Wednesday, March 20, 2019

စည်းကမ်းနှင့်ဥပဒေ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မတ်လ (၂၁)ရက်


ဥပဒေဟူသည် ခေတ်ရေစီးကြောင်းအရအုပ်ချုပ်သူလူတန်းစားနှင့် တိုင်းသူပြည်သားများလိုအပ်ချက် အပေါ်တွင်မူတည်ပြီးပြောင်းလဲလာသည့် ဥပဒေနှင့်ခေတ်အခြေအနေဖြင့် အများပြည်သူများလိုလားမှုအပေါ်မှာမူတည်ပြီး အသစ်ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်း၊ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ခြင်းဥပဒေဟူ၍ လေ့လာတွေ့ရှိရပါသည်။

တနည်းဆိုရသော် Common Law System နှင့် Civil Law System ဆိုပြီးနှစ်မျိုးတွေ့ရှိပါသည်။ Comman Law ကို အင်္ဂလိပ်ရိုးရာဥပဒေလို့ခေါ်ကြပြီး အင်္ဂလန်နိုင်ငံနှင့် သူ့ကိုလိုနီဖြစ်ခဲ့တဲ့ နိုင်ငံတွေမှာလက်ရှိအသုံးပြုနေကြပါသည်။ Civil Law ကိုတော့ ဥရောပကုန်းမကြီးဥပဒေ Continental Law လို့ခေါ်ဆိုပြီး ပြင်သစ်၊ ဂျာမဏီစတဲ့နိုင်ငံတွေက ဘယ်ဂျီယံ၊ စပိန်၊ လက်တင်အမေရိက နိုင်ငံတွေအပြင် အာရှမှာဆိုရင်ဖြင့်ဂျပန်၊ ကိုရီးယား၊ တရုတ်စသည့် နိုင်ငံတွေမှာလက်ရှိကျင့်သုံးနေပါသည်။

ဥပဒေသည် စည်းကမ်းကဲ့သို့မတည်မြဲပဲအမြဲပြောင်းလဲလျှက်ရှိသည် စည်းကမ်းသည် ကမ္ဘာဦးကပင် လူသားတို့ လိုက်နာကျင့်သုံးရသောကျင့်ဝတ်ဖြစ်သည်။ တပ်တွင်းစည်းကမ်းဖေါက်ဖျက်သော တပ်မတော်သားများသည် တန်ဖိုးမဲ့လေတော့သည်။ ၀ိနည်းစည်းကမ်းကို ဖေါက်ဖျက်သောရဟန်းများသည်လည်း တန်ဖိုးမဲ့ရလေသည်။ ဥပဒေကိုချိုးဖေါက်သော ပြည်သူများသည်လည်း တန်ဖိုးမဲ့ပြီးလောကအပြစ် သံသရာအပြစ်များကိုခံစားရသောကြောင့် တပ်မတော်တို့၏အသက်သည်စည်းကမ်း၊ ရဟန်းတို့၏အသက်သည်ဝိနည်း၊ မိဘပြည်သူတို့၏ အသက်သည် ဥပဒေဟုဆိုရသည်။

ဥပဒေသည် တိုင်းသူပြည်သားတို့၏ မှီခိုအားထားရာကျင့်ဝတ်ဖြစ်သောကြောင့် နိုင်ငံတော် အေးချမ်းတရားရေးအတွက် တရားဥပဒေစိုးမိုးရေးသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသော်လည်း ဥပဒေစိုးမိုးရေးသည် အလွန်ခက်ခဲသောလုပ်ငန်းဖြစ်သည်။

မိဘပြည်သူများ၏အကျိုးစီးပွားကိုထိရောက်စွာကာကွယ်ပေးဖို့အတွက် တရားစီရင်ရေးဟာအုပ်ချုပ်ရေး၊ ဥပဒေပြုရေးကလွှမ်းမိုးခံရမှု၊ စွက်ဖက်ခံရမှုကင်းရှင်းဖို့လိုပြီး၎င်းအရာသည် လွတ်လပ်စွာတရားစီရင်ရေး (Judicial Independence) ပင်ဖြစ်သည်။

ဒီမိုကရေစီစနစ်မှာ ဥပဒေနှင့် တရားရုံးတို့သည်အပြစ်ရှိသူများကိုအပြစ်ပေးခြင်း၊ အများပြည်သူများအကြားအငြင်းပွားမှုများကိုဖြေရှင်းခြင်းအလုပ်တင်မကပဲအုပ်ချုပ်သူများက ဥပဒေကိုကျော်လွန်ဆောင်ရွက်ခြင်းကြောင့် နိုင်ငံသားများနစ်နာမှုမရှိရလေအောင်၊ လူများစုအကျိုးဖြစ်ထွန်းစေရေးအကြောင်းပြုပြီး လူနည်းစုနှင့်လူတစ်ဦးချင်းစီ၏ရသင့်ရထိုက်သောအခွင့်အရေးများမဆုံးရှုံးရလေအောင် ကာကွယ်ပေးရသည့်နေရာတွေလည်းဖြစ်သည်။

"လူတိုင်းမှာစည်းကမ်းရှိလျှင် ဥပဒေမလို စည်းကမ်းမရှိလျှင် ဥပဒေလည်းအလကား"ဆိုသည့်စကားကိုလည်းစဉ်းစားရမည့်အချက်ဖြစ်သည်။ စည်းကမ်းကိုလိုက်နာသူများသည် အများသူငါ လေးစားတန်ဖိုးထား၍ အချုပ်၊ အကျဉ်းထောင်ကျရောက်နိုင်သော ပြစ်ဒဏ်များမခံစားရသည့်အတွက် စည်းကမ်းရှိလျှင် ဥပဒေမလိုဆိုရခြင်းဖြစ်သည်။

စည်းကမ်းမရှိသူတို့သည် ဥပဒေကိုလည်းမလေးစား လူ့ပတ်ဝန်းကျင်ကို မရိုသေမလေးစား ဖြစ်ချင်တိုင်းဖြစ်နေသောကြောင့် ၎င်းပုဂ္ဂိုလ်အတွက် ဥပဒေသည် အလကားဖြစ်ရလေသည်။ စည်းကမ်းသည် လူ့ပတ်ဝန်းကျင်တွင် မရှိမဖြစ် လူတိုင်းထားရှိရမည့် ကျင့်ဝတ်ဖြစ်သောကြောင့် စည်းကမ်းရှိမှ တန်ဖိုးရှိမည်၊ စည်းကမ်းသည် လူ၏တန်ဖိုးဟူသော ဆိုရိုးစကားကိုနေရတိုင်းလိုလိုတွေ့မြင်နေရခြင်းဖြစ်ပါသည်။

စည်းကမ်းဟူသည် တစ်ဦးတစ်ယောက်အတွက် စည်းကမ်း၊ မိသားစုတွင်းစည်းကမ်း၊ တစ်ရွာတစ်ကျေးအတွက်စည်းကမ်းဆိုပြီးအမျိုးမျိုးရှိရာလိုက်နာသူများအဖို့ အလွန်တန်ဖိုးရှိပြီးဥပဒေကဲ့သို့ လူသားများကိုအုပ်ထိန်းသောအရာဖြစ်သောကြောင့် လူတိုင်းလိုက်နာလျှင် ဥပဒေမလို ဟုဆိုရခြင်းဖြစ်သည်။

အစားအသောက် အပြောအဆိုအနေအထိုင်မှအစစည်းကမ်းသည် လူသားတို့အတွက် အလွန်အရေးကြီးပါသော်လည်း ကျူးလွန်ဖေါက်ဖျက်သူများအဖို့ လောကကိုအရောင်ဆိုးသည့်အတွက် လောကပြစ်ဒါဏ်သာခံရသည်။

ဥပဒေသည်ကား"ဥပဒေကိုသင်မသိနားမလည်ပါကဥပဒေကသင့်ကိုခွင့်လွတ်လိမ့်မည်မဟုတ်"ဆိုသည့်အတိုင်းဥပဒေသည် စည်းကမ်းကဲ့သို့မဟုတ်ပဲ ကျူးလွန်ဖေါက်ဖျက်သူများသည် အကျဉ်း၊ ထောင်ကျခံရမည် ဖြစ်သောကြောင့် လူတိုင်းသိထားသင့်သည့် စည်းမျည်း၊ စည်းကမ်းတစ်ခုဖြစ်သည်။

သို့ဖြစ်ပါ၍ လောကအပြစ်များ ရာဇ၀တ်သားများ ဥပဒေသားကောင်များမဖြစ်ရလေအောင် လူ့ဘောင်လူ့ကျင့်ဝတ်တရားများဖြစ်သော စည်းကမ်းကို မိမိတို့ဘ၀အရွယ်အလိုက် အထိုက်အလျောက် လိုက်နာကျင့်သုံးပြီးလောကကောင်းကျိုးများကိုသယ်ပိုးနိုင်သော နိုင်ငံသားကောင်းသမီးများ ဖြစ်ကြပါစေကြောင်းရည်ရွယ်၍ တိုက်တွန်းရင်းအဆုံးသတ်လိုက်ရပါသည်။

ခွန်အောင်ထွိုက်ဗွေ
ကျမ်းကိုး။ ။ဇေယျာအေးချို
Powered by Blogger.