၂၀၁၄-ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ရရှိသော ရှေ့ပြေးလူဦးရေ စာရင်းအရ ၂၀၁၄-ခုနှစ်၊ မတ်လ(၂၉)ရက်နေ့ည မြန်မာနိုင်ငံအတွင်း ရှိနေသူစာရင်းမှာ (၅၁၄၁၉၄၂၀) ဦး ဖြစ်ပါသည်။ တိုင်းဒေသကြီး၊ ပြည်နယ်များ၏ လူဦးရေပါဝင်မှု အချိုးအရ ရန်ကုန်တိုင်းဒေသကြီး (၁၄.၃)%၊ ဧရာဝတီတိုင်းဒေသကြီး (၁၂%)နှင့် မန္တလေးတိုင်း ဒေသကြီး (၁၁.၉၅%) တို့ဖြစ်သည်။ ယင်းတိုင်းဒေသကြီး(၃)ခုမှ စုစုပေါင်းလူဦးရေမှာ တစ်နိုင်ငံလုံး၏ (၃၈.၃%) ခန့်ရှိပါသည်။ ကယားပြည်နယ်မှာ တစ်နိုင်ငံလုံး၏ (၀.၅၆%)နှင့် ချင်းပြည်နယ်မှာ (၀.၉၃%) သာ ရှိပါ သည်။
မြန်မာနိုင်ငံလူဦးရေမှာ-
၁) ၁၈၇၂-ခုနှစ်တွင် (၂.၇)သန်း
၂) ၁၉၀၁-ခုနှစ်တွင် (၁၀.၅)သန်း
၃) ၁၉၂၁-ခုနှစ်တွင် (၁၃.၂)သန်း
၎) ၁၉၇၃-ခုနှစ်တွင် (၂၈.၉)သန်း
၅) ၁၉၈၃-ခုနှစ်တွင် (၃၅.၃)သန်း
၆) ၂၀၁၄-ခုနှစ်တွင် (၅၁.၄)သန်း ဖြစ်ပါသည်။
တစ်နိုင်ငံလုံး၏ ကျားလူဦးရေမှာ (၂၄၂၂၅၃၀၄)ဦး (၄၈.၂%)၊ မလူဦးရေမှာ (၂၅၉၈၇၇၆၃)ဦး (၅၁.၈%) ဖြစ်ကာ မဦးရေမှာ ကျားဦးရေထက် (၁)သန်း(၇)သိန်းကျော် ပိုများနေပါသည်။ ကျားမအချိုးမှာ မ(၁၀၀)ဦးလျှင် ကျား(၉၃)ဦးသာ ရှိပါသည်။
မြို့ပြနေလူဦးရေ စုစုပေါင်းမှာ (၁၄၈၆၄၁၁၉) ဦး ဖြစ်ပြီး၊ နိုင်ငံလူဦးရေ၏၂၉.၆% ဖြစ်ပါသည်။ ကျန် (၇၀%) ကျော်မှာ ကျေးလက်နေ လူဦးရေဖြစ်ပါသည်။
ရန်ကုန်မြို့လူဦးရေမှာ (၅၂၀၉၅၄၁) ဦးဖြစ်ပြီး လူဦးရေအများဆုံး မြို့ဖြစ်သည်။ မန္တလေးမှာ ဒုတိယလူနေမှု အများဆုံးဖြစ်ကာ (၁၂၂၅၁၃၃) ဦး ဖြစ်ပါသည်။
လူဦးရေအနည်းဆုံး တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့တော်များမှာ ချင်းပြည်နယ်၊ ဟားခါးမြို့ (၄၈၂၆၆)ဦး၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ (၁၂၅၂၃၉) ဦးနှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့ (၁၂၈၈၃၇) ဦးတို့ ဖြစ်ပါ သည်။
တစ်နိုင်ငံလုံး အိမ်ထောင်စုအရေအတွက် စုစုပေါင်းမှာ (၁၀၈၈၉၃၄၈) စု ရှိပါသည်။ ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်မှ လူဦးရေမှာ (၁၇၁၅)ဦး၊ ဆွမ်ပရာဘွမ်မြို့နယ်မှ လူဦးရေမှာ (၂၅၃၇) ဦး၊ ကယားပြည်နယ် ရှားတောမြို့နယ်မှ လူဦးရေမှာ (၆၇၃၇) ဦးရှိပြီး၊ မယ်စဲမြို့နယ် မှ လူဦးရေမှာ (၆၃၁၃) ဦး အသီးသီး ရှိကြပါသည်။ ကရင်ပြည်နယ်၊ ဖါပွန်မြို့နယ်မှ စုစုပေါင်း လူဦးရေမှာ (၁၄၁၆၄) ဦးသာ ရှိပါသည်။ ကယားပြည်နယ် တစ်ခုလုံး၏ လူဦးရေမှာ (၂၈၆၇၃၈) ဦး ဖြစ်ပြီး ချင်းပြည်နယ်တစ်ခုလုံး၏ လူဦးရေမှာ (၄၇၈၆၉၀) ဦး ဖြစ်ပါသည်။ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၃) မြို့နယ်ဖြစ်သော ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့ အတွင်းရှိ စုစုပေါင်း လူဦးရေမှာ (၄၅၆၉၉၄) ဦး ဖြစ်ပြီး ချင်းပြည်နယ်နှင့် မတိမ်းမယိမ်း ဖြစ်ပါသည်။ ပအိုဝ်းလူမျိုးများ ထက်ဝက်ခန့် ရှိမည်ဟု ယူဆနိုင်သော တောင်ကြီးမြို့နယ်၊ လွိုင်လင်မြို့နယ်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၃) မြို့နယ်၊ စုစုပေါင်း (၅) မြို့နယ်မှ လူဦးရေမှာ (၉၆၂၀၇၀) ဦးဖြစ်၍ ပအိုဝ်းလူဦးရေ (၁) သန်းနီးပါးခန့် ရှိကြောင်း အကြမ်းအားဖြင့် ခန့်မှန်းနိုင်ပါသည်။ ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွင် စုစုပေါင်း လူဦးရေမှာ (၅၄၂၄၈၇)ဦး ရှိပါသည်။
လူဦးရေစာရင်းသည် အလွန်အရေးပါပြီး စာရင်းဇယား အချက်အလက်များကို ကြည့်၍ မူဝါဒများ ချမှတ်ရန်၊ စီမံကိန်းများ ရေးဆွဲရန်၊ စီးပွါးရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရန် စသည်အတွက် လွန်စွာမှ အရေးကြီးလှပါကြောင်း တင်ပြအပ်ပါသည်။

မှတ်ချက် ။ ။ ပအိုဝ်းလူဦးရေ (၁) သန်းခန့်ရှိနိုင်ကြောင်း ခန့်မှန်းတွက်ချက်မှုမှာ ရှမ်းပြည်နယ်တောင်ပိုင်းတွင် နေထိုင်လျှက်ရှိသော ပအိုဝ်းလူဦးရေကိုသာ ခန့်မှန့်တွက်ချက်ထားခြင်းဖြစ်ပြီး ကျန်ရှိသော မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးစသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးတို့၌
ပျံ့နှံ့နေထိုင်သည့် ပအိုဝ်းလူဦးရေကို ထည့်သွင်းတွက်ချက်ထားချင်း မပြုရသေးကြောင်း အသိပေးအပ်ပါသည်။
ခွန်ဆော်ဝမ်း
Like On Facebook
Follow On Twitter
Subscribe On RSS