Sunday, July 19, 2015

တောင်ကြီးမြို့နယ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ (၅)နှစ်သက်တမ်းပြည့် မြို့နယ်ကော်မတီ၊ အလုပ်အမှုဆောင်များ ပြန်လည်ရွေးကောက်တင်မြောက်ခြင်း

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်



၂၀၁၅ ခုနှစ်၊ ဇူလှိုင် (၁၈)ရက်၊ စနေနေ့၊ မနက်(၁၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ဈေးပိုင်းရပ်ကွက်ရှိ တောင်ကြီးမြို့နယ်၊ ပအိုဝ်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုရုံးတွင် တောင်ကြီးမြို့နယ်၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)၏ မြို့နယ်ကော်မတီ၊ အလုပ်အမှုဆောင်များ ပြန်လည်ရွေးကောက်တင်မြောက်ပွဲကို ကျင်းပခဲ့ ပါသည်။
တောင်ကြီးမြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ကော်မတီနှင့် မြို့နယ်အလုပ်အမှုဆောင် ပြန်လည်ရွေးကောက်တင်မြောက်ပွဲအခမ်းအနားမစတင်မှီ အခမ်းအနားသို့ ကြွရောက်လာသူအားလုံး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ပအိုဝ်းအမျိုးသားအလံတော်အား ဦးစွာအလေးပြုပြီးနောက်  နာယက ဦးခွန်အောင်သာမှ အဖွင့်စကား ပြောကြားခဲ့ပါသည်။
ဦးခွန်အောင်သာမှ အဖွင့်စကားပြောကြားခဲ့ပြီးနောက် တွဲဖက်အတွင်းရေးမှူးဖြစ်သည့် ဦးခွန်ထွန်းဇံမှ (၅)နှစ်အတွင်း တောင်ကြီးမြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) လုပ်ဆောင်ခဲ့သည့် လုပ်ဆောင်မှုများကို တက်ရောက်လာသူများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ၄င်းနောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) တောင်ကြီးမြို့နယ်ကော်မတီနှင့် မြို့နယ်အလုပ်အမှုဆောင်များသည် (၅)နှစ်သက်တမ်းပြည့်သည့်အတွက် မြို့နယ်ကော်မတီနှင့်မြို့နယ်အလုပ်အမှုဆောင်အဖြစ်မှ အသီးသီး နုတ်ထွက်ခဲ့ကြပြီး၊ ဦးခွန်ဝင်းစိန်မှ နောက်(၅)နှစ်သက်တမ်းအတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) တောင်ကြီးမြို့နယ် ကော်မတီအဖွဲ့ဝင်စာရင်းများကို တင်သွင်းဖတ်ကြားခဲ့ပါသည်။ ၄င်းတင်သွင်းသည့် ကော်မတီအဖွဲ့ဝင်စာရင်းများမှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါသည်။ ထို့နောက် ဦးခွန်ခမ်းထိုမှ ကော်မတီအဖွဲ့ဝင်များထဲမှ အလုပ်အမှုဆောင်အဖွဲ့ဝင်စာရင်းကို တင်သွင်းကာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါသည်။
၎င်းနောက် ရွေးချယ်ခံရသော မြို့နယ်ကော်မတီအဖွဲ့ဝင်များက ကတိသစ္စာများကို ခံယူကာ အစည်းအဝေးဆုံးဖြတ်ချက်အရပ်ရပ်ကို အတည်ပြုပြီးနောက် ရွေးချယ်တင်မြောက်ခံရသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် တောင်ကြီးမြို့နယ် မြို့နယ်အလုပ်အမှုဆောင်ဥက္ကဋ္ဌ ဦးခွန်တင်မောင်မှ အမှာစကားပြောကြားခြင်းနှင့် သဘာပတိကြီး ဦးခွန်အောင်သာမှ နိဂုံးချုပ်မိန့်ခွန်းပြောကြားပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါကြောင်း သိရှိရပါသည်။
 
ခွန်ဓဇ(ဟိုနမ်း)
   
Powered by Blogger.