Tuesday, January 6, 2015

နိုင်ငံတကာရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ Carter Center နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) တို့ တွေ့ဆုံဆွေးနွေးခြင်း

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ (၆) ရက်
 

နိုင်ငံတကာရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ Carter Center မှ Hans Dieset နှင့် Ben Dunant တို့အဖွဲ့သည် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ကို ၂၀၁၅- ခုနှစ်၊ ဇန်န၀ါရီလ (၅) ရက်နေ့ နေ့လည်(၂း၀၀)အချိန်တွင် လာရောက်တွေ့ဆုံ ဆွေးနွေးသွားပါသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ နာယကကြီး ဦးခွန်မောင်တုတ်၊ ရုံးအဖွဲ့မှူး ဦးခွန်တင်ထွဋ်၊ အတွင်းရေးမှူးများအထောက်အကူပြုအဖွဲ့ ဦးစောခွန်ကျော်ဝင်း၊ စီမံဌာနမှ ခွန်စောလွင်နှင့် လေ့ကျင့်ပညာပေးရေးဌာနမှ ခွန်ချစ်ဦးတို့ ဧည့်ခံတွေ့ဆုံ ဆွေးနွေးသွားပါသည်။
တွေ့ဆုံမှုတွင် Carter Center အဖွဲ့မှ ဦးစွာပထမ Carter Center ရဲ့ ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များကို မိတ်ဆက်သွားခဲ့ပါသည်။ Carter Center ၏ လုပ်ရှားသည့် လုပ်ငန်းစဉ်များမှာ (၁) ကျန်းမာရေးလုပ်ငန်းစဉ်များ (၂) ဥပဒေရေးရာလုပ်ငန်းစဉ်များ (တရားရေး) (၃) အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ (၄) ဒီမိုကရေစီလုပ်ငန်းစဉ်များ ဖြစ်ကြောင်းသိရှိရပါတယ်။
Carter Center အဖွဲ့သည် မြန်မာပြည်ကို ၂၀၁၃ ခုနှစ်တွင် အမေရိကန် သမ္မတဟောင်း ကလင်တန်နှင့်အတူ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်သမ္မတ နှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌတို့ကို တွေ့ဆုံခဲ့ပါကြောင်း၊ နိုင်ငံတော်သမ္မတမှ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် လာရောက်စောင့်ကြည့်ပေးပါရန် ဖိတ်ကြားထားကြောင်း၊ ယခုရောက်ရှိလာရခြင်းမှာ ဒီမိုကရေစီအပြောင်းအလဲနှင့် ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ခြင်း လုပ်ငန်းစဉ်နှင့် ရောက်ရှိလာရခြင်းဖြစ်ကြောင်း ပြောကြားသွားပါတယ်။ အဆိုပါ Program အရ ရွေးကောက်ပွဲဆိုင်ရာ နှင့် ပတ်သက်သည့် အဖွဲ့အစည်းများဖြစ်တဲ့ အစိုးရ၊ နိုင်ငံရေးပါတီများ၊ လူမှုကွန်ယက်အဖွဲ့အစည်းများကို တွေ့ဆုံသွားမည်ဖြစ်ကြောင်း၊ တွေ့ရှိချက်များကို လာမည့် မတ်လတွင် အစီရင်ခံစာ(အကြမ်း)ကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ အစီရင်ခံစာကို လူထုတွင်း ချပြမည်ဖြစ်ကြောင်း ပြောကြားသွားပါတယ်။
ဆက်လက်၍ Carter Center အဖွဲ့မှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များ၊ နိုင်ငံရေးဦးတည်ချက် ပန်းတိုင်၊ နိုင်ငံရေးရဲ့ တန်ဖိုးထားမှု မျှော်မှန်းချက်များ၊ ဘဏ္ဍာရေး ငွေလည်ပတ်မှုများ၊ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လုပ်ဆောင်ချက်များ၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ၊ အခြားပါတီများနှင့် ဆက်ဆံရေးအခြေအနေများ၊ အခက်အခဲများ၊ အစိုးရနှင့် ဆက်ဆံရေးအခြေအနေများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ဖြစ်ပေါ်လာပုံ၊ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ပိုင်ခွင့်များ၊ အုပ်ချုပ်ခွင့်ယန္တယားများ၊ ကာကွယ်ရေးလုပ်ငန်းများ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့် အခြားဆက်စပ်ရာမေးခွန်းများကို မေးမြန်းသွားပါတယ်။
မေးမြန်းချက်များကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ နာယကကြီးဦးခွန်မောင်တုတ်နှင့် အတွင်းရေးမှူးများ အထောက်အကူပြုအဖွဲ့ဝင် ဦးစောခွန်ကျော်ဝင်းတို့မှ ပြန်လည်ဖြေကြားသွားပါကြောင်း၊ နာယကကြီး ဦးခွန်မောင်တုတ်ရဲ့ ဖြေကြားမှုများမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဖွဲ့စည်းရခြင်းမှာ ၁၉၄၈ မှာ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး အခြားတိုင်း၊ ပြည်နယ်၊ ဒေသ တွေမှာ ပဒေသရာဇ်စနစ်မရှိတော့ပဲ ရှမ်းပြည်နယ်တွင်သာ ရှမ်းစော်ဘွားတွေရဲ့ ပဒေသရာဇ်သာ ကျန်ရှိတော့ကြောင်း ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားများအားလုံး ပဒေသရာဇ်စနစ်ကို အလူးအလဲခံခဲ့ရခြင်းကြောင့်၊ ပါတီရဲ့တန်ဖိုးထားမှုက ပအိုဝ်းလူမျိုးသည် ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်ဖို့ဖြစ်ကြောင်း၊  ရွေးကောက်ပွဲလုပ်ငန်းစဉ်အတွက် ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း နှင့်အခြား ပအိုဝ်းတိုင်းရင်းသားအများစု နေထိုင်သည့် မြို့နယ်များကို ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း၊ ပအိုဝ်းအမျိုးသားညီလာခံကိုလည်း ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပ.အ.မ.ဖ)အနေနှင့် (၄)ကြိမ်တိုင် လုပ်ဆောင်ပြီးခဲ့ပြီး ၂၀၁၀ ခုနှစ်မှ စ၍ ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပ.အ.မ.ဖ)မှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ကို ပြောင်းလဲအမည်ခံပြီး (၅)ကြိမ်မြောက် အမျိုးသားညီလာခံကို ကျင်းပခဲ့ပြီး ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါကြောင်း၊ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော် အသီးသီးတို့ အနိုင်ရရှိခဲ့ကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ခွင့်ရဒေသသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လူမျိုးစုများအတွက် ပေးထားသည့် အခွင့်အရေးများဖြစ်ပြီး ပအိုဝ်းလူမျိုးသည် အခြားသော လူမျိုးစုများနည်းတူ ကိုယ်ပိုင်အုပ်ခွင့်ရဒေသ ရရှိခဲ့ကြောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)သည် ပအိုဝ်းလူမျိုးများ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လာမည့်မတ်လ (၂၄/၂၅) ရက်နေ့မှာ (၆) ကြိမ်မြောက် ပအိုဝ်းအမျိုးသားညီလာခံ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ ၁၉၅၀- ခုနှစ်မှာ တစ်ကြိမ်၊ ၁၉၅၈ - ခုနှစ်မှာ တစ်ကြိမ်၊ ၁၉၉၁ - ခုနှစ်မှာ တစ်ကြိမ် (၃) ကြိမ်တိုင် ငြိမ်းချမ်းရေးယူခဲ့ပါကြောင်း၊ ငြိမ်းချမ်းရေးတည်ဆောက်ပြီးနောက် ပအိုဝ်းဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ တစိုက်မတ်မတ်ဆောင်ရွက်နေကြောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သည် ၂၀၁၀ ခုနှစ်တွင် နိုင်ငံရေးအပြောင်းအလဲအရ ဥပဒေဘောင်အတွင်းက လုပ်ရှားဆောင်ရွက်ပြီး ပါတီတည်ထောင်ခဲ့ပါကြောင်း၊  အခြားသောပါတီများအားလုံးကို မိတ်ဆွေ၊ ယှဉ်ပြိုင်ဖော် ယှဉ်ပြိုင်ဖက်သာ သဘောထားကြောင်း၊ တစ်ဖက်တွင် ပအိုဝ်းအမျိုးသားတပ်မတော် (PNA) သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လက်အောက်တွင် ဒေသတွင်း ကာကွယ်ရေးလုပ်ငန်းစဉ်များကို တာဝန်ယူ ဆောင်ရွက်နေကြောင်း ဖြေကြားသွားခဲ့ပါသည်။
ဆက်လက်၍ အတွင်းရေးမှူးများ အထောက်အကူပြုအဖွဲ့ဝင် ဦးစောခွန်ကျော်ဝင်းမှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သည် နိုင်ငံတော်အစိုးရတို့နှင့် ငြိမ်းချမ်းရေး ယူခဲ့သည့် အဖွဲ့အစည်းများထဲမှာ သက်တမ်းအရှည်ကြာဆုံး၊ ငြိမ်းချမ်းရေးအရှည်ကြာဆုံး အဖွဲ့အစည်းဖြစ်ကြောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)သည် ပအိုဝ်းတစ်မျိုးသားလုံးရဲ့ မိခင်အဖွဲ့အစည်းဖြစ်ကြောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၏အောက်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ၊ ပအိုဝ်းအမျိုးသားတပ်မတော် (PNA) နှင့် အခြားလူမှုအဖွဲ့အစည်းများ ရှိကြောင်း၊ ပအိုဝ်းအမျိုးသားတပ်မတော် (PNA)သည် ပအိုဝ်းဒေသတွင်း အမျိုးသားလုံခြုံရေးအတွက် ကာကွယ်ရေးတာဝန်ကို ဆောင်ရွက်နေကြောင်းနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သည် ဥပဒေဘောင်အတွင်းတွင် ပအိုဝ်းအမျိုးသားအရေး ဆောင်ရွက်နေကြောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ၏ ဘဏ္ဍာရေး ငွေလည်ပတ်မှုမှာ ဥပဒေဘောင်အတွင်းတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ သတ္တုထုတ်လုပ်တူးဖော်ရေးလုပ်ငန်းမှ ကုမ္မဏီအမည်ဖြင့် စီးပွားရေးလုပ်ငန်း လုပ်ဆောင်နေကြောင်း၊ ၂၀၁၀ ခုနှစ်တွင် အခြားမိတ်ဖက်ပါတီကြီးများနှင့် နိုင်ငံရေးအပေးအယူ လုပ်ခဲ့ရကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မိတ်ဖက်ပါတီများနှင့် အပေးအယူလုပ်ဆောင်ရန် ရှိ/မရှိ ဆိုသည်မှာ ပါတီ၏ Decision Maker အဖွဲ့မှ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)သည် ပအိုဝ်းအမျိုးသားများ နိုင်ငံရေးနောက်ကျမကျန်ခဲ့ရလေအောင် လက်ရှိ နိုင်ငံရေးဆိုင်ရာ သင်တန်းများကို ပအိုဝ်းလူငယ်များ၊ ပအိုဝ်းအုပ်ချုပ်ရေးအဖွဲ့များကို ဦးတည်ပြီး သင်တန်းပို့ချပေးလျက်ရှိကြောင်းနှင့် အခြားသော ဆက်စပ်ရာမေးခွန်းများကို ဖြေကြားပေးခဲ့ပြီး ညနေ (၃း၃၀) အချိန်တွင် တွေ့ဆုံဆွေးနွေးမှုကို အဆုံးသတ်သွားကြောင်း သိရှိရပါသည်။

ခွန်ထီစွူ

Powered by Blogger.