Thursday, April 2, 2015

ဆဋ္ဌမအကြိမ်၊ ပအိုဝ်းအမျိုးသားညီလာခံသို့ တင်သွင်းသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၏ အစီရင်ခံစား အပိုဒ် (၁)

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ ဧပြီလ (၂ ) ရက်
နိဒါန်း
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီအနေဖြင့် ပဉ္စမအကြိမ် တင်သွင်းသောအစီရင်ခံစာတွင် နိဒါန်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စီမံခန့်ခွဲရေးနှင့် ရှေ့လုပ်ငန်းစဉ်ဟူ၍ အစဉ်လိုက် တင်ပြအစီရင်ခံထားပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ကိုလိုနီနယ်ချဲ့လက်အောက်မှ လွတ်မြောက်ရန် လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလနှင့် လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းတွင် နိုင်ငံတော်ကိုရန် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေများဖြစ်သည့် ပါလီမန်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်သည့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တစ်ပါတီစနစ်ကို အခြေခံလျက် ဆိုရှယ်လစ်ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်သည့် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပါတီစုံဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ် ထူထောင်နိုင်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေများကို သုံးကြိမ်တိုင် ရေးဆွဲပြဋ္ဌာန်းခဲ့ပါသည်။ ထိုဖွဲ့စည်းပုံအခြေခံဥပဒေတိုင်းတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အပြင် နိုင်ငံတွင်းတွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ထွန်းကားစေရန် ပြဋ္ဌာန်းပါရှိခဲ့ပါသည်။
သို့သော် တိုင်းရင်းသားတိုင်းကလိုလားသော ပင်လုံစာချုပ်ပါ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံသားများ မူလအခွင့်အရေးဖြစ်သော နိုင်ငံတော်သည် မည်သူမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်။ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရပိုင်ခွင့်ပေးရမည်ဆိုသည့် ပြဋ္ဌာန်းချက် အပြည့်အဝရယူနိုင်ရန် လိုအပ်ပါသည်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်အနေဖြင့် မိမိတိုင်းရင်းသားနှင့်တကွ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်လျှက်ရှိကြသော တိုင်းရင်းသားအားလုံး၏ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအပြီး လူအရင်းအမြစ်ကို ဖော်ဆောင်ပေးနိုင်သော ပညာရေးစနစ်နှင့် အခြားလူမှုဒုက္ခအဖုံဖုံကို ကျော်လွှားနိုင်အောင် ကြိုးစားဖော်ဆောင်လျှက်ရှိပါသည်။ ထို့ပြင် မိမိတို့ မျိုးနွယ်စု အတွင်းမှာလည်း စစ်မှန်သော မျိုးချစ်စိတ်ဓါတ်ကို ထာဝစဉ်ရှင်သန် ထွန်းကားစေပြီး မိမိတို့၏အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် မျိုးနွယ်တို့ကို ထာဝစဉ်စောင့်ရှောက်နိုင်သော မျိုးချစ်စိတ်ဓါတ် ကိန်းအောင်းစေရန် သားစဉ်မြေးဆက်အထိ ထိန်းသိမ်းစောင့်ရှောက် ဖော်ထုတ်မြှင့်တင်ပေးနိုင်သော၊ ကောင်းသောအမျိုးသား အင်္ဂါလက္ခဏာများ၊ ကောင်းသောအမွေခံများ ပေးနိုင်ရန်၊ လက်ကမ်းခံယူနိုင်ရန် အားသွင်းကြိုးပမ်း ဆောင်ရွက်လျှက်ရှိပါသည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ဒီမိုကရေစီရင့်ကျက်ပြီးသည်နှင့် တိုင်းရင်းသားများ လိုလားတောင့်တနေသော စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းရန် ပါတီအနေဖြင့် ပြည်ထောင်စုဖွား တိုင်းရင်းသားများနှင့် လက်တွဲပြီး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

နောက်ခံနိုင်ငံရေးဖြစ်စဉ်
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်သည် တောင်ပေါ်မြေပြန့် ပအိုဝ်းတိုင်းရင်းသား၏ သမိုင်းရေစီးကြောင်းအရ လိုအပ်၍ ပေါ်ပေါက်လာရသော အဖွဲ့ဖြစ်ကြောင်း၊ ပအိုဝ်းလူမျိုးတိုင်း သိရှိထားရန် လိုအပ်ကြောင်း၊ တင်ပြလိုပါသည်။ အကြောင်းမှာ သမိုင်းအရှည်ကိုကြည့်ရန် မလိုပေ။ ကိုလိုနီခေတ်နောက်ပိုင်း တိုင်းရင်းသားကို လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလနှင့် လွတ်လပ်ရေးရရှိပြီး ပါလီမန်ဒီမိုကရေစီစနစ်နှင့် ပူးတွဲပဒေသရာဇ် အုပ်ချုပ်စဉ် ကာလတွင် ပအိုဝ်းလူမျိုးတို့ ရပ်တည်ခဲ့ရသည့် ဘ၀သည် အခိုင်းအစေခံလူတန်းစား၊ မျက်စိမှိတ်နားပိတ် ခဲ့ရသည့်ဘ၀၊ မူးယစ်ဆေးဝါးနှင့် လောင်းကစားလောင်းရိပ်အောက်တွင် အစဉ်မွေ့လျှော်နေအောင် အုပ်ချုပ်သူ လူတန်းစားက ဖန်တီးထားသောဘ၀၊ လူရာအသွင်းမခံရ၍ မိမိကိုယ်မိမိ ပအိုဝ်းပါဟု ထုတ်ဖော်ပြောဆိုရန် ရှက်၍ အားငယ်နေရသည့်ဘ၀ ကြုံတွေ့ခဲ့ရပါသည်။ ဤသို့ ဖြစ်ရခြင်းမှာ ဒီမိုကရေစီအခြေခံ လူ့အခွင့်အရေးများ ဆိတ်သုဉ်းစေခြင်းမှာ ပဒေသရာဇ်နိုင်ငံရေး အကြောင်းရင်းခံကြောင့် ဖြစ်ကြောင်း၊ အရင်းစစ်လျှင် အမြစ်ရှာတွေ့သော ပအိုဝ်းခေါင်းဆောင်များက ပဒေသရာဇ်တော်လှန်ရေးကို ၁၉၄၉-ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် တော်လှန်ခဲ့ပြီး ၁၉၅၉-ခုနှစ်တွင် ပဒေသရာဇ်များ အပြီးအပိုင် အာဏစွန့်ခဲ့ရ၍ ပအိုဝ်းလူမျိုးများ အောင်ပွဲခံနိုင်ခဲ့ပါသည်။
ထိုကာလတွင် ပအိုဝ်းလူမျိုးများသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် ပြန့်နှံ့စွာ နေထိုင်ခဲ့ကြပြီးဖြစ်သည့်အလျှောက် မြေပြန့်ဒေသ သထုံခရိုင်တွင် ဦးလှဖေ၊ ဦးဘိုးမျှင်၊ ဦးပြုံး၊ ဦးအောင်သာတို့ ဦးဆောင်သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ကို တည်ထောင်ခဲ့ပြီး ရှမ်းပြည်နယ်တွင် ဦးဖြူ၊ ဦးဘိုးခင်၊ ဦးဟိန်မောင်တို့နှင့် ဦးအောင်သာ၊ ဦးဟိန်ရှန်းငွေတို့ ဦးဆောင်သော ပအိုဝ်လွောင်ဗူ ဖွဲ့စည်းပြီး ပအိုဝ်းအရေး ဖော်ထုတ်ကြပါသည်။ ၁၉၄၈-ခုနှစ်တွင် သထုံမြို့၊ မော်ကျော့ရပ်၊ ရေကျော်ဘုန်းကြီးကျောင်းဝင်းတွင် ပအိုဝ်းလူထုဆန္ဒပြပွဲတစ်ရပ်မှ တောင်းဆိုချက်(၂)ရပ်ဖြစ်သော ပအိုဝ်းလူမျိုးကို တောင်သူဟု ခေါ်ဆိုနေခြင်းမှ ပအိုဝ်းလူမျိုးဟု အသိအမှတ်ပြုပေးပါရန်နှင့် ပအိုဝ်းတို့အား တပ်မတော် ဖွဲ့ပေးရန် တောင်းဆိုချက်ကို ပြည်ထောင်စုအစိုးရသို့ ပေးပို့ခဲ့ပါသည်။ ထိုအချိန်မှစ၍ ပအိုဝ်းတို့ မြန်မာ နိုင်ငံရေးဇာတ်ခုံပေါ်သို့ ဝင်ရောက်ခြေနင်း စပြုလာခဲ့ပါသည်။
ပအိုဝ်းတိုင်းရင်းသားများသည် ပြည်ထောင်စုပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(ပအမဖ)ကို ၁၉၅၀-ခုနှစ်၊ ဩဂုတ်လ (၁)ရက်နေ့မှစ၍ယာယီအဖွဲ့ကို စနစ်တကျ ဖွဲ့စည်းတည်ဆောက်ခဲ့ပါသည်။ ၁၉၅၁-ခုနှစ်၊ မတ်လ(၁) ရက်နေ့တွင် ပအိုဝ်းတမျိုးသားလုံးညီလာခံက ပြည်ထောင်စုပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(ပအမဖ)၏ ဖွဲ့စည်းပုံ စည်းမျဉ်းကို အတည်ပြုပြဌာန်းပေးနိုင်ခဲ့သည်။ ကြီးလေးကျယ်ပြန့်သော အမျိုးသားတာဝန် ထမ်းဆောင်နိုင်ရန် ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ)ကို ၁၉၅၂ ခုနှစ်၊ ဇွန်လ(၆)ရက်တွင် ဖွဲ့စည်းခဲ့ပါသည်။ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ)ကို ၁၉၆၂-ခုနှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲကြောင့် ရပ်စဲခြင်းခံခဲ့ရပါသည်။ ၁၉၈၈-ခုနှစ်တွင် ပါတီစုံဒီမိုကရေစီစနစ် အကောင် အထည်ဖော် ဆောင်ရွက်ခွင့်အတွက် နိုင်ငံရေးပါတီဖွဲ့စည်းခွင့် ပြန်လည်ရရှိခဲ့သဖြင့် ရှေးအစဉ် အဆက်ဆက်က နိုင်ငံရေးအစဉ်အလာ အရှိန်အဝါရှိခဲ့သော ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ)ကို ဖွဲ့စည်းပုံစည်းမျဉ်းနှင့် အညီ ပွဲစားဦးမောင်ငွေ၊ ပွဲစားဦးကျော်သိန်းနှင့် ဦးခွန်မောင်တုတ်တို့ ပါဝင်သော (ပအမဖ)အဖွဲ့ နိုင်ငံရေးပါတီကို ဖွဲ့စည်းပြီး တပ်မတော်အစိုးရကျင်းပပေးခဲ့သော ပါတီစုံရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အာဏာရပါတီသို့ အာဏာလွှဲပြောင်းခြင်းမရှိသဖြင့် ပါတီအသီးသီးသည် နှစ်ကြာလာသည်နှင့်အမျှ ဆိတ်သုဉ်းခဲ့ရပြီး ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ)လည်း ထိုသို့ ဖြစ်ခဲ့ရပါသည်။ သို့သော် (ပအမဖ)ခေါင်းဆောင်များ ဖြစ်သော ဦးမောင်ငွေ၊ ဦးကျော်သိန်း၊ ဦးခွန်မောင်တုတ်နှင့် ဦးခွန်သိန်းဖေတို့သည် အမျိုးသားအပေါ် တာဝန်ကျေပွန်စွာ  ထမ်းဆောင်ခဲ့ပါသည်။
၂၀၁၀-ခုနှစ်၊ မတ်လ(၂၄-၂၅)ရက်နေ့တွင် တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ဏြဥ)၏ ဗဟိုဌာနချုပ်ရုံးတွင် ကျင်းပသော ပဉ္စမအကြိမ်မြောက် ပအိုဝ်းအမျိုးသားများ ညီလာခံ၏ ဆုံးဖြတ်ချက်အရ မူလ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ)အမည်ကို ဆက်လက် အသုံးမပြုတော့ပဲ လက်ရှိ တည်ရှိ နေသော အခြေအနေနှင့်အချိန်အခါအရ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ဏြဥ)အဖြစ် ပ-အ-မ-ဖမူဝါဒ လမ်းစဉ် အတိုင်း ပအိုဝ်းလူမျိုးများ၏ အရေးအရာကို တစ်ခုတည်းသော ဦးဆောင်နိုင်ငံရေးပါတီအဖြစ် ဆက်လက် ဦးဆောင်စေခဲ့သည်။ အကြောင်းမှာ ၁၉၇၅-ခုနှစ်တွင် ရှမ်းပြည်နယ်လူမျိုး ပေါင်းစုံလွတ်မြောက်ရေး အဖွဲ့(ရလလဖ) တည်ထောင်ခဲ့ရာမှ ယင်းအဖွဲ့အစည်းတွင် ကွန်မြူနစ်ပါတီ လက်အောက်ခံ(ဝါဒရေးရာ)ကို လက်ခံသောအဖွဲ့နှင့် အမျိုးသားနိုင်ငံရေးကိုသာ ဖော်ဆောင်လိုသောအဖွဲ့ဟု သဘောထားကွဲရာမှ ဝါဒရေးရာကို လက်ခံသော(ရလလဖ) ပအိုဝ်းနီနှင့် ပအိုဝ်းလူမျိုးကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် အမျိုးသား အသွင်ဆောင်သော တနည်းအားဖြင့် ရှေးအစဉ်အလာက ပအိုဝ်းခေါင်းဆောင်များ ချမှတ်ပေးခဲ့သော အမျိုးသား ရေးဝါဒလမ်းစဉ်ကို ဆက်လက်ကျင့်သုံးသော ဦးအောင်ခမ်းထီ ဦးဆောင်သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ဏြဥ)(သို့မဟုတ်)ပအိုဝ်းဖြူဟူ၍ ပအိုဝ်းနိုင်ငံရေးတွင် အဖွဲ့(၂)ဖွဲ့ ကွဲကြပြန်သည်။ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်သည် ၁၉၉၁-ခုနှစ်ထိ တောတွင်းလက်နက်ကိုင်အဖြစ် ဆက်လက်ရပ်တည်လာခဲ့ရာမှ  ၁၉၉၁-ခုနှစ်၊ ဧပြီလတွင် တပ်မတော်အစိုးရနှင့် သဘောတူညီမှုရယူပြီး ငြိမ်းချမ်းရေး ရယူခဲ့ပါသည်။ ထိုအချိန်မှစ၍ ပအိုဝ်းဒေသ ဖွံ့ဖြိုးရေးအတွက် အဘက်ဘက်မှ လိုအပ်နေသော ဖွံ့ဖြိုးရေးလုပ်ငန်းရပ်များကို စဉ်ဆက်မပြတ်  ဆောင်ရွက် လာခဲ့ရာ ၂၀၁၀-ခုနှစ် ပါတီစုံဒီမိုကရေစီစနစ်အထိ ဖြစ်ပါသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်သည် ၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒပြဋ္ဌာန်းပြီး နိုင်ငံရေး ပါတီတစ်ခုအဖြစ် ရပ်တည်နိုင်ရန် လျှောက်လွှာကို (၃၁-၃-၂၀၁၀)ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နေပြည်တော်သို့ လျှောက်ထားရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နေပြည်တော်မှ (၁၃-၅-၂၀၁၀)ရက်နေ့တွင် နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုကြောင်း ခွင့်ပြုမိန့် ရရှိပြီး ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(ဏြဥ) နိုင်ငံရေးပါတီ၏ မှတ်ပုံတင်အမှတ်(၅)ဖြင့် ခွင့်ပြုမိန့်အရ ရည်ရွယ်ချက်ကြီးကြီးဖြင့် အမျိုးသားရေးတာဝန် ဆက်လက်အမွေခံခဲ့ပါသည်။ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့၏ မူဝါဒလမ်းစဉ်၊ သမိုင်းကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်အနေဖြင့် ဆက်လက်ကျင့်သုံး အကောင်အထည်ဖေါ်ခြင်းဖြစ်ကြောင်း၊ ညီလာခံအကြိမ်သည် (ပအမဖ)အဖွဲ့ချုပ်၏ ညီလာခံအကြိမ်ကို ဆက်လက်သုံးစွဲခြင်း ဖြစ်ပါသည်။






ပြည်ထောင်စုပအိုဝ်းအမျိုးသားညီလာခံ ကျင်းပခြင်း

ပထမအကြိမ် ပအိုဝ်းအမျိုးသားညီလာခံကျင်းပခြင်း
ပြည်ထောင်စုပအိုဝ်း အမျိုးသားအဖွဲ့ချုပ်၏ ပထမအကြိမ် ညီလာခံ ၁၉၅၂-ခုနှစ်၊ ဇွန်လ(၂၁)ရက်နေ့မှ (၂၂)ရက်နေ့အထိ တောင်ကြီးမြို့၊ မြို့မရုပ်ရှင်ရုံတွင် ကျင်းပခဲ့ပါသည်။ ပထမအကြိမ် အမျိုးသားညီလာခံတွင်  ဆုံးဖြတ်ချက်(၇)ချက် ချမှတ်နိုင်ခဲ့ပါသည်။

ဒုတိယအကြိမ် ပအိုဝ်းအမျိုးသားညီခံလာကျင်းပခြင်းဒုတိယအကြိမ် ပြည်ထောင်စုပအိုဝ်း အမျိုးသားအဖွဲ့ချုပ်ညီလာခံ ကျင်းပနိုင်ရေးအတွက် ပဏာမပြင်ဆင်မှု ညီလာခံတစ်ရပ်ကို ၁၉၅၄-ခုနှစ်၊ နောင်ကားခရိုင်၊ နောင်ယွေးကျေးရွာတွင် ကျင်းပခဲ့သည်။ ထိုပဏာမ ပြင်ဆင်မှု ညီလာခံမှ ဆုံးဖြတ်ခဲ့သည်မှာ-
        (၁)    ပဒေသရာဇ်စော်ဘွား အာဏာစွန့်လွှတ်မှု အမြန်ဆုံးအကောင် အထည်ဖော်ရန်။
        (၂)    ပအိုဝ်းအမျိုးသားများ၏ ဂုဏ်အင်္ဂါများနှင့်အညီ အခွင့်အရေးများ သတ်မှတ်ပေးရန်။
        (၃)    ပညာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုလုပ်ငန်းများ စနစ်တကျ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။

ပဏာမညီလာခံကျင်းပပြီး ဒုတိယအကြိမ် ပြည်ထောင်စုပအိုဝ်းအမျိုးသားများ ညီလာခံကို ၁၉၅၅-ခုနှစ်၊ ဖေဖော်ဝါရီလ(၆)ရက်နေ့ တောင်ကြီးမြို့၊ ဗန္ဓုလရုပ်ရှင်ရုံတွင် ကျင်းပခဲ့သည်။
ဒုတိယအကြိမ်ညီလာခံမှ ဆုံးဖြတ်ခဲ့သည်မှာ-
    (၁)        ပအိုဝ်းအမျိုးသားများ ကိုယ်ပိုင်ပြဌာန်းခွင့်ဒေသ သတ်မှတ်ပေး ရန်။
    (၂)        ပဒေသရာဇ်ဇော်ဘွားများ အမြန်ဆုံး အာဏာစွန့်လွှတ်ရန်။
    (၃)        ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုကိစ္စများ သုတေသနပြုရန်။
    (၄)        ဖမ်းဆီးခံ ပအိုဝ်းအမျိုးသားခေါင်းဆောင်များ အမြန်ဆုံးလွှတ်ပေးရန်။
    (၅)        ကျူးကျော်သူ တရုတ်ဖြူအား တိုက်ခိုက်နေသည့် တပ်မတော်အား ချီးကျူးဂုဏ်ပြုရန်။
စသည်တို့ ဖြစ်သည်။

တတိယအကြိမ် အမျိုးသားညီလာခံ ကျင်းပခြင်း
ပအိုဝ်းအမျိုးသား တတိယအကြိမ်ညီလာခံ မကျင်းပမီ ၁၉၅၈ -ခုနှစ်၊ မေလတွင် ပအိုဝ်းလက်နက်ကိုင်အင်အား (၁၂၀၀)ကျော် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ပအမဖ ခေါင်းဆောင်(၆)ဦးနှင့် ပအလဖ ခေါင်းဆောင် (၅)ဦး စုစုပေါင်း(၁၁)ဦး ပါဝင်သော  ယာယီကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။
ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၏ တတိယအကြိမ် အမျိုးသား ညီလာခံကို ၁၉၅၉-ခုနှစ်၊ မတ်လ(၂၀)ရက်နေ့မှ (၂၂)ရက်နေ့အထိ တောင်ကြီးမြို့၊ ပထမတောင်ကျောင်းကြီး စာသင်တိုက်တွင် ကျင်းပခဲ့ပါသည်။ ထိုတတိယအကြိမ်ညီလာခံက တင်သွင်းသော အဆိုဆုံးဖြတ်ချက်များမှာ-
    (၁) စီးပွားရေးအဆို ဆုံးဖြတ်ချက်(၂)ခု
    (၂) ပညာရေးအဆို ဆုံးဖြတ်ချက်(၄)ခု
    (၃) ကျန်းမာရေးအဆို ဆုံးဖြတ်ချက်(၆)ခု
    (၄) ဘာသာရေးအဆို ဆုံးဖြတ်ချက်(၅)ခု ဆုံးဖြတ်ခဲ့ပါသည်။

စတုတ္ထအကြိမ် အမျိုးသားညီလာခံ ကျင်းပခြင်း
ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၏ စတုတ္ထအကြိမ် အမျိုးသားညီလာခံအစည်းအဝေးကို ၁၉၉၀-ပြည့်နှစ်၊ မတ်လ(၇)ရက်နေ့မှ (၉)ရက်နေ့အထိ တောင်ကြီးမြို့၊ အမှတ်(၉၈)၊ ကုန်သည်လမ်း၊ ဈေးပိုင်းရပ်၊ ပအိုဝ်းတမျိုးသားလုံးပိုင် အဆောက်အဦးတွင် ကျင်းပပြုလုပ်ပြီး ညီလာခံမှ ရှေ့လုပ်ငန်းစဉ် ဆုံးဖြတ်ချက်များ (၁၂)ခု ချမှတ်နိုင်ခဲ့ပါသည်။ ဆုံးဖြတ်ချက်များ၏ ကောက်နုတ်ချက်များမှာ-
(၁) ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ)၏ ကျေးရွာအုပ်စု၊ မြို့နယ်၊ ဗဟိုအဖွဲ့အစည်း အဆင့်ဆင့်ဖွဲ့စည်းကျစ်လစ်မှု ခိုင်မာစေရေး။
(၂) ပအိုဝ်းအမျိုးသားများ၏ စီးပွါးရေးစနစ်သည် စိုက်ပျိုးရေးကို အခြေခံသောစီးပွါးရေးဖြစ်သဖြင့် စိုက်ပျိုးမှု ခေတ်မီတိုးတက်စေရေး။
(၃) ပအိုဝ်းအမျိုးသားထွက်ကုန်များ ပြည်တွင်းပြည်ပ ဈေးကွက်များသို့ တွင်ကျယ်စွာ     ဖြန့်ဖြူးရောင်းချနိုင်ရေး။
(၄) ပအိုဝ်းအမျိုးသားများ၏ စီးပွါးရေးကို အထောက်အကူပြုမည့် ပြည်ပကုန်ပစ္စည်း     မှာယူဖြန့်ဖြူးရေး။
(၅)အမျိုးသားပညာရေးတွင်
(က)    ပအိုဝ်းကျေးရွာတိုင်း မူလတန်းပညာ မသင်မနေရ သင်ကြားရေး။
(ခ)    ကျေးရွာအုပ်စုတိုင်း အလယ်တန်းကျောင်း ဖွင့်လှစ်သင်ကြားရေး။
(ဂ)     မြို့နယ်တိုင်း အထက်တန်းကျောင်း ဖွင့်လှစ်သင်ကြားရေး။
(ဃ)    မြို့နယ်အထက်တန်းကျောင်းတိုင်း ဘော်ဒါဆောင် ဖွင့်လှစ်ထားရှိရေး။
(င) တောင်ကြီးမြို့တွင် တက္ကသိုလ်ဘော်ဒါဆောင် ဖွင့်လှစ်ထားရှိရေး။
(စ) မြို့နယ်တိုင်း တက္ကသိုလ်ထောက်ပံ့ကြေးအဖွဲ့ ဖွဲ့စည်းအကောင်အထည်ဖော်ရေး။
(၆) ကျေးရွာ၊ ကျေးရွာအုပ်စုများတွင် ကျန်းမာရေးဌာန၊ ကျန်းမာရေးဌာနခွဲများ ဖွင့်လှစ်ပေးရေး
(၇) အမျိုးသားကျန်းမာရေးဝန်ထမ်းများ မွေးထုတ်တာဝန်ပေးအပ်ရေး
(၈) တိုင်းရင်းဆေးပညာ အားပေးမြှင့်တင်ရေး
(၉) ပအိုဝ်းစာ ပအိုဝ်းလူမျိုးတိုင်း သင်ကြားတတ်မြောက်ရေး
(၁၀) ပအိုဝ်းအမျိုးသား စာပေသမိုင်း ပြုစုရေး
(၁၁) ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုမြှင့်တင်နိုင်ရေး၊ အမျိုးသားပိုင် အဆောက်အဦးတွင် စာကြည့်တိုက်နှင့် ပြတိုက်ဖွင့်လှစ်ရေး
(၁၂)    ပအိုဝ်းအမျိုးသားများသမိုင်း ပြုစုရေး တို့ဖြစ်သည်။

ပဉ္စမအကြိမ် အမျိုးသားညီလာခံ ကျင်းပခြင်း
ပဉ္စမအကြိမ် ပအိုဝ်းအမျိုးသား ညီလာခံအစည်းအဝေးကို၂၀၁၀-ခုနှစ်၊ မတ်လ(၂၄)ရက်နေ့မှ (၂၅)ရက်နေ့အထိ တောင်ကြီးမြို့၊ အမှတ် (၁၈)၊ အနောက်မြို့ပတ်လမ်း၊ ဈေးပိုင်းရပ်ရှိ ပအိုဝ်းအမျိုး သားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံး အဆောက်အဦးတွင် ကျင်းပပြုလုပ်ရာ ညီလာခံတွင် တက်ရောက်သော ပအိုဝ်းအမျိုးသား အမျိုးသမီးအသိ ပညာရှင်အတတ်ပညာရှင် အလွှာပေါင်းစုံ အကျေအလည် ဆွေးနွေးပြီး ဆန္ဒသဘောထားရယူရာ အမျိုးသားညီလာခံမှ မူလပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ)အမည်ကို ဆက်လက် အသုံးမပြုတော့ဘဲ လက်ရှိတည်ရှိနေသော အခြေအနေနှင့် အချိန်အခါကို ဘက်ပေါင်းစုံမှ သုံးသပ်ပြီး ညီလာခံ တက်ရောက်သူအားလုံးက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)အဖြစ်ပြင်ဆင် ဖွဲ့စည်းရန် ၂၀၁၀-ခုနှစ်၊ မတ်လ (၂၅)ရက်နေ့တွင် တညီတညွတ်တည်း ဆုံးဖြတ်အတည်ပြုခဲ့သည်။
ညီလာခံမှ ဆုံးဖြတ်ချက်များမှာ-
(၁)၂၀၁၀-ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင်ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက်
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နိုင်ငံရေးပါတီအဖြစ် ဖွဲ့စည်းတည်ထောင်ရန်
(၂)ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နိုင်ငံရေးပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊      နေပြည်တော်သို့ သွားရောက် မှတ်ပုံတင်နိုင်ရန် ဦးခွန်စံလွင်နှင့် ဦးခွန်ဝင်းကိုတို့မှ တာဝန်ယူ     သွားရောက် လျှောက်ထားတင်ပြရန်။
(၃) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပါတီ၏ အမှတ်သင်္ကေတ(လိုဂို)တံဆိပ်မှာ နဂါးကို အမှတ်သင်္ကေတအဖြစ် အသုံးပြုရန်
(၄)ပါတီဗဟိုကော်မတီနှင့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များကို(၂၉-၃-၂၀၁၀)ရက်နေ့တွင် ဖွဲ့စည်းပြီးဒေသအသီးသီး၊ မြို့နယ်အသီးသီးတွင် ရပ်ကွက်ကျေးရွာထိ ပါတီဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ပါသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပါတီတွင် ဗဟိုကော်မတီဝင်(၁၁၆)ဦးနှင့် ဗဟိုအလုပ်အမှုဆောင်(၄၁)ဦးဖြင့် ဖွဲ့စည်းပါသည်။ ၂၀၁၀-ပြည့်နှစ်မှ ၂၀၁၅-ပြည့်နှစ်အတွင်း ဗဟိုကော်မတီအစည်းအဝေး အနေဖြင့် နှစ်ကြိမ်သာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ စုစုပေါင်း အစည်းအဝေးပေါင်း(၂၁)ကြိမ်မှ ပအိုဝ်း အမျိုးသားအတွက် အကျိုးပြုစေမည့် ဆုံးဖြတ်ချက် ပေါင်း (၁၁၆)ချက်ကို ချမှတ်နိုင်ခဲ့ပါသည်။ (၂၉-၄-၂၀၁၀) ရက်နေ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ ဖွဲ့စည်းပုံစည်းမျဉ်းနှင့် မူဝါဒများကို အတည်ပြုသည့်အပြင် ပင်လုံ၊ လွိုင်လင်၊ နမ့်စန်၊ လင်းခေး၊ မိုင်းပန်၊ မောက်မယ်၊ ဆီဆိုင်၊ ဟိုပုံး၊ တောင်ကြီး၊ ကျောက်တလုံးကြီး၊ ညောင်ရွှေ၊ ရပ်စောက်၊ ပင်းတယ၊  ကလော၊ နောင်တရားနှင့် ပင်လောင်းမြို့နယ်များကို (၁၅-၅-၂၀၁၀)ရက်နေ့ နောက်ဆုံးထား ဖွဲ့စည်းခဲ့ပြီး ကျန်မြို့နယ်နှင့် အုပ်စုပါတီအဖွဲ့ ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ပါသည်။ မြို့နယ်ဦးစီးကော်မတီကို (၃၆)ဦးဖြင့် ဖွဲ့စည်းပြီး မြို့နယ်အလုပ်အမှုဆောင် အဖွဲ့ကို (၁၅)ဦးဖြင့် ဖွဲ့စည်းရန်နှင့် ကျေးရွာအုပ်စုအမှုဆောင်ကို (၁၅)ဦးနှင့် ဖွဲ့စည်းပြီး ကျေးရွာ အလုပ်အမှုဆောင် အဖွဲ့ကို (၃)ဦးမှ (၅)ဦးအထိ ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ပါသည်။ အစီရင်ခံစာ တင်သွင်းသည်အထိ ဖွဲ့စည်းပြီးသော မြို့နယ်ပါတီပေါင်း(  ) နှင့် ရက်ကွက်ကျေးရွာအုပ်စုပေါင်း(   ) ဖွဲ့စည်းနိုင်ခဲ့ပါသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးဆိုင်းဘုတ်နှင့် တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ရပ်စောက်မြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ ပင်လောင်းမြို့နယ်၊ ကလောမြို့နယ်၊ နောင်တရားမြို့နယ်ခွဲ၊ မောက်မယ်မြို့နယ်၊ လွိုင်လင်မြို့နယ်နှင့် ပင်လုံမြို့နယ် ဆိုင်းဘုတ်တင်ပွဲများကို (၁၈-၇-၂၀၁၀)ရက်နေ့တွင် တပြိုင်တည်း ဆိုင်းဘုတ်များ အောင်မြင်စွာ တင်နိုင်ခဲ့ပါသည်။  ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးနယ်များအတွက် အနီးကပ်ကြီးကြပ်မည့် ဗဟိုဌာနခွဲရုံး သထုံမြို့နယ်ရုံး ဆိုင်းဘုတ်တင်ပွဲကို (၂၉-၇-၂၀၁၂)ရက်နေ့တွင် တင်နိုင်ခဲ့ပါသည်။ သထုံမြို့နယ်အဆင့်  နောင်ကုလား အလယ်ရွာ ဆိုင်းဘုတ်ကို (၄-၇-၂၀၁၂)ရက်နေ့ တွင်လည်းကောင်း၊ ကရင်ပြည်နယ် ဘားအံမြို့နယ် မြိုင်ကလေး ကျေးရွာ အုပ်စုအဆင့်နှင့် ဘားအံမြို့နယ် ကော့ကျိုက်ကျေးရွာ မြို့နယ်အဆင့်ဆိုင်းဘုတ်များကို(၅-၇-၂၀၁၂)ရက်နေ့တွင်လည်းကောင်း၊ ကော့ကရိတ်မြို့နယ်၊ ရေကျော်ကြီးကျေးရွာတွင် မြို့နယ်အဆင့် ဆိုင်းဘုတ် ကို(၆-၇-၂၀၁၂)ရက်နေ့တွင်လည်းကောင်း၊ လှိုင်းဘွဲ့မြို့နယ် ထီလုံကျေးရွာ တွင် မြို့နယ်အဆင့် ဆိုင်းဘုတ်တင်ပွဲကို (၇-၇-၂၀၁၂) ရက်နေ့တွင် လည်းကောင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီး ကျေးရွာတွင် မြို့နယ်အဆင့် ဆိုင်းဘုတ်ကို (၄-၁၁-၂၀၁၂) ရက်နေ့တွင် လည်းကောင်း အသီးသီး ဆိုင်းဘုတ်များ တင်နိုင်ခဲ့ကြောင်း အစီရင်ခံအပ်ပါသည်။ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု ပါတီဝင်များသည် မျိုးချစ်စိတ်ကို အရင်းခံပြီး စည်းလုံးညီညွတ်စွာ လူထုလှုပ်ရှားမှုအသွင်ဖြင့် လှုပ်ရှားနိုင်ခဲ့၍ ၂၀၁၀-ခုနှစ် ပါတီစုံ ရွေးချယ်တင်မြောက်ပွဲတွင် လွှတ်တော် မဲဆန္ဒနယ်(၁၀)ခု ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အားလုံးအနိုင်ရရှိခဲ့ပါသည်။
Powered by Blogger.