Photo-Credit
“ ဤလောက၌ မြင့်မိုရ်တောင်ထက် ကြီးမားသော၊ သမုဒ္ဒရာထက်နက်ရှိုင်းသော၊ စကြ၀ဋ္ဌာထက် ကျယ်ဝန်းသောအရာကား အဘယ်နည်း” ဟု အမေးရှိငြားအံ့။ “ မိဘကျေးဇူး” ဟု ဖြေရလိမ့်မည်။ ကမ္ဘာမြေကြီး၏ အကျယ်အ၀န်းနှင့် သမုဒ္ဒရာ၏ အနက်ကိုတိုင်းတာ၍ ရနိုင်မည်ဖြစ်သော်လည်း မိဘဂုဏ်ကျေးဇူးကိုကားတိုင်းတာ၍ ရနိုင်မည်မဟုတ်ပေ။ ရှစ်သောင်းလေးထောင် အမြင့်ဆောင်သည့် တောင်မြင့်မိုရ်တမျှ ဂုဏ်ကြီးလှသည်မှာ မိခင်ဖခင်ကျေးဇူးရှင်များ ဖြစ်ကြပါသည်။မိခင်ဖခင်တို့သည် ကျွန်ုပ်တို့၏အနန္တဂိုဏ်းဝင် ကျေးဇူးရှင်များဖြစ်ကြပါသည်။ မိခင်သည် ကာလရှည်ကြာသန္ဓေတည်၍ ဆင်းသွင်ရုပ်ဝါ မမြင်ရခင်ကပင် သားသမီးရတနာအား မေတ္တာစိတ်ကို ဖြန့်ပေးနေခဲ့ပါသည်။ ၀မ်းဗိုက်ထဲကမှာပင် ရှိနေသေးသည့် ရင်သွေးငယ်အားငဲ့ညှာသနားစိတ်ဖြင့် ပူငန်ချဉ်စပ်ခါး အရသာများကိုရှောင်ရှားကြပါသည်။ ဖခင်ဖြစ်သူကလည်းသားလေးလား၊ သမီးလေးလား မသိရသေးခင်ကပင် ပညာသင်ဖို့ ၊ ရှင်ပြုဖို့အထိစိတ်ကူးယဉ်မိကြသည်မှာဖခင်မေတ္တာဖြစ်ပေသည်။
“ ယောက်ျားဖောင်စီး- မိန်းမမီးနေ” ဆိုသည့် စကားအတိုင်း သားသမီးကိုမီးဖွားရသည်မှာ အသက်နှင့်ရင်းရပါသည်။ ချောချောမောမောမွေးနိုင်ဖို့အတွက် ဖခင်လောင်းကလည်း အင်္ဂုလိမာလသုတ်ကို ရွှတ်ဆိုနေတတ်၏။ ကျန်းကျန်းမာမာအင်္ဂါစုံစုံနှင့် သား၊ သမီးရတနာကို မြင်ရလျှင်တော့ ချွေးသီးသီးကြားက မိခင်မျက်နှာ သည် “ သားတို့ရုပ်ရည်၊ သီတာမည်သား၊ ရေကြည်ချမ်းမြ၊ တပေါက်ကျက၊ မိဘတို့ဝမ်း၊ ငြိမ်းစတမ်း” ဖြစ်ရပါတော့သည်။
ကိုးလလွယ်ဆယ်လမွေးရသည့် ပုလုနီတွေး ရင်သွေးငယ်အားအချိန်မှန်နို့ချိုတိုက်ကျွေး၍ ချေးသေးကအစမရွံမရှာပြုစုရသည်။ မှက်၊ ခြင်၊ ယင် မသန်းရအောင် စောင့်ရှောက်ပေးကြပါသည်။ ထို့နောက်လမ်းလျှောက်သင်ပေး၏။ စကားသင်ပေး၏။ စကားမပီကလာပီကလာနှင့် တီတီတာတာ ပြောတတ်လျှင် မိဘများမှာပီတိဖြာကြရပါသည်။ ငယ်စဉ်ကာလ ကလေးဘ၀တွင် ကျန်းမာရေးကို အရိပ်တကြည့်ကြည့်စောင့်ကြည့်နေရပါသည်။ ကလေးသည် ပန်းနှင့်တူ၏။ မိဘသည်ဥယျာဉ်မှူးဖြစ်၏။ ပန်းကလေးများနေခြည်ကြောင့် မညိုးရအောင်၊ ဆစ်ပိုးလည်းမထိုးရအောင် ဥယျာဉ်မှူးက အထူးဂရုစိုက်ရပါသည်။ မိမိရင်သွေး၏ မစင်ချေးကိုလည်း သွေးထားသည့် သနပ်ခါးပမာသဘောထားကာ သုတ်သင်ပေးကြ၏။ အရွယ်မရောက်သေးသည့် ကလေးဘ၀ကို ပြုစုရသည်မှာကရိကထများလှသည်။ ဤဒုက္ခမျိုးကိုမိဘတို့သည်သာသည်းခံနိုင်စွမ်းရှိကြပါသည်။ ဆိုးနွဲ့လျှင်လည်း စိတ်မဆိုး၊ အစစခွင့်လွတ်ခြင်း လိုသမျှ ဖြည့်ဆည်းပေး၏။ “ရင်သွေး ဟူကချစ်မ၀” ဆိုသည့် စကားအတိုင်းမိဘမေတ္တာသည် သားသမီးတို့ အပေါ် စမ်းရေပမာအစဉ်အေးမြနေပေသည်တကား။
နုနယ်သေးကွေး ကလေးဘ၀မှ ကျောင်းမနေရသေးခင်အထိမိဘသည် ဆရာဖြစ်၏။ အစားအသောက်၊ အနေအထိုင်၊ အပြောအဆိုမှအစမိဘကသင်ပေးရပါသည်။ ထို့ကြောင့်ပင် “လက်ဦးဆရာမည်ထိုက်စွာပုဗ္ဗာစရိယ၊ မိနှင့်ဘ” ဟုဆိုကြပါသည်။ ကျောင်းနေချိန်ရောက်သောအခါ ဆရာထံအပ်နှံ၍ ပညာသင်ကြားစေပါသည်။ ကြီးလာသည်နှင့်အမျှ သားသမီးများ၏ ကျန်းမာရေး၊ ပညာရေး၊ အ၀တ်အစား၊ မုန့်ဖိုးစသည့်အသုံးစရိတ်များကို မိဘများသည် မညည်းမညူ ရှာဖွေဖြည့်ဆည်းပေးကြပါသည်။
ကျွန်တော်သိတတ်အရွယ်မှစ၍ မိခင်သည် သားသမီးများကိုအနီးကပ် စောင့်ရှောက်သူဖြစ်ပါသည်။ အဖေ့မေတ္တာကမူ “ အဝေးချစ်” ဟုခေါ်ရပေမည်။ မနှိုင်းကောင်း နှိုင်းကောင်း “ဘဲငန်းဖို” နှင့်တူ၏။ ငန်းဖိုကြီးသည် စားကျက်ရှိရာသို့ ဦးဆောင်ခေါ်သွား၏။ ငန်းမကြီးနှင့်ငန်းပေါက်စများ အစာစား နေသည်ကိုလည်းကလေးစောင်းကာငဲ့ကာဖြင့် ခပ်လှမ်းလှမ်းမှ စောင့်ရှောက်နေတတ်သည်။ ခွေးပိန်က ရန်စလာလျှင်တော့ တဂီးဂီးနှင့် ထိုးလိုက်တတ်သည်။ သားတို့အပေါ် အလိုလိုက်သော်လည်း အဖေ့ဝါဒက ပညာသည် သာအဓိကဖြစ်၏။ မိသားစုအပါ် စားဝတ်နေရေး ရှာဖွေပေးသည်မှာအဖေဖြစ်ပါ၏။ အရွယ်ရောက်တော့ ရွှေထီးဆောင်း၍ ရှင်လောင်းလှည့်ခဲ့ရသည်မှာလည်းအဖေ့ကျေးဇူးပင်ဖြစ်၏။
အမေကတော့ သားတွေအပ်ါခုထက်ထိအချစ်ပိုလွန်းသည်။ “ဟတ်ချိုး” ချေရုံဖြင့် နဖူးလာစမ်းပြီး အနွေးထည်ဝတ်ခိုင်းတော့သည်။ ကျွန်တော် သွေးလွန်တုပ်ကွေးဖြစ်၍ ကလေးဆေးရုံတက်ရစဉ်က ဘုရားစာတွေ တတွတ်တွတ်ရွတ်ပြီးပုတီးတဖက် ဆေးတခွက်နှင့် မျက်နှာပျက်နေသော အမေ့မျက်နှာကို ယခုတိုင်မြင်ယောင်မိပါသည်။ သားကိုချစ်သည်ဇောနှင့်အမေ့မောနေခဲ့ပါသည်။ မိခင်မေတ္တာသည် ကြီးမားလေစွ။
“ မကောင်းမြစ်တာ၊ ကောင်းရာညွန်လတ်၊ အတတ်သင်စေ” ဆိုသည့်အတိုင်းမိဘများက ပြောဆိုဆုံးမလမ်းညွန်ပြသဖြင့် ကျေးဇူးကြီးလှပါသည်။ “ မာတာပိတုဥပဋ္ဌာနံပုတ္တဒါရဿ သင်္ဂဟော” ဟုမြတ်ရှင် ဘုရားဟောတော်မူခဲ့ပါသည်။ မိဘကျေးဇူးကိုအထူးသိရပေမည်။ သုဝဏ္ဏသာမနှင့်ကြွေးမြီဟောင်းဆပ်သော ကေဋ္ဌာရကျေးမင်းတို့သည် မိဘလုပ်ကျွေးမှုကြောင့် အသက်ဘေးမှ ကင်းဝေး၍ ချမ်းသာသုခရကြပါသည်။ မြတ်စွာဘုရားသည် မယ်တော်မိနတ်သားအားအဘိဓမ္မာတရားဟောကြား၍ ကျေးဇူးဆပ်သော်လည်းနို့တစ်လုံးဖိုးသာကျေသည်ဟုဆိုပါလျှင် ကျွန်ုပ်တို့သာမန်လူများအဖို့ မိဘကျေးဇူးကိုတစ်သက်လုံးဆပ်၍ ကျေနိုင်မည်မဟုတ်ပါချေ။
“ မာတာပိတ၊ မိနှင့်ဖအား၊ ပြစ်မှားရှုတ်ချ၊ မပြုရချေ” ဟုမန်လည်ဆရာတော်ကဆုံးမခဲ့ပါသည်။ အဇာတသတ်နှင့် မိတ္တ၀ိန္ဒသကဲ့သို့ မိဘ ပြစ်မှားလူရမ်းကားကိုမဆိုထားဘိ။ ဘုရား၏ လက်ဝဲရံ ရှင်မဟာမောဂ္ဂလ္လာန်ပင် နုစဉ်ကမိခင်ကိုပစ်မှားသဖြင့် ခိုးသားငါးရာလက်ချက်ဖြင့် ပရိနိဗ္ဗာန်ပြုခဲ့ရပါသည်။
ကျွန်ုပ်တို့သည် “ မိခင်ဖခင်၊ ကျေးဇူးရှင်ကိုချစ်ခင်မြတ်နိုး၊ ဂူပုထိုးသို့” ရိုသေကြရမည်။ “ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍” ဟူသော သားသမီး ၀တ္တရား ငါးပါးနှင့်အညီ မိဘကျေးဇူးကိုအသက်ထက်ဆုံးလုပ်ကျွေးကြရပါမည်။ မြင့်မိုရ်တောင်ဦးမကကျူးသည့် ကျေးဇူးကြီးလှ၊ မိနှင့်ဖတို့အား ကာယကံ၊ ၀စီကံ ၊ မနောကံတို့ဖြင့် ထာဝစဉ်မေတ္တာပို့ရမည်ကား- “ မာတာပိတု ဂုဏောအနန္တော” ဟူ၍ မိဘကျေးဇူးဆပ်နိုင်သော သားရတနာ၊ သမီးရတနာများ ဖြစ်ကြပါစေကြောင်း ဆန္ဒပြုရင်းရေးသားတင်ပြလိုက်ရပါသည်။
ခွန်ကျော်သန်း (မျင်းမိုရ်ဟေ့)
ကိုးကားချက် - ပညာ့လက်တံစာအုပ်
Like On Facebook
Follow On Twitter
Subscribe On RSS