Saturday, August 29, 2015

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင် ဟိုပုံးမြို့နယ်တွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့်ပတ်သက်၍ သွားရောက်ကြည့်ရှု

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၂၉) ရက်


ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်နှင့်အဖွဲ့သည် ယနေ့ သြဂုတ်လ(၂၉) ရက်၊  စနေနေ့တွင်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့်ပတ်သက်၍  ဟိုပုံးမြို့နယ် နောင်ဟေးကျေးရွာအုပ်စုသို့ သွားရောက်လေ့လာခဲ့ကြောင်း သတင်းရရှိပါသည်။


ဥက္ကဌ ဦးခွန်စံလွင်နှင့် အဖွဲ့သည် ယနေ့နံနက် (၉း၀၀) နာရီတိတိတွင် ဟိုပုံးမြို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံးမှ ဟိုပုံးမြို့နယ် နောင်ဟေးကျေးရွာ သို့ ထွက်ခွာရာ (၉း၄၀)တွင် နမ့်ခုတ်သို့ရောက်ရှိပြီး နမ့်ခုတ်မှ နောင်ဟေးသို့ ဆက်သွယ်နေသော လမ်းအခြေအနေများကို စစ်ဆေးကြည့်ရူခဲ့ပါသည်။


ထို့နောက် နောင်ဟေးကျေးရွာသို့ ရောက်ရှိပြီး နောင်ဟေးကျေးရွာအုပ်စုအတွင်းရှိ ရွာပေါင်း(၁၀)ရွာမှ မိဘပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး နောင်ဟေးဆရာတော်၏ သြ၀ါဒစကားကို အတူတကွ နာယူခဲ့ပါသည်။ ထို့သို့တွေ့ဆုံရာတွင် မိမိသည် နောင်ဟေးကျေးရွာ မိဘပြည်သူများနှင့် လာရောက်တွေ့ဆုံရသည်မှာ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပတ်သက်၍ လာရောက်ရခြင်းဖြစ်ကြောင်း၊ မိမိနှင့်အတူပါလာသောအဖွဲ့သည် နောင်ဟေးကျေးရွာအတွင်းရှိ မိဘပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေးနှင့် ပတ်သက်၍ ကူညီဆောင်ရွက်မည့်သူများဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မိမိပြည်သူများအနေနှင့် တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီ ဆောင်ရွက်စေလိုကြောင်း၊  မိဘပြည်သူများအနေနှင့် မိမိတို့လိုအပ်ချက်ဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး စသည်တို့ကို အချက်အလက်ပြည့်ပြည့်စုံစုံနှင့် တင်ပြနိုင်ကြောင်း၊ မိမိတို့ဒေသဦးစီးဌာနသည် မိဘပြည်သူများ၏ အမှန်တကယ်လိုအပ်ချက်များကို ပြည့်စုံစွာ မသိရှိနိုင်သောကြောင့် မိဘပြည်သူများ၏ အဓိကလိုအပ်ချက်များကို တင်ပြနိုင်အောင် ဒေသခံအချက်အလက်များ ပြုစုထားသင့်ကြောင်း ရှင်းလင်းပြောကြားသွားပါသည်။





ဆက်လက်၍ ပြည်သူများက မိမိတို့၏ လိုအပ်ချက်ဖြစ်သော ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ သောက်သုံးရေရရှိရေး စသည်တို့ကို တင်ပြရာ  ဦးစီးဥက္ကဌမှ ပြည်သူများ၏ တင်ပြချက်ကို ပြန်လည်ဖြေကြားရှင်းလင်းခဲ့ပါသည်။ ထို့နောက် ပြည်သူများ တင်ပြသော လမ်းတံတားနှင့် စာသင်ကျောင်းများကို လိုက်လံကြည်ရူလေ့လာခဲ့ပါသည်။


ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အနေဖြင့် ယခုနှစ်အတွင်း ဦးစွာ နမ့်ခုတ်မှ နောင်ဟေး (၃) မိုင်ရှိသော လမ်းမကြီးကို ကတ်တရာခင်းပေးမည်ဖြစ်ကြောင်းနှင့် ထမ်းဘုရားနှင့် တောက်စောက်တို့တွင်လည်း ကျောက်လမ်းခင်းပေးမည် ဖြစ်ကြောင်း သိရှိရပါသည်။



ခွန်ထင်းလေအောင်း
Powered by Blogger.