Sunday, June 14, 2015

တောင်ကြီးမြို့၊ ပထမတောင်ကျောင်းကြီးကျောင်းတိုက်တွင် (၄)နှစ်ပြည့် ပိဋကတ်ပအိုဝ်းဘာသာပြန် နှစ်ပတ်လည် အစည်းအဝေးပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဇွန်လ (၁၅) ရက်

all photos - PNO Media
ပိဋကတ်ပအိုဝ်းဘာသာပြန်အဖွဲ့မှ ဦးဆောင်၍ (၄) နှစ်ပြည့် ပိဋကတ်ပအိုဝ်းဘာသာပြန် နှစ်ပတ်လည် အစည်းအဝေးကို ၂၀၁၅-ခုနှစ်၊ ဇွန်လ (၁၃) ရက်၊ စနေနေ့၌ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ပထမတောင်ကျောင်းကြီး ကျောင်းတိုက်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။


ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်လာသော ရဟန်းသံဃာတော်နှင့်တကွ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဧည့်ပရိတ်သတ်များက နမောတဿ (၃) ကြိမ် ရွတ်ဆိုပြီး မြတ်စွာဘုရားအား ရှိခိုးပူဇော်၍ အခန်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ၀ါးတောကျောင်းဆရာတော်နှင့် ပထမတောင်ကျောင်းကြီးကျောင်းတိုက် ဆရာတော်တို့  မြွက်ကြားသော သြ၀ါဒတရားကို ခံယူ၍ ပိဋကတ်ပအိုဝ်းဘာသာပြန်အဖွဲ့မှ ဥက္ကဌ ဆရာတော် ဘဒ္ဒန္တကောဝိဒဘိဝံသ  (ဆီဆိုင်)နှင့်  ဒုဥက္ကဌ ဆရာတော် ဘဒ္ဒန္တလက္ခဏသာမိဘိဝံသ (တောင်ကြီး၊ အေးစေတီ) တို့၏ သြ၀ါဒတရားကို ဆက်လက်ခံယူခဲ့ကြပါသည်။


ထို့နောက် ပိဋကတ်ပအိုဝ်းဘာသာပြန်အဖွဲ့မှ အတွင်းရေးမှူး ဆရာတော် ဦးစန္ဒာဝရက (၄) နှစ်အတွင်း ပိဋကတ်ဘာသာပြန်ခြင်းနှင့် ပတ်သက်၍ တွေ့ကြုံရသော အခက်အခဲများ၊ အားသာချက်၊ အားနည်းချက်များနှင့် လုပ်ငန်းသုံးသပ်ချက်များကို လျှောက်တင်ပြီး မြို့နယ်အသီးသီးမှ သံဃာတော်များကို ပထမဆုံး ဘာသာပြန် ပုံနှိပ်ပြီးစီးခဲ့သည့် ပိဋကတ်ပအိုဝ်းဘာသာပြန်ကျမ်းစောင် ကပ်လှူခဲ့ကြပါသည်။


ဆက်လက်၍ ပိဋကတ်ပအိုဝ်းဘာသာပြန်အဖွဲ့ (ဗဟို) မှ တွဲဖက်အတွင်းရေးမှူး ဦးခွန်လာနှင့် စာရင်းစစ် ဆရာခွန်ကိုးတို့က ပိဋကတ်ပအိုဝ်းဘာသာပြန်နှင့် ပတ်သက်၍ ပအိုဝ်းတစ်မျိုးသားလုံးအတွက် များစွာအကျိုးရှိသည်ဖြစ်ကြောင်းစသော ကျေးဇူးတင်စကားလျှောက်ထားပြီး ပိဋကတ်ပအိုဝ်းဘာသာပြန် အဆင်ပြေချောမွေ့ရန်နှင့် ပအိုဝ်းလူထုတရပ်လုံး ဖတ်ရှုနိုင်ရန်အတွက် ဆွေးနွေးခဲ့ကြပါသည်။


ထို့နောက် အစည်းအဝေးဆုံးဖြတ်ချက်  (၃)ချက်ကို ထုတ်ပြန်ကြေညာပြီး ဗုဒ္ဓသာသနံ စိရံ တိဌတု (၃) ကြိမ် ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းနှင့် ၄င်းအစည်းအဝေးတွင် အာရုံဆွမ်းနှင့် နေ့ဆွမ်းကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနေ၀င်းထွန်း+ ဒေါ်အေးအေးမြင့် (ပတ္တမြားနဂါးကုမ္ပဏီလီမီတက်) မိသားစုမှ အလှူဒါနပြုကပ်လှူခဲ့ကြောင်း သိရှိရပါသည်။



ခွန်ထင်းလေအောင်း
   
   
Powered by Blogger.