Tuesday, October 28, 2014

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနေ၀င်းထွန်း၏ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်း အပေါ် ဆွေးနွေးချက်

နေပြည်တော်၊ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက် 

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးနေ၀င်းထွန်း
အမည်        -    ဦးနေ၀င်းထွန်း
ရာထူး        -    အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
                 ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၉)
ရက်စွဲ        -    ၂၀.၁၀.၂၀၁၄
    လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးနဲ့ တကွ ပြည်ထောင်စု ၀န်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်ကြီးများ၊ ဧည့်သည်တော်များ အားလုံး မင်္ဂလာအပေါင်း နှင့် ပြည့်စုံပါစေကြောင်း နှုတ်ခွန်းဆက်သ ဂါရ၀ပြုအပ်ပါတယ်။
လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား -
    ကျွန်တော် ဦးနေ၀င်းထွန်း အနေနဲ့ တိုင်းရင်းသား လူမျိုးများရဲ့ အခွင့်အရေးကာကွယ် စောင့်ရှောက်ပေးရန် ရည်ရွယ်ပြဋ္ဌာန်းတဲ့ ယခု ဥပဒေကြမ်း အပေါ်မှာ ဆွေးနွေးသွားချင်တဲ့ အချက် ( ၃ ) ချက် ရှိပါတယ်။
    နံပါတ် (၁) ကတော့ ပုဒ်မ ၂ (က) “တိုင်းရင်းသားလူမျိုးများ” ဆိုတဲ့ အနက် အဓိပ္ပါယ် ဖွင့်ဆိုချက် အပေါ်မှာ ဖြစ်ပါတယ်။
    -    ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး ဆိုတဲ့ ပြည်ထောင်စု အရေး ဦးတည် ချက်တို့ကို အဓိက ထားရမှာ ဖြစ်တဲ့အတွက်၊ ပြည်ထောင်စုကြီး မပြိုကွဲမှ၊ ပြည်ထောင်စုကြီး စည်းလုံးမှ တိုင်းပြည်အင်အားရှိမှာ၊ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်နိုင်ငံသားများကို ကာကွယ်နိုင်မှာ ဖြစ်တဲ့အတွက် ဒီအနက်အဓိပ္ပါယ် ဖွင့်ဆိုချက်သည် လွန်စွာ အရေးကြီးကြောင်း ဦးစွာ ဆွေးနွေး ပြောကြား လိုပါတယ်။
    အဆိုပြုပြဋ္ဌာန်းချက်မှာ -
    “တိုင်းရင်းသားလူမျိုးများ ဆိုသည်မှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် ပင်ရင်းနိုင်ငံအဖြစ် အမြဲ နေထိုင်ခဲ့ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊မွန်၊ ရခိုင်၊ ရှမ်းလူမျိုးများနှင့် ယင်းတို့၏ မျိုးနွယ်စုများကို ဆိုသည်။ ယင်းစကားရပ်တွင် နိုင်ငံသား ပြုခွင့်ရသူများနှင့် ဧည့်နိုင်ငံသားများ မပါဝင်” ဟုဆိုတဲ့အတွက် “တိုင်းရင်းသား လူမျိုးများ” လို့ဆိုရင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ပင်ရင်းနိုင်ငံ အဖြစ်     အမြဲတမ်း နေထိုင်ခဲ့ကြသော “ ကချင်” ၊ “ကယား”၊   “ ကရင်”၊ “ချင်း”၊ “ ဗမာ ”၊  “မွန်”၊ “ ရခိုင်” ၊ “ ရှမ်း ” လူမျိုးများနဲ့ ယင်းတို့ရဲ့ မျိုးနွယ်စုများ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က အတည်ပြု ထားတာကတော့ -
    “တိုင်းရင်းသား လူမျိုးများ ဆိုသည်မှာ  ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင် ခဲ့ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းလူမျိုးများနှင့် မျိုးနွယ်စုများကို ဆိုသည်။ ယင်းစကားရပ်တွင် နိုင်ငံသား ပြုခွင့်ရသူများနှင့် ဧည့်နိုင်ငံသားများ မပါဝင်” ဆိုပြီး ဖြစ်ပါတယ်။
    ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းလူမျိုးများနဲ့ “ မျိုးနွယ်စုများ” ဆိုတဲ့အတွက် ကချင်ရဲ့ မျိုးနွယ်စုတွေ၊ ကယားရဲ့ မျိုးနွယ်စုတွေ၊  ကရင်ရဲ့ မျိုးနွယ်စုတွေ၊ ချင်းရဲ့ မျိုးနွယ်စုတွေလဲ ပါဝင်တယ် ဆိုတဲ့ သဘော၊ အဲဒီလို သဘောသက်ရောက် နေပါတယ်။  မျိုးနွယ်စုလို့ပြောခဲ့ရင် အချို့သော တိုင်းရင်းသား လူမျိုးများက ၄င်းတို့သည် သီးခြား တိုင်းရင်းသားလူမျိုး ဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုး တစ်ခုခုမှ ပေါက်ဖွား ဆင်းသက်လာခြင်း မဟုတ်ကြောင်း၊ အထောက်အထားနဲ့ တကွ ငြင်းဆိုလေ့ ရှိတာ တွေ့ကြုံရလျှက် ရှိပါတယ်။ သီးခြား တိုင်းရင်းသားလူမျိုး ဖြစ်ပါလျှက် တိုင်းရင်းသားလူမျိုး တစ်မျိုးရဲ့ မျိုးနွယ်စုလို့ပြောရင် မနှစ်သက်တတ်ကြပါ၊ လက်မခံတတ်ကြပါ။ ဒါဆိုရင် “မျိုးနွယ်စု” ဆိုတာ ဘယ်လောက်ရှိလဲ၊ ဘယ်နှစ်မျိုးပါလဲ၊ သက်ဆိုင်ရာက ဘယ်လောက်အထိ စာရင်းပြုစုထားပြီးပြီလဲ၊ တိကျမှု လိုအပ်ပြီး၊ တကယ်လို့တိတိကျကျ  ပြုစုထုတ်ပြန်ထားတာ မရှိဘူးဆိုရင် ဒါတွေဟာ အကြောင်း ရှိတဲ့အခါမှာ အငြင်းပွားဖွယ်ရာနဲ့ တွေ့ကြုံစေနိုင်ပါတယ်။ ကြီးမားသော အခက်အခဲဖြစ်စေ နိုင်ပါတယ်။ အဲဒါကြောင့် ကိုယ့်ပြည်ထောင်စုရဲ့ တိုင်းရင်းသားလူမျိုးများ စာရင်း တိတိကျကျ စာရင်းပြုစုပြီးမှ ယခုဥပဒေရဲ့ အနက်အဓိပ္ပါယ်ကို ဖွင့်ဆိုနိုင်မှာ ဖြစ်ပါတယ်။
    အဲဒီဥပဒေကြမ်း အပေါ်မှာ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက ပြင်ဆင် ချက်ဖြင့် တင်ပြတဲ့အခါမှာတော့ “တိုင်းရင်းသားလူမျိုးများ ဆိုသည်မှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကို ပင်ရင်းနိုင်ငံ အဖြစ် သတ်မှတ်၍ စဉ်ဆက်မပြတ် နေထိုင်ခဲ့ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းလူမျိုးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိထားသော လူမျိုးများ၊ သီးခြားဘာသာစကား၊ သီးခြား ယဉ်ကျေးမှုဓလေ့ ထုံးတမ်းများ ရှိသည့် လူမျိုးများကို ဆိုသည်။ ယင်းစကားရပ်တွင် နိုင်ငံသား ပြုခွင့်ရသူများနှင့် ဧည့်နိုင်ငံသားများ မပါဝင်”  ဆိုပြီး ဖြစ်လာတာ တွေ့ရပါတယ်။ အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ -
(၁)    ပင်ရင်းနိုင်ငံအဖြစ် သတ်မှတ်၍ စဉ်ဆက်မပြတ် နေထိုင်ခြင်း ဆိုတဲ့အချက်၊
(၂)    ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းလူမျိုးများ ဆိုပြီး လူမျိုးကို တိတိ  ကျကျ  ဖော်ပြထားတဲ့ လူမျိုးများပါဝင် ဆိုတဲ့အချက်၊
(၃)    ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိထားသော လူမျိုးများ ဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆ အရ ပြည်ထောင်စု အတွင်းမှာ “ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိထားတဲ့ လူမျိုးများ” ပါဝင်တယ် ဆိုတဲ့အချက်၊
(၄)    တိုင်းဒေသကြီးများရဲ့ ဖွဲ့စည်းပုံမှာ “တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး”  ရရှိထားတဲ့     လူမျိုးတွေ ပါဝင်တယ် ဆိုတဲ့အချက်၊
(၅)    ပြည်ထောင်စုအတွင်းမှာ မှီတင်းနေထိုင်ကြပြီး ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ သီးခြား ဘာသာစကား ရှိတဲ့ လူများလဲ ပါဝင်တယ် ဆိုတဲ့အချက် တို့ကို  တွေ့ရပါတယ်။
    အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်ချက်ပါအတိုင်း အနက်အဓိပ္ပါယ် ဖွင့်ဆိုခြင်းကို လက်ခံမယ် ဆိုရင်တော့ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိထားသော လူမျိုးများ ဆိုတဲ့နောက်မှာ အပြင်ဆိုတဲ့ စကားရပ်နဲ့ သီးခြားဘာသာစကား၊ သီးခြား ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းများ ရှိသည့် လူမျိုးများရဲ့ အနောက် မှာ လည်းပါဝင်သည် ဆိုတဲ့ စကားရပ်တို့ကို ပြင်ဆင်ဖြည့်စွက်မယ် ဆိုရင် ပိုမိုရှင်းလင်း ပြည့်စုံမည် ဖြစ်ကြောင်း ဆွေးနွေးအပ်ပါတယ်။
     အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်ချက်အရ ဆိုရင် ကိုယ့်ပြည်ထောင်စုသားတွေ စုံသင့်သလောက်တော့ စုံသွားပါတယ်။ အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်မှာ အကောင်းဆုံးနီးပါး ဖြစ်သွားပါတယ်။ သို့ရာတွင် ပျောက်ကွယ်လုနီးပါး ရှိနေတယ် ဆိုတဲ့ တိုင်းရင်းသားလူမျိုးစုတွေ၊ ဝေးလံခေါင်းပါးတဲ့ နေရာမှာ လူဦးရေအားဖြင့် အနည်းအကျဉ်းသာ ကျန်ရှိနေတဲ့ လူမျိုးစုတွေ ကျန်ရှိခဲ့နိုင်ပါတယ်။ ဒါဆိုရင် ဒီလူတွေ ကိုယ့်တိုင်းရင်းသား မဟုတ်ဘူးလား၊ ဒီဥပဒေနဲ့ အကျုံးမ၀င်ဘူးလား၊ ကိုယ့်မြေပေါ်မှာ ပင်ရင်းနိုင်ငံ အဖြစ် အစဉ်တစိုက် နေထိုင်ခဲ့ပြီး ဒီအနက်အဓိပ္ပါယ် ဖွင့်ဆိုချက် အရ တိုင်းရင်းသားလူမျိုးစု တစ်ခုခု ခြွင်းချန် ကျန်ရှိခဲ့မယ် ဆိုရင် ပြည်ထောင်စုအတွက် စိုးရိမ်ရတဲ့ အန္တရာယ် ဖြစ်ပါတယ်။
    ဒါကြောင့် ကျွန်တော်တို့ တိုင်းရင်းသား ဘယ်နှစ်မျိုးရှိသလဲ ၁၃၅ မျိုးလား၊ အမျိုး ၁၃၀ လား အမျိုးအမည်နဲ့ တကွ အတည်ပြုမှုကို ပထမဆုံး ဆောင်ရွက်ရမယ်လို့ ယူဆပါတယ်။ တိုင်းရင်းသားလူမျိုး စာရင်းကို တိတိကျကျ ပြုစု၊ အဲဒီစာရင်းကို ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုမှု အရင်ဦးစွာ ပြုလုပ်ပြီးမှသာ ဒီဥပဒေကို ပြဋ္ဌာန်းမယ်ဆိုရင် ၀ိဝါဒကွဲစရာ၊ စိတ်ဝမ်းကွဲစရာမရှိ၊ လိုကွက်ဟာကွက်မရှိ ဖြစ်နိုင်မယ်လို့ ယူဆပါကြောင်း ဆွေးနွေးလိုပါတယ်။
လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား -
    နောက်တစ်ချက် နံပါတ် (၂) ကတော့ ပြည်ထောင်စုတိုင်းရင်းသား များရဲ့ အခွင့်အရေးများနဲ့ ပတ်သက်ပြီး ပုဒ်မ ၄ မှာ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်များကို လေ့လာ ကြည့်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါရှိပြီးတဲ့ အချက်တွေသာ ဖြစ်ကြောင်း တွေ့ရှိရတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။

    ပုဒ်မ ၄  ကတော့ တိုင်းရင်းသားလူမျိုးများသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ     စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊  ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် -
    (က)    မိမိတို့၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့် ကိုးကွယ်သည့်     ဘာသာ သာသနာတို့ကို လွတ်လပ်စွာ ဆောင်ရွက်ခွင့် ရှိသည်။
    (ခ)    မိမိတို့၏ စကား၊ စာပေတို့ကို နိုင်ငံတော်၏ ပညာရေးမူဝါဒကို ထိခိုက်မှုမရှိစေဘဲ သင်ကြားခွင့်နှင့် သင်ယူခွင့်ရှိသည်။
    (ဂ)    မိမိတို့၏ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အရ ဆောင်ရွက်သော အခမ်းအနားများနှင့် နေ့ထူးနေ့မြတ်များကို လွတ်လပ်စွာ ကျင်းပခွင့် ရှိသည်။
    (ဃ)    မိမိတို့၏ စာပေနှင့် အနုပညာတို့ကို ခေတ်မီတိုးတက်စေရန် တီထွင်ကြံဆဖော် ထုတ်ခွင့်နှင့် ယဉ်ကျေးမှု ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လွတ်လပ်စွာ သုတေသနပြု     ဖော်ထုတ်ခွင့်ရှိသည်။
  (င) ပညာသင်ကြားခွင့်၊ ဆေးကုသခွင့်၊ အလုပ်အကိုင်ရပိုင်ခွင့်နှင့် စီးပွားရေးလုပ်ငန်း များတွင် တန်းတူညီမျှသော အခွင့်အရေးများ ရပိုင်ခွင့်ရှိသည်။
    (စ)    အလုပ်ခန့်ထားမှု အပိုင်းတွင် ၀န်ထမ်းအကြီးအကဲနှင့် အခြားဝန်ထမ်းများ ခန့်ထားရာ၌ သတ်မှတ်အရည်အချင်း ပြည့်မီပါက တိုင်းရင်းသားများ ပါဝင်ဆောင်ရွက်ပိုင်ခွင့် ရှိသည်။
    (ဆ)    မိမိတို့၏ ရိုးရာ တိုင်းရင်းဆေးပညာများ တိမ်ကောပပျောက်မှု မရှိစေရေးအတွက် ထိန်းသိမ်းခြင်း၊ ဖော်ထုတ်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်စေခြင်း တို့ကို ဆောင်ရွက်ခွင့် ရှိသည်။
    (ဇ)    မိမိတို့၏ ရှေးဟောင်း အမွေအနှစ်များကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ခွင့် ရှိသည်။
    (ဈ)    ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်သော လူဦးရေရှိပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု ဥပဒေပြုရေးတွင် မိမိတို့ ကိုယ်စားလှယ်များ ပါဝင်နိုင်ရန် ဆောင်ရွက်ခွင့်ရှိသည်။
    (ည)    ပုဒ်မခွဲ (ဈ) အရ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စု ဥပဒေပြုရေးတွင် ကိုယ်စားလှယ် ပါဝင်ခွင့် ရရှိသည့်     တိုင်းရင်းသားလူမျိုး ဖြစ်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု အုပ်ချုပ်ရေးတွင် အဓိကအားဖြင့် ထိုတိုင်းရင်းသားလူမျိုးများ ရေးရာကို ဆောင်ရွက်နိုင်ရေး အတွက် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်များ ပါဝင်ခွင့်ပြုရမည်။
    (ဋ)    မိမိတို့တိုင်းရင်းသားများ၏ သမိုင်းဖြစ်စဉ်များကို ထုတ်ဖော်ခွင့်နှင့် အမွေအနှစ် များကို ထိန်းသိမ်းကာကွယ်ခွင့် ရှိရမည် ဆိုတဲ့ ပြဋ္ဌာန်းချက်တွေ ဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား -
    နိုင်ငံတော်ဟာ ပြည်ထောင်စုကြီးဖြစ်လို့ “ပြည်ထောင်စုတိုင်းရင်းသားများ” လို့ ဆိုရ ပေမယ့် အားလုံးဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ “နိုင်ငံသား” များလည်း ဖြစ်ကြပါတယ်။ နိုင်ငံသားများနဲ့ ပတ်သက်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) မှာ နိုင်ငံသားများ၏ အခွင့်အရေးနှင့် တာဝန်များကို ပြဋ္ဌာန်းပေးထားပြီး ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁)၊ အခြေခံမူများ အခန်းမှာလည်း တိုင်းရင်းသားရေးရာ ဘယ်လို ဆောင်ရွက်ပေးမယ် ဆိုတာ ပါရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအားဖြင့်  နိုင်ငံသားများ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကယား၊ ဗမာ၊ မွန်၊ ရခိုင်၊ တောင်ပေါ်နေ၊ မြေပြန့်နေ တိုင်းရင်းသား များအားလုံးကို ကာကွယ်ပေးထားတဲ့ ပြဋ္ဌာန်းချက်များလည်း ဖြစ်ပါတယ်။ ကောက်နှုတ်တင်ပြရ မယ်ဆိုရင်-
ပုဒ်မ ၃၄၇ ပါ    နိုင်ငံသားအားလုံးကို တန်းတူညီမျှ အခွင့်အရေးရရှိစေခြင်း၊ ဥပဒေ     ၏အကာအကွယ်ကို တန်းတူညီမျှရပိုင်ခွင့်ပေးခြင်း၊
ပုဒ်မ ၃၄၈ ပါ    နိုင်ငံသားအားလုံး လူမျိုး၊ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲ ချမ်းသာ ခွဲခြားမှု မရှိစေရခြင်း၊
ပုဒ်မ ၃၄၉ ပါ    လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာမှာ -
                (က)    ပြည်သူ့ဝန်ထမ်းတာဝန်ထမ်းဆောင်မှု၊
                (ခ)    အလုပ်လုပ်ကိုင်မှု၊
                (ဂ)    ကုန်သွယ်ရောင်းဝယ်ဖောက်ကားမှု၊
                (ဃ)    စီးပွားရေးလုပ်ငန်းလုပ်ကိုင်မှု၊
                (င)    အတတ်ပညာနှင့်အသက်မွေးဝမ်းကျောင်းမှု၊
           (စ)    ၀ိဇ္ဇာပညာ၊ သိပ္ပံပညာနှင့် နည်းပညာရပ်များ ရှာဖွေဖော်ထုတ်မှု တို့မှာ တူညီသော အခွင့်အလမ်း ရရှိစေခြင်း။

ပုဒ်မ ၃၅၄ ပါ    တိုင်းရင်းသားလူမျိုးတစ်မျိုးနှင့်တစ်မျိုးသို့မဟုတ်  တိုင်းရင်းသား လူမျိုးအချင်းချင်း ကိုလည်းကောင်း၊ အခြားဘာသာ သာသနာကို လည်းကောင်း  ထိခိုက်နစ်နာမှု မရှိစေဘဲ မိမိ ချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ သာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့် ရှိခြင်း၊
ပုဒ်မ ၃၆၅ ပါ    နိုင်ငံသားတိုင်း မိမိတို့၏ စာပေ၊ ယဉ်ကျေးမှု အနုပညာနှင့် ဓလေ့ ထုံးတမ်းတို့ကို လွတ်လပ်စွာ ပြုစုပျိုးထောင် ဆောင်ရွက်ပိုင်ခွင့် ရှိခြင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင်  တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိပါးမှု မရှိစေရန် ရှောင်ကြဉ်ရမည် ဖြစ်ခြင်း၊
ပုဒ်မ ၃၆၆ ပါ     ပညာသင်ကြားပိုင်ခွင့်နှင့် ယဉ်ကျေးမှုကိစ္စများတွင် လွတ်လပ်စွာ သုတေသနပြုခွင့် ရှိခြင်း၊
ပုဒ်မ ၃၆၇ ပါ ကျန်းမာရေးစောင့်ရှောက်မှု ခံယူခွင့်ရှိခြင်း တို့မှာ ဤဥပဒေကြမ်းရဲ့ ပုဒ်မ ၄ ပါ ပြဋ္ဌာန်းချက်များနှင့် အတူတူပင် ဖြစ်နေခြင်းကို တွေ့ရမှာ ဖြစ်တယ်။ ဤဥပဒေကြမ်းပါ ကာကွယ်စောင့်ရှောက်မှု များသည် ဖွဲ့စည်းပုံအခြေခံဥပဒေအားဖြင့် ကိုယ့်နိုင်ငံသား၊ ကိုယ့်ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများကို ကာကွယ်ပေးသည့် ဥပဒေပြဋ္ဌာန်းချက်များနှင့် အတူတူပင် ဖြစ်နေခြင်းကို တွေ့ရပါတယ်။
    ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၁)၊ နိုင်ငံတော်ရဲ့ အခြေခံမူများ၊ ပုဒ်မ ၂၂ မှာတော့-
    နိုင်ငံတော်သည် -
    (က)    တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကိုဖွံ့ဖြိုးတိုးတက်             စေရန် ကူညီဆောင်ရွက်မည်၊
     (ခ)    တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့်             ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန် ကူညီဆောင်ရွက်မည်၊
     (ဂ)    တိုးတက်ဖွံ့ဖြိုးမှု နည်းပါးနေသည့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊             စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့တွင် ပါဝင်သော လူမှုစီးပွားရေး             တိုးတက်ဖွံ့ဖြိုးရေး အတွက် ကူညီဆောင်ရွက်မည် လို့လည်း အတိအလင်းပါရှိပြီး             ဖြစ်ပါတယ်။

    ပြည်ထောင်စုတိုင်းရင်းသားတိုင်းဟာ နိုင်ငံသား ဖြစ်ပါတယ်။  ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကိုယ့်နိုင်ငံသား ကိုယ့်တိုင်းရင်းသားများကို ကာကွယ်ပေးသည့် ဥပဒေပြဋ္ဌာန်းချက် ရှိပြီး ဖြစ်တဲ့အတွက် ယခုလို တိုင်းရင်းသား အခွင့်အရေး ကာကွယ်တဲ့ ဥပဒေအနေနဲ့ ဒါတွေကိုဘဲ ပြန်ပြီး ပြဋ္ဌာန်းပေးရန် လိုမလို စဉ်းစားရန် ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) ပါ ပြဋ္ဌာန်းချက်များနဲ့ တစ်သဘောထဲ ဖြစ်နေပါတယ်။ အဲဒါကြောင့် နောက်ထပ် ဥပဒေ တစ်မျိုးနဲ့ ပြဋ္ဌာန်းရန် လိုမလို အလေးအနက် စဉ်းစားပေးကြ စေလိုပါတယ်။ ဆန့်ကျင်ကွဲလွဲတာလဲ မဟုတ်သည့် တိုင်အောင် အကိုးအကားပြုတဲ့ နေရာမှာ ဥပဒေ (၂) မျိုးဖြစ်နေလို့ သဘာဝ ကျမကျ၊ သင့်မြတ်လျော်ကန်မှု ရှိမရှိ ဆင်ခြင်တွေးတောပေး စေလိုပါကြောင်း ဆွေးနွေးအပ်ပါတယ်။
နံပါတ် (၃)အချက်တော့ “ တိုင်းရင်းသားလူမျိုးများ” ဆိုတဲ့ စကားရပ်ကို “ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ” ဆိုတဲ့ စကားရပ်နဲ့ အစားထိုးဘို့ ဆွေးနွေးလိုပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ပြီး  နေထိုင်တဲ့ နယ်မြေတွေ စုစည်း၊ စုပေါင်းပြီး ပြည်ထောင်စုကြီး ဖြစ်လာတာ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး 
 ဖြစ်လာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို  ကိုလိုနီ လက်အောက်ခံ ဘ၀ကနေ လွတ်မြောက်ဖို့ ပြည်ထောင်စုတိုင်းရင်းသားများ အားလုံး အသီးသီး လွတ်လပ်ရေးတိုက်ပွဲ ၀င်ခဲ့ကြပြီး လွတ်လပ်ရေးရယူဘို့ ဗြိတိသျှနဲ့ ညှိနှိုင်းဆွေးနွေးမှု သမိုင်းဖြစ်စဉ်မှာကတည်းက တောင်ပေါ်မြေပြန့် မခွဲဘဲ၊ ပြည်နယ်/ ပြည်မ မခွဲခြားဘဲ တိုင်းရင်းသားတွေ အားလုံး အတူတကွ ပူးပေါင်းပြီး ပြည်ထောင်စု အဖြစ် လွတ်လပ်ရေး ရယူခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတော်၏ အမည်သည်  “ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်” ၊ နိုင်ငံ့တပ်မတော် အမည်သည် “ ပြည်ထောင်စု တပ်မတော်” အဲဒါကြောင့် ဒီဥပဒေကိုလဲ အတည်ပြု ပြဋ္ဌာန်းမယ်ဆိုရင် “ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ” လို့အမည်ပေး စေသင့်ကြောင်း အလေးအနက် တင်ပြဆွေးနွေးအပ်ပါတယ်။
    ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသားလို့ ပြောရင် “ ဗမာ” မပါ ရှမ်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊  စသည်တို့သာလျှင် ပါဝင်မယ်လို့ အရိုးစွဲနေကြတဲ့ သူတွေရှိပါတယ်။ ဒါကြောင့် “ဗမာ တစ်ကျပ်၊ ရှမ်းတစ်ကျပ် ညီညီမျှမျှ အခွင့်အရေးပေးဘို့” စတာတွေ ကြားနေရတာ၊ ပြည်မနဲ့ ပြည်နယ်၊ ဗမာလူမျိုးနဲ့ တိုင်းရင်းသားလူမျိုးတွေ တိုးတက်မှု အခွင့်အရေးပေးတာ မညီမျှလို့ တိုင်းရင်းသားလက်နက်ကိုင်အချို့ လက်နက်ကိုင်စွဲ တိုက်ပွဲဝင်ပြီး ပဋိပက္ခအသွင် ဆောင်တာဖြစ်တယ် စသည်ဖြင့် ပြည်မ နဲ့ပြည်နယ်အကြား ကွဲပြားတဲ့ အမြင်တွေ၊ အတွေးတွေ ရှိနေတာ ကျွန်တော်တို့ ယနေ့ မျက်မှောက်မှာ တွေ့ရှိနေရပါတယ်။
    ဒါကြောင့် အားလုံးဟာ ပြည်ထောင်စုတိုင်းရင်းသားတွေ ဖြစ်တယ်။ ဗမာလဲ ပြည်ထောင် စုတိုင်းရင်းသား၊ ရှမ်းလည်း ပြည်ထောင်စုတိုင်းရင်းသား၊ ကချင်၊ ကရင်၊ ကယား၊ ရခိုင်၊ မွန်စတဲ့ တိုင်းရင်းသား လူမျိုးတွေလဲ ပြည်ထောင်စုတိုင်းရင်းသား၊ ဒီမြေပေါ်မှာ ပင်ရင်းနိုင်ငံ အဖြစ် စဉ်ဆက်မပြတ် နေထိုင်ခဲ့ကြတဲ့  အခြားသော သီးခြားယဉ်ကျေးမှု၊ သီးခြားဓလေ့ ထုံးတမ်းရှိနေတဲ့ မျိုးနွယ်စုတွေလဲ ပြည်ထောင်စုတိုင်းရင်းသား ဖြစ်တယ်ဆိုတာ ပေါ်လွင်စေဘို့၊ သိမြင်ခံစား နိုင်စေဘို့ လိုအပ်ပါတယ်။ အဲဒါကြောင့် ဒီဥပဒေကြမ်းမှာ ဥပဒေရဲ့ အမည်ကစပြီး “တိုင်းရင်းသားလူမျိုးများ” ဆိုတဲ့ စကားရပ်ပါရှိတိုင်း “ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ”ဟု ဖြည့်စွက်ပြင်ဆင်ရန် သင့်ပါကြောင်း တင်ပြဆွေးနွေး လိုပါတယ်။ ပြည်ထောင်စု အဆင့်မှာ တိုင်းရင်းသား လူမျိုးရေးရာ ၀န်ကြီးဌာနဖွဲ့စည်းခြင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးဌာနများ ဖွဲ့စည်းခြင်းကိုတော့ ကြိုဆိုထိုက်ပါကြောင်း ဆွေးနွေးလိုပါတယ်။ ဒီနေရာမှာလည်း ၀န်ကြီးဌာနများရဲ့ အမည်ကို  “ပြည်ထောင်စုတိုင်းရင်းသား လူမျိုးရေးရာ ၀န်ကြီးဌာန” ၊ “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးရေးရာ ၀န်ကြီးဌာန ” လို့  ဖြည့်စွက်ရန် သင့်ကြောင်း ဆွေးနွေးအပ် ပါတယ်။
    ကျွန်တော်တို့ နိုင်ငံတော်ဟာ တိုင်းရင်းသားလူမျိုးများ ပေါင်းစည်းထားတဲ့ ပြည်ထောင်စု ကြီးဖြစ်တဲ့အတွက် “ ပြည်ထောင်စု” ဆိုတဲ့ စကားရပ် ပါရှိမှ တိကျပြီး ဂုဏ်အင်္ဂါ ပြည့်စုံနိုင်ပါမယ်။ ဒီဥပဒေကို ပြဋ္ဌာန်းရတဲ့ ရည်ရွယ်ချက်လည်း ပေါက်မြောက်နိုင်မှာ ဖြစ်ပါတယ်။ ပြည်ထောင်စု အတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားများ အားလုံး စိတ်ဝမ်းမကွဲဘဲ စည်းလုံးညီညွတ်စွာနဲ့ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေးကို အထောက်အကူ ဖြစ်စေပါမယ်။ ပြည်ထောင်စုအတွင်း ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်းကိုလည်း အားဖြည့်ထောက်ကူစေမှာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ဦးတည်ချက် ဖြစ်တဲ့ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ အချုပ်အခြာ တည်တံ့ခိုင်မြဲရေး တို့ကို လက်ဝယ်ပိုင်ပိုင် ထိန်းသိမ်းထားရှိနိုင်မှာ ဖြစ်ပါတယ် ဆိုတဲ့အကြောင်း ဆွေးနွေးပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား။
                                    ကျေးဇူးတင်ပါတယ်ခင်ဗျား။
       
Powered by Blogger.