Monday, February 16, 2015

RCSS/SSA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်၊ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီထံသို့ သွားရောက်လည်ပတ်ကာ ရင်းရင်းနှီးနှီးတွေ့ဆုံ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၆) ရက်

Photo - PNO Media
၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီိလ (၁၆) ရက်၊ တနင်္လာနေ့၌ RCSS/SSA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်နှင့် အဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျောက်တလုံးကြီးမြို့ရှိ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီထံသို့ သွားရောက်လည်ပတ်ကာ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီ၏ နေအိမ်တွင် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ရှမ်းပြည်နယ်အတွင်းရှိ ပြည်သူများ အကျိုးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Photo - PNO Media
ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်နှင့်အဖွဲ့ ရောက်ရှိလာချိန်တွင် ကျောက်တလုံးကြီးမြို့နယ်ခွဲ ရပ်မိရပ်ဖများက “ပြည်ထောင်စုငြိမ်းချမ်းရေး ရရှိရန် မင်္ဂလာလက်မှတ်ရေးထိုးခြင်းကို ကြိုဆိုပါ၏” စာတမ်းငယ်များကိုင်ဆောင်ကာ ကြိုဆိုခဲ့ကြသည်။ ထို့နောက် ပအိုဝ်းအမျိုးသားခေါင်ဆောင် ဦးအောင်ခမ်းထီနေအိမ်သို့ ရောက်ရှိရာ နှစ်ဦးနှစ်ဖက် ရင်းရင်းနှီးနှီး တွေ့ဆုံမိတ်ဆက်ခဲ့ကြပါသည်။

ထိုသို့တွေ့ဆုံရာတွင် RCSS/SSA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်က “ မိမိတို့အနေနှင့် ဤကဲ့သို့ လာရောက်တွေ့ဆုံရခြင်းမှာ ရှမ်းနှင့်ပအိုဝ်း စည်းလုံးညီညွတ်မှု ရရှိရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ထိုသို့ စည်းလုံးညီညွတ်မှုရရှိရန် ရှမ်းနှင့်ပအိုဝ်း စာသင်ကျောင်းများ ဖွင့်လှစ်သင့်ကြောင်း၊ ထို့ပြင် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန် တိုင်းရင်းသားများ ညီညွတ်ရန် လိုအပ်ကြောင်း၊ စည်းလုံးညီညွတ်မှုရယူရာတွင် ယုံကြည်မှုသည် အရေးကြီးကြောင်း၊ မိမိအနေနှင့်လည်း ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်အောင် တတ်နိုင်သမျှ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း” ပြောကြားသွားပါသည်။


Photo - PNO Media

ပအိုဝ်းအမျိုးသားခေါင်းဆောင်ဦးအောင်ခမ်းထီက “ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရာတွင် ငြိမ်းချမ်းရေးသည် မရှိမဖြစ် လိုအပ်ကြောင်း၊ တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရှမ်းလူမျိုးနှင့် ပအိုဝ်းလူမျိုးများသည် ခေတ်စနစ်ဟောင်းကြောင့် ဖွံ့ဖြိုးမှု ဆုတ်ယုတ်ခဲ့ကြရကြောင်း၊ ယခုလက်ရှိအချိန်တွင် ရှမ်းပြည်နယ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ် အပေါ်တွင် များစွာ တည်မှီနေပါကြောင်း၊ ခေတ်စနစ်၏ တောင်းဆိုမှုအရ ငြိမ်းချမ်းရေးယူ၍ မှန်ကန်သော လမ်းစဉ်များ ချမှတ်ပေးရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံသည် အခြားသောနိုင်ငံနှင့် နှိုင်းယှဉ်လျှင် သေးငယ်သော နိုင်ငံသာဖြစ်၍ တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးသည် အရေးကြီးကြောင်း၊  ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ် အနေနှင့် ဤကဲ့သို့ လာရောက် တွေ့ဆုံသည်ကို ၀မ်းသာမိပါကြောင်း” ပြန်လည်ပြောကြားသွားပါသည်။


Photo - PNO Media
ထို့နောက် RCSS/SSA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်နှင့် အဖွဲ့သည်  ကျောက်တလုံးကြီးမြို့မှ ပြန်လည်ထွက်ခွါသွားပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဦးခွန်စံလွင်နှင့် ဟိုပုံးရန်ကင်းဘုန်းကြီးကျောင်းသို့ လည်းကောင်း၊ ဆမ်ဆိုင်ကျေးရွာသို့လည်းကောင်း သွားရောက်လည်ပတ်ခဲ့ပြီး ပြည်သူလူထုများနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။

Photo - PNO Media
Photo - PNO Media
Photo - PNO Media
Photo - PNO Media
Photo - PNO Media




ခွန်ထင်းလေအောင်း
   

Powered by Blogger.