ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်များအား ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီ မှ ရင်းရင်းနှီးနှီးတွေ့ဆုံစကားပြောနေပုံ |
၂၀၁၅-ခုနှစ်၊ ဇွန်လ(၉)ရက်၊ အင်္ဂါနေ့၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့ရှိ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီနေအိမ်သို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများက ပအိုဝ်းဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုရန် လာရောက်လည်ပတ်ခဲ့ကြပါသည်။
ရှေ့ဦးစွာ ကြွရောက်လာသော နိုင်ငံတော်သမ္မတနှင့် ၀န်ကြီးအဖွဲ့များကို ကျောက်တလုံးကြီးမြို့ရှိ ဌာနဆိုင်ရာလူကြီးမင်းများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား/သူများက လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြပြီး ကျောက်တလုံးကြီးမြို့လယ်ရှိ ပထမနိမ္မိတသပိတ်မြတ်စေတီတော်ကြီးအား ဖူးမျှော်ကန်တော့ခဲ့ကြပါသည်။
ဆက်လက်၍ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီနေအိမ်သို့ ရောက်ရှိရာ နှစ်ဦးနှစ်ဖက်အဖွဲ့မှ ရင်းရင်းနှီးနှီး မိတ်ဆက်ခဲ့ကြပါသည်။ ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီနှင့် ကျန်းကျန်းမာမာ တွေ့ဆုံရသည့်အတွက် ၀မ်းသာမိပါကြောင်း၊ မိမိအနေဖြင့် အဘဦးအောင်ခမ်းထီနေအိမ်သို့ လာရောက်လည်ပတ်ရန် ဆန္ဒရှိခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မရောက်ဖြစ်ခဲ့ကြောင်း၊ အဘဦးအောင်ခမ်းထီပြုလုပ်သော ရှင်လောင်းပွဲကိုလည်း လွဲချော်ခဲ့ရကြောင်း၊ အခုလို ပအိုဝ်းအမျိုးသားများနေထိုင်ရာဒေသတွင် ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မြင်တွေ့ရသည့်အတွက် အားရကျေနပ်မိပါကြောင်း ပြေကြားကာ ပအိုဝ်းအမျိုးသားခေါင်းဆောင်ဦးအောင်ခမ်းထီကလည်း နိုင်ငံတော်သမ္မတကြီးနှင့်ဝန်ကြီးအဖွဲ့များ မိမိနေအိမ်သို့ လာရောက်လည်ပတ်မည်ဟု ကြားသိရသည်အတွက် အထူးပင် ၀မ်းသာမိပါကြောင်း၊ အခုလို အချိန်ပေးလာရောက်လည်ပတ်ပေးသည့်အတွက်လည်း ကျေးဇူးတင်ပါကြောင်း၊ အခုလိုပအိုဝ်းဒေသ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုရှိနေသည်မှာ နိုင်ငံတော်ကျေးဇူးနှင့် ငြိမ်းချမ်းရေးကျေးဇူးများပင်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒေသတွင် စိုက်ပျိုးရေး၊ ပညာရေး၊ မွေးမြူရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြပြီး ညနေ ၅း၀၀ နာရီ အချိန်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့များသည် ကျောက်တလုံးကြီးမြို့မှ ပြည်လည်ထွက်ခွာကာ ရှမ်းပြည်နယ်တောင်ပိုင်း သမိုင်းဝင်နေရာဖြစ်သော မွေတော်ကက္ကူဘုရားစေတီတော်များအား ဖူးမျော်ကန်တော့ခဲ့ပါကြောင်း သိရှိရပါသည်။
ခွန်ထင်းလေအောင်း
Like On Facebook
Follow On Twitter
Subscribe On RSS