Thursday, March 21, 2019

“ ဒီမိုကရေစီခေတ်တွင် အုပ်ချုပ်သူများကို ပြည်သူများသာ ရွေးချယ်တင်မြှောက်ရသောကြောင့် ပြည်သူများ နိုင်ငံရေးအသိအမြင်မရှိလျှင် ရွေးချယ်မှု မှားသွားနိုင်ကြောင်း ” စာ/ယဉ် ဥက္ကဋ္ဌ ဖြားခွန်ဝင်းကို ပြောကြား

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မတ်လ (၂၁)ရက်



တောင်ကြီးမြို့၊ ကန်သာရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက် ရေး(ဒဲဉ်သီးဗွေ) ကွင်း၌ ၂၀၁၉-ခုနှစ်၊ မတ်လ(၂၀)ရက်၊ ဗုဒဟူးနေ့၌ ကျင်းပပြုလုပ်သော  နှစ်(၇၀)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့တွင် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု(ဗဟို)ဥက္ကဋ္ဌ ဖြားခွန်ဝင်းကိုက ဤကဲ့သို့ ပြောကြားခဲ့သည်။

“ဒီမိုကရေစီခေတ်မှာ အာဏာကပြည်သူများထံမှ ဆင်းသက်လာရမည်လို့ ကြေညာထားပြီးဖြစ်တယ်၊ ပြည်သူများကို အုပ်ချုပ်မဲ့သူကိုလည်း ပြည်သူများကပဲ ရွေးကောက်တင်မြှောက်ကြရတယ်၊ ဒါကြောင့် ပြည်သူများ အာဏာတည်ဆောက်ရာတွင် သော်လည်းကောင်း၊ မိမိတို့ကို စေလိုရာ ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ရာတွင် သော်လည်းကောင်း မိမိတို့ပြည်သူများသာ ရွေးချယ်ကြရမယ် ဖြစ်တာကြောင့် မိမိတို့ပြည်သူများအနေနဲ့ နိုင်ငံရေးအသိအမြင်မရှိပါက ရွေးချယ်မှုမှားသွားနိုင်ပါတယ်။ ဒါကြောင့် ပအိုဝ်းမိဘပြည်သူများကို ပြောကြားလိုတာက ယခင်လိုမနေကြတော့ဘဲ ကဏ္ဍပေါင်စုံ အသိပညာ၊ အတတ်ပညာ ဗဟုသုတတွေကို  လေ့လာလိုက်စားကြပါ၊ ဝိုင်းဝန်းကြိုးစားအားထုတ်ပေးကြပါလို့ နိုးဆော် တိုက်တွန်းချင်ပါတယ်” ဟု ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု(ဗဟို)ဥက္ကဋ္ဌ ဖြားခွန်ဝင်းကိုက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

နှစ်(၇၀) ပအိုဝ်းအမျိုးသားနေ့တွင် ပအိုဝ်းတစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေး ဒို့အရေး၊ ပအိုဝ်းတစ်မျိုးသားလုံး ဖွံ့ဖြိုးတိုးတက်ရေး ဒို့အရေးနှင့် ပြည်ထောင်စုတစ်ခုလုံး ငြိမ်းချမ်းသာယာရေး ဒို့အရေးစသော ကြွေးကြော်သံများကိုလည်း သံပြိုင်သီဆိုခဲ့ကြကြောင်း သိရသည်။

မိမိတို့ပအိုဝ်းလူမျိုးများသည် အလုပ်အကိုင်နှင့် နပန်းလုံး၍ နိုင်ငံရေးနားမလည်ရန် အချိန်မပေးနိုင်သောသူ၊ သတင်းမီဒီယာ သိရှိကျွမ်းကျင်မှု၊ ဖတ်ရှုမှု အားနည်းနေသူ၊ တချို့ပုဂ္ဂိုလ်များမှာ အသိပညာရှိသော်လည်း အမျိုးသားရေးနှင့် နိုင်ငံရေး စိတ်ဝင်စားမှုအားနည်းသူများ ရှိနေသေးသော်လည်း ၂၀၁၀-ခုနှစ် နောက်ပိုင်းတွင် မိမိတို့ပအိုဝ်း လူမျိုးများအနေဖြင့် ဒီမိုကရေစီနှင့် နိုင်ငံရေးအသိအမြင်များ (၅ဝ) ရာခိုင်နှုန်းထိ တိုးတက်လာခဲ့ပြီဟု မိမိအနေဖြင့် ထင်မြင်မိပါကြောင်း ဥက္ကဋ္ဌ ဖြားခွန်ဝင်းကိုက ဆက်ပြောပါသည်။

အဆိုပါ နှစ်(၇၀)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့တွင် ကမ္ဘာပေါ်ရှိ တချို့သော လူမျိုးများသည် မိမိတို့၏ လူမျိုးများကို မထိန်းသိမ်းခဲ့သောကြောင့် လူမျိုးပျောက်ကွယ်သွားခဲ့ကြရသည်ကို ဝမ်းနည်းစွာ တွေ့မြင်ရပါကြောင်း၊ “မြေမြိုလျှင် လူမျိုးမသုန်း၊ လူမျိုးချင်းချင်းမြိုလျှင် လူမျိုးသုန်းသည်” ဟူ စကားကို နှလုံးသွင်း မှတ်သားစေလိုပါကြောင်း၊ မိမိတို့ပအိုဝ်းလူမျိုး မပျောက်ကွယ်ရန်မှာ ပအိုဝ်းလူမျိုးတိုင်းတွင် တာဝန်ရှိကြောင်း၊ ပအိုဝ်းလူမျိုးတစ်ဦးပေါ်လျှင် တစ်ဦးအားကိုးနိုင်အောင် ကြိုးစားရန် လိုအပ်သကဲ့သို့ အယောက်တစ်ရာရှိလျှင်လည်း တစ်သွေးတစ်သားတည်းရှိရန် လိုအပ်ကြောင်းဟု  ပအိုဝ်းအမျိုးသား ခေါင်းဆောင် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ၀ဏ္ဏကျော်ထင် ပအိုဝ်းအမျိုးသားခေါင်းဆောင်ဖြားတန်စင်ဖါအောင်ခမ်းထီ ပေးပို့သော သဝဏ်လွှာတွင် ပါရှိပါသည်။

နဂါ့ခွန်
Powered by Blogger.