Tuesday, January 27, 2015

နောင်တောင်း မြရတနာခန်းမတွင် English Access Micro-Scholarship Program ဖွင့်ပွဲ အခမ်းအနား ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ ဇန်န၀ါရီလ (၂၈) ရက်




ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ နောင်တောင်းဘုန်တော်ကြီးကျောင်း၊ မြရတနာခန်းမတွင် ၂၀၁၅ခုနှစ်၊ ဇန်န၀ါရီလ(၂၄)ရက်၊ စနေနေ့၌ English Access Micro-Scholarship Program ဖွင့်ပွဲ အခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ အမေရိကန်သံအမတ် Mr. Jamie Ravetz ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ ဦးစီးဥက္ကဌ ဦးခွန်စံလွင်၊ (ရန်ကုန်) ပါရမီ လူ့မှုကူညီရေး သဘာပတိ ဦးပြည့်ဝေထွန်း၊ English Access Micro-Scholarship Program၏ စီမံကိန်း (Project) ဒါရိုက်တာ ထွန်းအောင်နှင့်  ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ပြီး နောင်တောင်းဆရာတော် အမှာစကားမွက်ကြားကာ အခမ်းအနားကို စတင်ခဲ့ပါသည်။
ထိုနောက် တက်ရောက်လာကြသော လူကြီးမင်းများ အမှာစကားအသီးအသီး ပြောကြား၍ အသေးစား English Access Micro-Scholarship Program (အင်္ဂလိပ်ဘာသာ ပညာတော်သင်ဆု အစီအစဉ်) ကျင်းပရခြင်းအကြောင်းပါ ရှင်းလင်းတင်ပြပြီး ပအိုဝ်းရိုးရာအက၊ ရှမ်းရိုးရာအကများဖြင့် ဆက်လက်ဖျော်ဖြေသွားခဲ့ပါသည်။
အမေရိကန်နိုင်ငံ ပညာရေးနှင့် ယဉ်ကျေးမှုရေးရာ ဗျူရို၏ ပံ့ပိုးမှုဖြင့် ဖွင့်လှစ်သည့် English Access Micro-Scholarship Program သည် အသက်(၁၃)နှစ်နှင့် (၁၈)နှစ်ကြား ပညာထူးချွန်သော်လည်း ပညာဆည်းပူးရန်အခွင့်အလမ်းနည်းပါးသော ကျောင်းသူ/ကျောင်းသားများအား အင်္ဂလိပ်စာကို (၂)နှစ်ဆက်တိုက် ကျောင်းချိန်ပြင်ပတွင် သင်ကြားပေးသွားမည့် ပညာသင်ဆု သင်တန်းဖြစ်သည်။ သင်တန်းတက်ရောက်ခွင့်ရရှိသော ကျောင်းသူ/ကျောင်းသားများသည် အမေရိကန်သံရုံး၏ ထောက်ပံ့မှု၊ သင်တန်းနည်းပြဆရာ၊ ဆရာမများ၏ စီစဉ်မှုဖြင့် သင်ရိုးညွန်းတမ်းပြင်ပဖွံ့ဖြိုးရေးလုပ်ငန်းများတွင်လည်း ပါဝင်ခွင့်ရရှိမည့်အပြင် အမေရိကန်ယဉ်ကျေးမှုနှင့် စံတန်ဖိုးများကို လေ့လာခွင့်ရရှိမည် ဖြစ်ပါသည်။
ယခုအခါ မြန်မာနိုင်ငံအနှံရှိ မြို့(၉)မြို့ဖြစ်သော မြစ်ကြီးနား၊ စစ်ကိုင်း၊ ကျောက်ဆည်၊ မော်လမြိုင်၊ မန္တလေး၊ ဟိုပုံး၊ ပြည်၊ ပုသိမ်နှင့် ဘားအံမြို့များတွင် Access သင်တန်းများကို ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။ ဘားအံ Access သင်တန်းတွင် ကရင်၊ ဗမာ၊ မွန်၊ ရခိုင်၊ ပအိုဝ်း၊ ပသီ တိုင်းရင်းသားပေါင်းစုံ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်နှင့် မူဆလင်ဘာသာဝင်ပေါင်းစုံပါဝင်သော သင်တန်းသူ(၂၀)နှင့် သင်တန်းသား(၂၀)တို့ တက်ရောက်နေကြပါသည်။ Access သင်တန်းတက်ရောက်ပြီး ထူးချွန်သူများသည် အမေရိကန်အစိုးရ၏ ပညာသင်ဆုဖြင့် အမေရိကန်နိုင်ငံတွင် ပညာရေးနှီးနှောဖလှယ်ပွဲများ တက်ရောက်ခွင့်ရရှိလျက်ရှိပြီး၊ တက္ကသိုလ်နှင့် ကောလိပ်များတွင်လည်း ပညာဆည်းပူးလေ့လာခွင့်များ ရရှိနေကြပြီဖြစ်ကြောင်း သိရှိရပါသည်။

ခွန်ထင်းလေအောင်း



Powered by Blogger.