာတွင်လည်း အမည်မှအပ ကျန်အချက်အလက်များအားလုံးကို ဂဏန်း (digit) ဖြင့်သာ ရေးမှတ်သည်။ ဥပမာ
အိမ်ထောင်ရေး အခြေအနေ စာတိုင်ကို ဖြည့်သွင်းရာတွင် အပျို/လူပျို - ၁၊ အိမ်ထောင်ရှိ-၂၊ မုဆိုးဖို/မုဆိုးမ - ၃၊ ကွဲကွာ - ၄ နှင့် သာသနာဝင် - ၅ ဟု ဂဏန်းများကိုသာ ရေးမှတ်ပါသည်။ ထိုနည်းတူပင် နေမြဲအရပ် စာတိုင်ကို ဖြည့်သွင်းရာတွင်လည်း ယင်းမြို့နယ်၏ သတ်မှတ် Code No. (ဂဏန်းသုံးလုံး)ကို ရေးမှတ်ခြင်း ဖြစ်သည်။ တစ်အိမ်ချင်း ကောက်ယူခဲ့သော စာရင်းကောက်ပုံစံများက Scan ဖြင့်ဖတ်ပြီး လူဦးရေ၊ ယောက်ျားဦးရေ၊ မိန်းမဦးရေ၊ အပျိုဦးရေ၊ လူပျိုဦးရေ၊ အိမ်ထောက်စုဦးရေ၊ အသက်အလိုက် ရှိသည့် လူဦးရေ စသည့် အုပ်စုများ၏ အုပ်စုတစ်စုချင်း အလိုက် အရေအတွက်ကို သိရှိရန် စုစည်းခြင်းဖြစ်ပါသည။် ထို့ကြောင့် ဂဏာန်းများကို ဖော်ပြထားသည့် သန်းခေါင်စာရင်းကို အခြေခံပြီး မဲစာရင်းပြုစု၍ မရနိုင်ပါ။ အသက်အလိုက် လူဦးရေကို သိရှိရန်အတွက် စာရင်းကောက်ယူရာတွင်လည်း ပြည့်ပြီးအသက် (ဥပမာ - အသက်၁၈ နှစ်၊ အသက် ၄၅ နှစ်) ကိုသာ ကောက်ယူခြင်း ဖြစ်ပါသည်။ မဲစာရင်းမှာကဲ့သို့ မွေးသက္ကရာဇ်ကို ကောက်ယူခြင်း မရှိပါ။ မဲစာရင်းတွင်မူ မွေးသက္ကရာဇ်ကို သိမှသာ ရွေးကောက်ပွဲကျင်းပသည့် နေ့တွင်အသက် (၁၈)နှစ် ပြည့်/မပြည့် သိရှိနိုင်မည် ဖြစ်ခြင်းကြောင့် ဖြစ်ပါသည်။ အလျဉ်းသင့်၍ မြန်မာနိုင်ငံ၌ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းနှင့် ပတ်သက်၍ အကျဉ်းချုံး၍ ဖော်ပြလိုပါသည်။ မြန်မာနိုင်ငံ၌ သိပ္ပံနည်းကျ သန်းခေါင်စာရင်း ကောက်ယူခြင်းကို အင်္ဂလိပ်အစိုးရက ၁၈၉၁ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး ဆက်လက်၍ ၁၀ နှစ်လျှင် တစ်ကြိမ်ကျ (ဆယ်စုနှစ်၏ ပထမဆုံးနှစ်တွင်) ကောက်ယူခဲ့ရာ ၁၉၄၁ ခုနှစ်အထိ ဖြစ်ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၅၃ ခုနှစ်တွင် မြို့ပေါင်း ၂၅၂ မြို့နှင့် ၁၉၅၄ ခုနှစ်တွင် ကျေးရွာအုပ်စု ၃၁၅၉ အုပ်စု၌တစ်ကြိမ်၊ ၁၉၇၃ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၃ ခုနှစ်တွင် တစ်ကြိမ် စုစုပေါင်းသုံးကြိမ်သာ သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ပြီး ၁၉၈၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ ညဥ့်သန်းခေါင်တွင် ရှိသော မြန်မာနိုင်ငံ၏ လူဦးရေသည် ၃၅၄၄၂၉၇၂ ဦး (၃၅ ဒသမ ၄၄ သန်းခန့်) ရှိခဲ့ပါသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက နှစ်ပေါင်း (၃၀) ကျော် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူနိုင်မှု မရှိခဲ့ခြင်းကြောင့် နှစ်စဉ် တိုင်းဒေသကြီး အသီးသီးနှင့် ပြည်နယ်အသီးသီးတွင် နမူနာ စမ်းသပ်ကွက်များ (sample plot) ကောက်ယူပြီး လူဦးရေတိုးနှုန်း (Population Growth Rate) ကို ခန့်မှန်းခဲ့ကြောင်း၊ လူဦးရေ သန်း (၆၀) ကျော်ဆိုသည်မှာ ဖော်ပြပါ ခန့်မှန်းလူဦးရေတိုးနှုန်းကို အခြေခံ၍ ခန့်မှန်းခဲ့ခြင်းဖြစ်ကြောင်း၊ ယခု ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် out migration များ (ပြည်ပသို့ ထွက်ခွာသွားသူများ)ကို ထည့်မတွက်ရသေးကြောင်း၊ မေးခွန်းအားလုံးကို စက်ဖြင့် ဖတ်ကြားပြီးသည့်အချိန်၊ ၂၀၁၅ခုနှစ် မေလ၌ထုတ်ပြန်မည့် သန်ခေါင်းစာရင်း နောက်ဆုံးရလဒ်တွင် နိုင်ငံခြားသို့ တရားဝင်သွားရောက်သူများနှင့် တရားမ၀င်သွားရောက်သူများ စာရင်းကို ကိန်းဂဏန်းဖြင့် ဖော်ပြနိုင်မည် ဖြစ်ကြောင်း ၃၀-၈-၂၀၁၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထို့ကြောင့် ယခင်က ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံတွင် လူဦးရေ သန်း (၆၀) ကျော်ရှိသည် ဆိုခြင်းမှာ ခန့်မှန်း တွက်ချက်ထားသည့် ကိန်းဂဏန်းသာ ဖြစ်ပါသည်။ ယခုပြည်လုံးကျွတ် ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရ ၂၀၁၅ ခုနှစ်၌ ထုတ်ပြန်မည့် လူဦးရေသည်သာလျှင် အတည်ပြုရမည့် ကိန်းဂဏန်း ဖြစ်ပါသည်။
နှစ်စဉ်လူဦးရေကို ခန့်မှန်းခဲ့ရာတွင် ၁၉၈၄ ခုနှစ် လူဦးရေကို ၁၉၈၃ ခုနှစ်က သန်းခေါင်စာရင်းအရ ရှိခဲ့သော လူဦးရေ ၃၅၄၄၂၉၇၂ ပေါ်တွင် အခြေခံလျက် ခန့်မှန်းလူဦးရေ တိုးနှုန်းဖြင့် တွက်ချက်ခဲ့ခြင်း ဖြစ်ပါသည်။ တစ်ဖန် ၁၉၈၅ ခုနှစ် လူဦးရေကိုလည်း ၁၉၈၄ ခုနှစ် ခန့်မှန်းလူဦးရေပေါ် မူတည်၍ ခန့်မှန်းတွက်ချက်ရပါသည်။ ထို့ကြောင့် ဆင့်ကဲ ဆင့်ကဲ အကြိမ်ပေါင်း ၃၀ ခန့်မှန်းခဲ့ရခြင်းကြောင့် ခန့်မှန်းမှုအနည်းငယ် ကွဲလွဲရုံမျှဖြင့်ပင်နောက်ဆုံး ၂၀၁၃ ခုနှစ်၏ ရလဒ်သည် ကွဲလွဲမှု အလွန်များသွားနိုင်ပါသည်။ ခန့်မှန်း လူဦးရေတိုးနှုန်းများသည် နှစ်အလိုက်ပြောင်းလဲမှုများ ရှိခဲ့ရာ ၁၉၈၅ - ၈၆ ခုနှစ်တွင် ၁ ဒသမ ၉၆ ရာခိုင်နှုန်း၊ ၁၉၉၀ - ၉၁ ခုနှစ်တွင် ၁ ဒသမ ၈၈ ရာခိုင်နှုန်း၊ ၁၉၉၅ - ၉၆ ခုနှစ် တွင် ၁ ဒသမ ၈၇ ရာခိုင်နှုန်း၊ ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၄ ခုနှစ်အထိ ၂ ဒသမ ၀၂ ရာခိုင်နှုန်း၊၂၀၀၅ - ၂၀၀၆ ခုနှစ်တွင် ၁ ဒသမ ၅၂ ရာခိုင်နှုန်း၊ ၂၀၀၉ - ၂၀၁၀ပြည့်နှစ်တွင် ၁ ဒသမ ၂၉ ရာခိုင်နှုန်း၊ ၂၀၁၀ - ၂၀၁၁ ခုနှစ်တွင် ၁ ဒသမ ၁ ရာခိုင်နှုန်း အသီးသီးရှိကြောင်း မှတ်သားရပါသည်။
စာရင်းအင်း နည်းပညာအရ စာရင်းပြည့် မကောက်ယူနိုင်သည့်အခါ နမူနာကွက်များ ကောက်ယူ၍ ခန့်မှန်းကြရာတွင် မိမိရရှိသည့်အချိန်၊ ငွေနှင့် လူပေါ်တွင် မူတည်လျက် နမူနာကွက်၏ အကျယ်အ၀န်း၊ နမူနာကွက် အရေအတွက် စသည်တို့ကို ချိန်ဆရပါသည်။ Something is better than Nothing ဆိုသကဲ့သို့ မည်သည့်အထောက်အထားမျှ ပြစရာ မရှိသည့် အခြေအနေမျိုးတွင် အထောက်အထားပြစရာ တစ်ခုခုကို အလျင်အမြန် လိုအပ်သည်ဆိုပါက နမူနာ စမ်းသပ်ကောက်ယူမှုကို အချိန်တိုအတွင်း မိမိတွင်ရှိသည့် လူအား၊ ငွေအားဖြင့် မဖြစ်မနေ ပြီးစီးအောင် ဆောင်ရွက်ရပါသည်။ ထိုအခါ ကွဲလွဲမှုများမည် ဖြစ်ပါသည်။ နမူနာစာရင်း ကောက်ယူရာတွင် စာရင်းကောက်သူများ၏ ကျွမ်းကျင်မှု၊ ရိုးသားမှုနှင့် ဘက်လိုက်ခြင်းကင်းမှုသည် အရေးပါသော အချက်တစ်ခုဖြစ်သည် ကိုလည်း သတိချပ်ရပါသည်။
၂၀၁၅ ခုနှစ် မေလတွင် ထုတ်ပြန်မည့် အသက်အလိုက် လူဦးရေစာရင်းကို ရရှိသည့်အခါ တစ်နိုင်ငံလုံးမှ အသက် (၁၈) နှစ်နှင့်အထက်ရှိသည့် လူဦးရေနှင့် မဲစာရင်းတွင်ရှိသည့် တစ်နိုင်ငံလုံးမှ မဲဆန္ဒရှင်ဦးရေကို ချိန်ထိုးကြည့်နိုင်မည် ဖြစ်ပါသည်။ သို့ရာတွင် ဖော်ပြပါ ကိန်းဂဏန်းနှစ်ခုကို မြို့နယ်အလိုက် ချိန်ထိုးကြည့်မည်ဆိုပါက ကွဲလွဲမှုများ ရှိနိုင်ပါသည်။ သန်းခေါင်စာရင်းအရ စာရေးသူသည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် ပါဝင်ခဲ့သော်လည်း မဲစာရင်း ပြုစုသည့်အခါ၌ စာရေးသူသည် မိမိ၏ အိမ်ထောင်စုစာရင်းရှိရာ တောင်ဥက္ကလာပမြို့နယ်တွင် ပါဝင်မည် ဖြစ်ခြင်းကြောင့် ဖြစ်ပါသည်။ ဇမ္ဗူသီရိမြို့နှင့် ဥတ္တရသီရိမြို့တွင် နေထိုင်ကြသော အစိုးရ၀န်ထမ်း အများစုသည် ရန်ကုန်မြို့တွင် အခြေချနေထိုင်သူများ ဖြစ်ကြသဖြင့် မဲစာရင်းပြုစုသည့်အခါ၌ ၎င်းတို့၏ အမည်များသည် ၄င်းတို့၏ အိမ်ထောင်စုစာရင်းရှိသည့် ရန်ကုန်မြို့ရှိ သက်ဆိုင်ရာမြို့နယ် အသီးသီး၏ မဲစာရင်းများ၌ ပါဝင်မည် ဖြစ်သော်လည်း သန်ခေါင်စာရင်းတွင်မူ ဇမ္ဗူသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်များတွင် ပါရှိထားပြီး ဖြစ်ပါသည်။ ထို့ပြင် သန်းခေါင်စာရင်း၌ ပါရှိသည့် အသက်သည် ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့ကို ရည်ညွှန်းခဲ့ပြီး မဲစာရင်းတွင်မူ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်နေ့၌ (၁၈) နှစ်ပြည့်သူများအား ရည်ညွှန်းမည် ဖြစ်ပါသည်။ ထို့ပြင် မဲစာရင်းတွင် အသက် (၁၈) နှစ် ပြည့်ပြီးသူများ အနက် သာသနာ့ဝန်ထမ်းများ၊ ထောင်ကျခံနေရသူများနှင့် စိတ်ပေါ့သွပ်သူများ ပါဝင်မည် မဟုတ်သော်လည်း သန်းခေါင်စာရင်း တွင်မူ ဖော်ပြပါ ပုဂ္ဂိုလ်အားလုံး ပါဝင်ခဲ့ပါသည်။ ထို့ကြောင့် မဲစာရင်းသည် သန်းခေါင်စာရင်းကို အခြေခံ၍ ပြုစုထားခြင်း မဟုတ်သဖြင့် မဲဆန္ဒရှင်ဦးရေကို ယခင်က ခန့်မှန်းထားခဲ့သော လူဦးရေ သန်း (၆၀) ကျော်နှင့် နှိုင်းယှဉ်ပြီး ကောက်ချက်ချ၍ မရနိုင်ကြောင်း ရှင်းလင်းဖော်ပြအပ်ပါသည်။ ။
မှတ်ချက်။ ။၂၀၁၄ ခုနှစ်၊ စက်တင်ဘာ (၁၈) ရက်နေ့ထုတ် ကြေးမှုံသတင်းစာပါ “တက္ကသိုလ်ဆရာတစ်ဦးရေးသားသော မဲဆန္ဒရှင်စာရင်းနှင့် သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာ” ဆောင်းပါးအား ပြန်လည်ဖော်ပြပါသည်။
Like On Facebook
Follow On Twitter
Subscribe On RSS