နေပြည်တော်၊ ၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၈) ရက်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးမှ (၁၇-၂-၂၀၁၅) ရက်နေ့ ရက်စွဲဖြင့် တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသော ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား အရေးပေါ်အခြေနေကြေငြာလိုက်ကြောင်းသိရှိရပါသည်။ အဆိုပါ ကြေငြာချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည် -
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်(၁/၂၀၁၅)
၁၃၇၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၄ ရက်
(၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်)
အရေးပေါ်အခြေအနေ ကြေညာခြင်း
၁။ ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်၍ ကိုးကန့်သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားလာသဖြင့် ပြည်သူ များ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြစ်မှု ဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ တားမြစ်မိန့် ထုတ်ပြန်၍ ထိန်းသိမ်းဆောင်ရွက်ခဲ့ပါသည်။
၂။ သို့သော်လည်း အကြမ်းဖက်တိုက်ခိုက်မှုများ ပိုမိုများပြား ကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ဆောင်ရွက်ရုံဖြင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်စွမ်းမရှိတော့ကြောင်း တွေ့ရှိရပါသည်။ ဤကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ်ပြုသည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်နေကြောင်း တွေ့ရှိရသဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၂၊ ပုဒ်မခွဲ (က) အရ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ယနေ့မှစ၍ အရေးပေါ်အခြေအနေကြေညာလိုက်သည်။
၃။ ဤအမိန့်သည် ယနေ့မှစ၍ ရက်ပေါင်း (၉၀)အထိ အတည်ဖြစ်သည်။
(ပုံ)သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ကိုးကား။ www.president-office.gov.mm
Like On Facebook
Follow On Twitter
Subscribe On RSS