၂၀၁၅ ခုနှစ်၊ ဇွန်လ(၂၇)ရက်၊ စနေနေ့၊ တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံးတွင် မြို့နယ်တာဝန်ခံ ရုံးစီမံခန့်ခွဲမှုသင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ပအိုဝ်းအမျိုးသားအဖွဲ့(PNO)၊ ဗဟိုအလုပ်အမှုဆောင် တွဲဖက်အတွင်းရေးမှူး(၃) ဦးခွန်တင်ထွဋ်၊ ပအိုဝ်းအမျိုးသားအဖွဲ့(PNO) အတိုင်ပင်ခံ ဆရာခွန်ဆန်းကျော်နှင့် (၁၆)မြို့နယ်မှ မြို့နယ်ဥက္ကဌနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် တွဲဖက်အတွင်းရေးမှူး(၃) ဦးခွန်တင်ထွဋ်က အဖွင့်အမှာစကားပြောကြားပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနရုံးမှ သင်တန်းကြီးကြပ်ရေးတာဝန်ခံ ခွန်ကျော်အေးက မြို့နယ်တာဝန်ခံဝန်ထမ်းများ လိုက်နာရမည့် တာဝန်နှင့်ဝတ္တရားများ ဖတ်ကြားပြီး ဆက်လက်အမှာစကား ပြောကြားသွားပါသည်။ ထိုနောက် တွဲဖက်အတွင်းရေးမှူး ဦးခွန်တင်ထွဋ်မှ သင်တန်းအောင်လက်မှတ် ပေးအပ်ပြီး နှစ်ဦးနှစ်ဖက် နားလည်မှုနှင့် စာချုပ်ချုပ်ဆိုခဲ့ကြပါသည်။
ဆက်လက်၍ ပအိုဝ်းအမျိုးသားအဖွဲ့(PNO) အတိုင်ပင်ခံ ဆရာခွန်ဆန်းကျော်မှ သင်တန်းပို့ချရခြင်း ရည်ရွယ်ချက်နှင့် မြို့နယ်တာဝန်ခံဝန်ထမ်းများ လုပ်ဆောင်ရမည့် အဓိကလုပ်ငန်းများကို ရှင်းလင်းပြသပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ ၄င်းသင်တန်းကာလမှာ (၁၀)ရက်ကြာမြင့်ပြီး သင်တန်းပို့ချရခြင်းမှာ မြို့နယ်ရုံးမျုား စီမံခန့်ခွဲမှု အားကောင်းလာစေရန်နှင့် မြို့နယ်နှင့် ဗဟိုချိတ်ဆက်မှု ပိုမိုအဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်ကြောင်း သိရှိရပါသည်။
ခွန်ထင်းလေအောင်း
Like On Facebook
Follow On Twitter
Subscribe On RSS