Thursday, February 5, 2015

(၆၆) ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ် ပုံတူပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲကို ပထမတောင်ကျောင်းကြီးတွင် ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၆) ရက်

၂၀၁၅ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်၊ တနင်္ဂနွေနေ့၌ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ပထမတောင်ကျောင်းကြီး ကျောင်းတိုက်တွင် (၆၆) ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ် ပုံတူ ပန်းချီနှင့် စာစိစာကုံးပြိုင်ပွဲကို ပြုလုပ်ကျင်းပခဲ့ပါသည်။


ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ်ကို တစ်နှစ်ထက်တစ်နှစ် ကဏ္ဍပြည့်စုံအောင် ကျင်းပလျက်ရှိရာ အဆိုပါ ပုံတူပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲကို ယခုနှစ်များအတွင်း ပါဝင်ထည့်သွင်း ကျင်းပခြင်း ဖြစ်ပါသည်။ ယခုနှစ် စာစီစာကုံးပြိုင်ပွဲဝင် ဦးရေမှာ အထက်တန်းအဆင့် (၁၃)ဦး၊ အလယ်တန်းအဆင့် (၁၇) ဦးနှင့်  ပုံတူပန်းချီ ပြိုင်ပွဲဝင် ဦးရေမှာ အထက်တန်း(၁၈)ဦး၊ အလယ်တန်း (၃၆) ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။


စာစီစာကုံး၊ ပန်းချီပြိုင်ပွဲများ ပြုလုပ်ရခြင်းမှာ ကျောင်းသား/သူများ ဥာဏ်ရည်ဥာဏ်သွေး အတွေးအခေါ်များကို ဖော်ထုတ်တင်ပြနိုင်စေရန်၊  မိမိဖတ်ရှုထားသော ဗဟုသုတစာပေများမှ အကောင်းမွန်ဆုံး၊ အလှပဆုံးကဗျာတို၊ လင်္ကာတိုနှင့် ဆောင်ပုဒ်များကို အလျဉ်းသင့်သလို သုံးနှုန်းရေးဖွဲ့တတ်စေရန်၊ ပအိုဝ်းတိုင်းရင်းသားများ၏ လူနေမှုဘ၀နှင့် ဘက်စုံကဏ္ဍများတွင် ကျောင်းသား/သူများ ပိုမိုသိရှိ လေ့လာနိုင်စေရန်၊ လောကကြီးအလှ မြင်တတ်ရန်၊ အသစ်အဆန်း တီထွင်ဖန်တီးတတ်စိတ်ရှိရန်၊ ပန်းချီအနုပညာ စွမ်းရည်ဖြင့် စိတ်ဓာတ် ယဉ်ကျေးသိမ်မွေ့စေရန် ရည်ရွယ်ခြင်းဖြစ်သည်။
ဆုရရှိသောသူများကို ဖိတ်စာဖြင့် ဖိတ်ကြားပြီး ပအိုဝ်းအမျိုးသားနေ့ကျင်းပရာ ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေး(ဒဲဉ်သီးဗွေ) ကွင်းတွင် (၂-၃-၂၀၁၅)၊ တနင်္ဂလာနေ့ည၌ ဆုချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ခွန်ထင်းလေအောင်း

Powered by Blogger.