Monday, June 15, 2015

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်သိန်းဖေမှ မိုင်းသော်အနောက်ကျေးရွာအုပ်စုနှင့် အရှေ့ကျေး ရွာအုပ်စု အားပိုင်းခြားထားသည့် နန်းလတ် ချောင်း သစ်သားတံတားကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အမြန်ပြုပြင် တည်ဆောက်ပေးရန် နှင့် စပ်လျဉ်း သည့်မေးခွန်း မေးမြန်း

နေပြည်တော်၊ ၂၀၁၅ ခုနှစ်၊ ဇွန်လ (၁၆) ရက်
ဦးခွန်သိန်းဖေ
ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၆၄) ရက်မြောက်နေ့ (၁၅.၆.၂၀၁၅) ရက်နေ့တွင် ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်သိန်းဖေမှ - နန့်လတ်ချောင်း သစ်သားတံတားသည် မိုင်းသော်အနောက် ကျေးရွာအုပ်စုနှင့် မိုင်းသော်အရှေ့ကျေးရွာ အုပ်စုကြား ပိုင်းခြားထားသည့် တံတားတစ်စင်း ဖြစ်ပါကြောင်း၊ မိုင်းသော်အနောက်ကျေးရွာ အုပ်စုအတွင်းရှိ သိမ်ကုန်း၊ ပန့်ပုန်း၊ တောင်ကြားနှင့် စမ်းချောင်းကျေးရွာများ၏ မရှိမဖြစ် အရေးပါသည့် တံတားတစ်စင်းဖြစ်ပြီး မိုင်းသော် အနောက်ကျေးရွာအုပ်စုရှိ  ပြည်သူများသည် အဆိုပါတံတားအား ဖြတ်ပြီး မိုင်းသော်အရှေ့ကျေးရွာအုပ်စု တောင်နီမှတစ်ဆင့် တောင်ကြီး၊ အောင်ပန်းမြို့များသို့ ဆက်သွယ်သွားလာလျက် ရှိပါကြောင်း၊ အဆိုပါဒေသသည် စီးပွာရေး အချက်အခြာကျသည့် ဒေသဖြစ်ပြီး နေ့စဉ် ရာသီထွက် သီးနှံများကို မြို့များသို့ တင်ပို့ရောင်းချရာတွင် လိုအပ်သလောက် တင်ပို့နိုင်ခြင်းမရှိဘဲ တံတားခံနိုင်မှုအပေါ် မူတည်ပြီး ထော်လာဂျီစက်များဖြင့် သုံးတန်၊ လေးတန်ခန့်သာ တင်ပို့နေရသောကြောင့် အဆိုပါဒေသနေ ပြည်သူများ ခက်ခဲလျက်ရှိပါကြောင်း၊ နန်လတ်ချောင်းတံတားသည် ၁၉၈၀ ခုနှစ်တွင် သိမ်းကုန်းကျေးရွာ၏ လူထုအင်အားနှင့် ဆောက်လုပ်ခဲ့ပြီး တံတား၏ အရှည်သည် ပေ ၁၀၀၊ အကျယ်သည်  ပေ ၂၀ ခန့်ရှိပါကြောင်း၊ ယခု အဆိုပါတံတားသည် သက်တမ်းအားဖြင့် ၃၅ နှစ်ခန့် ကြာမြင့်ပြီဖြစ်သည့် အတွက်ကြောင့် ယိုယွင်းပျက်စီးလျက်ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါတံတားအား နိုင်ငံတော်မှ ၂၀၁၅-၁၆ ဘဏ္ဍာ နှစ်တွင် အမြန်ဆုံးပြုပြင်ပေးနိုင်ပါရန်နှင့် ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်နှင့်ပတ်သက်၍ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဦးတင်ငွေ
အဆိုပါ မေးခွန်းကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးတင်ငွေမှ - ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသနှင့် ဆက်စပ်လျက်ရှိသည့် တောင်နီ-တမံတလင်း-သိမ်ကုန်း-စမ်းချောင်း ကျေးလက်လမ်းပေါ်ရှိ မိုင်းသော်အနောက် ကျေးရွာအုပ်စုနှင့်  မိုင်းသော်အရှေ့ကျေးရွာအုပ်စုတို့ ဆက်သွယ်ထားသည့် နန်းလတ်ချောင်းတံတားသည် အရှည်အားဖြင့် ၇၅ ပေအရှည်ပြီး အကျယ် ၁၂ ပေနှင့် အမြင့် ၁၅ ပေရှိပါကြောင်း၊ သစ်သားတံတားမှ  ၁၄ ပေ အကျယ် သံကူ ကွန်ကရစ်တံတား ဆောင်ရွက်မည်ဆိုလျှင် ငွေကျပ် ၇၅ သန်းခန့် ကုန်ကျမည်ဟုခန့်မှန်းပါကြောင်း၊
ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး ဌာန၏ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေအားဖြင့်  ၆၇၅၈.၄၃၆ သန်း လမ်းတံတားများကို ခွင့်ပြုထားပါကြောင်း၊ တောင်ကြီးမြို့နယ်အနေဖြင့် ပြောမည်ဆိုလျှင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ၁၁၂.၉ သန်း၊ ကျောက်ချောလမ်း ၁ မိုင် ၃ ဖာလုံအား ဆောင်ရွက်ရန် ခွင့်ပြုထားသော်လည်း  တောင်ကြီးမြို့နယ် အတွင်းရှိ နန်းလတ်ချောင်းတံတားကို ဆောက်လုပ်ရန် အတွက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် လျာထားထားခြင်း မရှိပါကြောင်း၊ သို့ဖြစ်ပါ၍ နန်းလတ်ချောင်းတံတားကို လတ်တလောတွင် တည်ဆောက်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ဦးစားပေး အစီအစဉ်အတိုင်း မှတ်သားဆောင်ရွက်ပေးလျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ကိုးကား - www.pyithuhluttaw.gov.mm

ခွန်ခမ်းမြတ်
Powered by Blogger.