Thursday, June 4, 2015

မီးရထားပေါ်တွင် မီးရှူး(ဒုံး) တင်ဆောင်လာသော အောက်ပြည်က လူ(၃)ဦးကို အောင်ပန်းမီးရထားရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူ

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ ဇွန်လ (၄) ရက်

လွန်ခဲ့သော တန်းခူးလ သင်္ကြန်အကြတ်​နေ့ (၁၅-၅-၂၀၁၅)ရက်နေ့၊ ကလောမြို့နယ်၊ အောင်ပန်းမြို့မီးရထားဘူတာရုံတွင် မီးရှူး(ဒုံး)တင်ဆောင်လာသော ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးကျေးရွာအုပ်စု၊ နောင်ကုလားကျေးရွာနေ ဦးခွန်ဝင်းဖေ၊ ဦးသန်းစိုး၊ ဦးခွန်မောင်စိုးတို့ အား အောင်ပန်းမီးရထားရဲတပ်ဖွဲ့များက ဖမ်းဆီးအရေးယူထားပါသည်။
ဖြစ်စဉ်မှာ နောင်ကုလားကျေးရွာနေ အဆိုပါ ပုဂ္ဂိုလ်(၃)ဦးအား နှစ်စဉ်ကျင်းပမြဲဖြစ်သော ပအို်ဝ်းတိုင်းရင်းသားများ ရိုးရာမိုးခေါ်ပွဲဖြစ်သော တာတက်ပွဲတွင် မီးရှူး(ဒုံးလွတ်)ပြိုင်ပွဲတွင် ရွာကိုယ်စားပြုယှဉ်ပြိုင်ရန် ရှမ်းပြည်နယ်တောင်ပိုင်၊ ပင်လောင်းမြို့နယ်တွင် နာမည်ကြီး မီးရှူး(ဒုံး)ဆရာထံသို့ မီးလုံးဝယ်ယူ၍ သင်္ကြန်ကာလဖြစ်သောကြောင့် ပုံမှန်သွားလာနေကျ မော်တော်ယာဉ်များ မရှိသလောက် ယာဉ်များရပ်နားခဲ့ကြပြီး မိမိတို့ ၀ယ်ယူသော မီးလုံးကို မီးရထားပေါ်တင်ဆောင် လာခဲ့ကြပါသည်။ ၄င်းတို့တင်ဆောင်လာသော မီးရှူး(ဒုံး)ကို အောင်ပန်းမီးရထားရဲတပ်ဖွဲ့များက တွေ့ရှိပြီး ပေါက်ကွဲစေတတ်သောယမ်းများ ပါရှိသည်ဟုဆို၍ ဖမ်းဆီးတရားစွဲဆိုထားပါသည်။
အဆိုပါ တရားစွဲဆိုမှုနှင့် ပတ်သက်၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)သည် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံနှင့် ဆက်နွယ်သည့်အတွက် သိရှိရသည့် ညနေ(၆)နာရီအချိန်တွင် မီးရထားရဲတပ်ဖွဲ့စခန်းဖြစ်သော အောင်ပန်းဘူတာရုံသို့ သွားရောက်မေးမြန်းစုံစမ်းပြီး ကူညီပံ့ပိုးမှုပေးခဲ့သော်လည်း မီးရထားရဲတပ်ဖွဲ့မှ အထက်သို့ကြေးနန်းပေးပို့ထားပြီးဖြစ်၍ အမှုဖွင့်ဆောင်ရွက်ပြီးထားပြီးဖြစ်ကြောင်း၊ အောင်ပန်းမြို့ရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)အထူးဒေသ(၆)ရုံးမှ အရေးယူထားသော ရွာကိုယ်စားလှယ်(၃)ဦးအား ရဲ အာမခံတောင်းယူ၍ မိမိတို့ရုံးမှ အာမခံလျှောက်ထားခေါ်ယူ ထိန်းသိမ်းစောင့်ရှောက်ထားခဲ့ကြောင်း သိရှိရပါသည်။
 
K. T. H. Aung

Powered by Blogger.