Tuesday, August 4, 2015

စာရေးသူ ရေးရေးလေးမြင်နေရသော ပအိုဝ်းလူမျိုးများရဲ့ အနာဂတ်

 တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၅) ရက်
 

ဒီဆောင်းပါးကိုရေးရန် ကျွန်တော်အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။ ဘာကြောင့်စဉ်းစားရတာလဲ ဆိုတော့ ကျွန်တော်ဟာ စာရေးနေကျ စာရေးဆရာမဟုတ်ပါ။ ဒါပေမယ့် ပအိုဝ်းလူငယ်တစ်ဦးအနေနဲ့ သိသလောက်၊ လေ့လာမိသလောက်ကို စာဖတ်ပရိတ်သတ်များအား ရေးသားဖော်ထုတ်လိုသည့်ဆန္ဒမှာ အရမ်းအားသန်နေခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးကို ရေးသားရခြင်းဖြစ်ပါတယ်။
ပအိုဝ်းလူမျိုးသမိုင်းကို လေ့လာကြည့်တဲ့အခါ ပအိုဝ်းလူမျိုးဟာ သုဝဏ္ဏဘူမိသထုံမှာ ထီးနန်းဖြင့် သမိုင်းစဉ်လာကြီးမားတဲ့ သီးသန့်လူမျိုးတစ်မျိုးဖြစ်တယ်ဆိုတာ သမိုင်းလေ့လာချက်အရ သိရှိခဲ့ရပါတယ်။ ခရစ်နှစ် ၁၀၅၇-ခုနှစ် ရောက်တဲ့အခါမှာ ပုဂံပြည့်ရှင် အနော်ရထာမင်းက ပိဋကတ်ကိုအကြောင်းပြုပြီး သုဝဏ္ဏဘူမိသထုံကို လာရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ကောဇာသက္ကရာဇ်(၄၂၄)ရောက်တဲ့အခါ ပအိုဝ်းလူမျိုးတစ်ချို့က သုဝဏ္ဏဘူမိသထုံမှာ နေရစ်ခဲ့ပြီး ကျန်ပအိုဝ်းတွေဟာ အုပ်စု(၉)ဖွဲ့ ဖွဲ့ကာ သုဝဏ္ဏဘူမိသထုံနေပြည်တော်ကို စွန့်ခွာ၍ ရေကြည်ရာမြက်နုရာကို ပြောင်းရွှေ့သွားခဲ့ရတယ်။ ပြောင်းရွှေ့သွားတဲ့အဖွဲ့(၇)ဖွဲ့ဟာ ရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ နဂိုမူလရှိနေတဲ့ ပအိုဝ်းဆွေမျိုးထံသို့ ပြန်လည်ရောက်ရှိလာခဲ့တယ်။ ကျန်(၁)ဖွဲ့ဟာ ပခုက္ကူအနောက်ဘက်ဒေသမှာ တောင်သားလူမျိုးအနေနဲ့ သာ ယနေ့တိုင်ရှိနေပါတယ်။ ကျန်(၁)ဖွဲ့ဟာ ရှမ်းပြည်နှင့်ယိုးဒယားနယ်စပ်ဘက်မှာ ပြောင်းရွှေ့နေထိုင် သွားကြတယ်လို့ သမိုင်းမှတ်တမ်းလေ့လာချက်အရ သိရှိခဲ့ရပါတယ်။


ရှမ်းပြည်တောင်ပိုင်းမှာ ရောက်ရှိသွားတဲ့ပအိုဝ်းတွေဟာ ပဒေသရာဇ်တွေရဲ့ မတရားဖိနှိပ်မှုဒဏ် အမျိုးမျိုးတွေကို တွေ့ကြုံရင်ဆိုင်ခဲ့ရတယ်။ ဒါကြောင့် မခံမရပ်နိုင်တဲ့အခါမှာ ဖြားတန်ကောင်ခဲက ဦးဆောင်ပြီးတော့ ၁၉၂၉-ခုနှစ်မှာ မတရားအခွန်တော်လှန်ရေးအဖွဲ့ကို ဖွဲ့ကာ ပဒေသရာဇ်စော်ဘွားတွေ ကို စတင်တော်လှန်ခဲ့ပါတယ်။ ပဒေသရာဇ်စော်ဘွားများဟာ ဒေသခံပြည်သူလူထုတွေကို နည်းမျိုးစုံဖြင့် ထပ်မံအနိုင်ကျင်တဲ့အတွက်ကြောင့် ၁၉၄၆-ခုနှစ်ရောက်တဲ့အခါမှာတဆင့်မြှင့် ငါးပါးသီလအဖွဲ့ကို ဖွဲ့ပြီး ပဒေသရာဇ်စော်ဘွားတွေရဲ့ ဖိနှိပ်မှုကို တားဆီးကာကွယ်ခဲ့ကြတယ်။ တောင်ပေါ်ပအိုဝ်းလူမျိုးတွေ အဖွဲ့ ဖွဲ့ပြီး အမျိုးသားတွေကို ကာကွယ်သလို မြေပြန့်မှာရှိတဲ့ ပအိုဝ်းတွေလည်းဘဲ ဖြားဗွာဦးလှဖေဦးဆောင်ပြီး ၁၉၄၆-ခုနှစ် ဇွန်လ(၃၀)ရက်နေ့မှာ တောင်သူအမျိုးသားအဖွဲ့ချုပ်ကို ဖွဲ့စည်းခဲ့တယ်။ တောင်ပေါ်မှာ ရှိတဲ့ပအိုဝ်းတွေဟာ ၁၉၄၇-ခုနှစ်မှာ ငါးပါးသီလအဖွဲ့ကနေမှ ဒုစရိုက်ပပျောက်ရေးအဖွဲ့အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပါတယ်။ ပြောင်းလဲဖွဲ့စည်းရခြင်းကတော့ ပအိုဝ်းလူမျိုးတွေဟာ အဖွဲ့ဖွဲ့ပြီး ဒေသခံပြည်သူတွေ ကို ကာကွယ်တဲ့အခါ ပဒေသရာဇ်စော်ဘွားတွေက လိုလားမှု လုံးဝမရှိဘဲ ထပ်မံ၍နည်းမျိုးစုံဖြင့် အနိုင် ကျင့်တာတွေကို ပြန်လည်ခုခံကာကွယ်ဖို့အတွက် ဖွဲ့စည်းရခြင်းဖြစ်ပါတယ်။


မြေပေါ်နိုင်ငံရေး စတင်လှုပ်ရှားဖို့အတွက် ပအိုဝ်;လွောင်;ဗူ;အဖွဲ့ကို ၁၉၄၇-ခုနှစ် နှစ်ကုန်ပိုင်းမှာ ဖွဲ့စည်းခဲ့တယ်။ အဲဒီနှစ်မှာ ဦးဖြူဟာ ဆီဆိုင်စော်ဘွားကိုယ်စား ပင်လုံစာချုပ်လက်မှတ်ရေးထိုးရာမှာ ပါဝင်ခဲ့တယ်။  မြေအောက်တော်လှန်ရေးမှာတော့ ၁၉၄၉-ခုနှစ်မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပအလဖ)ကို ဖွဲ့စည်း၍ ဒီဇင်ဘာလ(၁၁)ရက်နေ့ကို တရားဝင် ပဒေသရာဇ်တော်လှန်ရေးအဖြစ် ကြေငြာပြီး ထပ်မံတော်လှန်ခဲ့ပါတယ်။ ၁၉၅၀-ခုနှစ်ရောက်တဲ့အခါ ၀န်ကြီးချုပ်ဦးနုမှ အချက်(၁၄)ချက် ပါဝင်တဲ့လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ထုတ်ပြန်ခဲ့တယ်။ အဲသလိုထုတ်ပြန်တဲ့အခါမှာ ပအလဖ ခေါင်းဆောင် ဗိုလ်ချန်ဇုံနှင့် ဗိုလ်ဟိန်မောင်တို့က လက်နက်နှင့်ဒီမိုကရေစီလဲလှယ်ကာ ငြိမ်းချမ်းရေး ယူပြီးအလင်းဝင်ခဲ့တယ်။ ငြိမ်းချမ်းရေးယူပြီးနောက် မြေပေါ်နိုင်ငံရေးမှာ ပအိုဝ်;လွောင်;ဗူ;ကနေမှ ပြည်ထောင်စုပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(ပအမဖ)အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တယ်။
 ငြိမ်းချမ်းရေးယူတဲ့ ဗိုလ်ချန်ဇုံနှင့် ဗိုလ်ဟိန်မောင် တို့ကို စော်ဘွားတွေက ကြောက်တဲ့အခါ ၁၉၅၁-ခုနှစ် ဇန်န၀ါရီလ(၂၁)ရက်နေ့မှာ ဖမ်းဆီးပြီး မန္တလေးထောင်ထဲပို့ခဲ့တယ်။ လေးလကြာတဲ့အခါမှာ ဗိုလ်ချုပ်ကြီးနေ၀င်းက ဒီလိုလွတ်ငြိမ်းချမ်းသာခွင့်နဲ့ဝင်လာတဲ့သူကို ဖမ်းဆီးချုပ်နှောင်ခွင့်မရှိဘူးလို့ ဆိုပြီး ပြန်လွတ်ပေးခဲ့တယ်။ လွတ်ပေးပြီးတဲ့နောက်ပိုင်းမှာ အုပ်ချုပ်တဲ့လူတန်းစားတွေကို အယုံအကြည်မရှိ တော့တဲ့အတွက် ပအလဖအမည်ဖြင့် တောပြန်ခိုခဲ့တယ်။



၁၉၅၈-ခုနှစ် မေလ(၅)ရက်နေ့ရောက်တဲ့အခါမှာ ဖြားဗွာဦးလှဖေနှင့် ဗိုလ်ချန်ဇုံတို့ဦးဆောင်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် ဒုတိယအကြိမ် လက်နက်နှင့်ဒီမိုကရေစီလဲလှယ်ပြီး ငြိမ်းချမ်းရေးရယူခဲ့တယ်။ ၁၉၅၉-ခုနှစ် ဧပြီလ(၂၉)ရက် ရှမ်းပြည်နယ်လွှတ်တော်ခန်းမမှာ (၃၃)နယ်ရှိ ပဒေသရာဇ်စော်ဘွားများက အာဏာစွန့်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လျင်မြန်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်တဲ့အခါ ပအိုဝ်းဒေသပတ်ဝန်းကျင်မှာ လက်နက်ကိုင်အဖွဲ့အစည်း များပြားစွာရှိတဲ့အတွက် ဒေသခံပြည်သူလူထုတွေကို ၀င်ရောက်ခြိမ်းခြောက်မှုများ ပြုလုပ်လာခဲ့တယ်။ အဲလိုကိစ္စများကို ကာကွယ်ရန် လူစုဆောင်းခြင်းကို လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ပအိုဝ်းလူမျိုးတွေ နိုင်ငံတော်ကို ပုန်ကန်ဖို့ ဆိုပြီး လိမ်လည်ကာ သတင်းပေးပို့ခဲ့တယ်။ ၁၉၆၆-ခုနှစ်မှာ နိုင်ငံတော်က အစည်းအဝေး တစ်ရပ်ခေါ်ယူခဲ့တယ်။ အဲဒီအစည်းအဝေးမှာ ပအိုဝ်းခေါင်းဆောင်တွေများစွာ အစည်းအဝေးတက်ရောက် ခဲ့တယ်။ အစည်းအဝေးတက်တဲ့ပအိုဝ်းခေါင်းဆောင်တွေကို အစည်းအဝေးခန်းမထဲဝင်ခွင့်တောင်မရရှိဘဲ ထောင်ကားပေါ်သို့သာ တက်စေပြီး မန္တလေးထောင်သို့ ပို့ခဲ့တယ်။ အကြောင်းအမျိုးမျိုးကြောင့် အစည်း အဝေးမတက်ရောက်နိုင်တဲ့ ပအိုဝ်းခေါင်းဆောင် ဗိုလ်ချုပ်စံသိန်းသာ ကျန်ခဲ့ပြီး ၁၉၆၆-ခုနှစ် ဒီဇင်ဘာလ မှာ လူအင်အား(၈၀)ဦးဖြင့် ပအလဖ အမည်ဖြင့် နိုင်ငံတော် တော်လှန်ရေးကို ပြန်လည်စတင်ခဲ့တယ်။



၁၉၆၇-ခုနှစ်မှာ ဗမာကွန်မြူနစ်ပါတီနဲ့အခြားလက်နက်ကိုင်အဖွဲ့အစည်းတွေက ပအိုဝ်းဒေသထဲ ကို ၀င်ရောက်လာပြီးတော့ ကွန်မြူနစ်အယူဝါဒတွေ ထည့်သွင်းခဲ့တယ်။ ကွန်မြူနစ်ရဲ့အယူဝါဒ လွှမ်းမိုးမှု များလာပြီး အမျိုးသားရေးဝါဒအားနည်းလာကာ ၁၉၆၇-ခုနှစ် ဒီဇင်ဘာလမှာ ပအလဖမှ ရှမ်းပြည်နယ် လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့(ရလလဖ)ဟူ၍ ပြောင်းလဲဖွဲ့စည်းခဲ့တယ်။ ရလလဖ၏လမ်းစဉ်ကို အကောင်အထည်ဖော်ဖို့အတွက် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် မဟာမိတ်ဖွဲ့ဖို့ အကြိမ်ကြိမ် ဆွေးနွေးခဲ့သော်လည်း အောင်မြင်မှုမရရှိတဲ့အခါ ၁၉၆၈-ခုနှစ် အောက်တိုဘာလတွင် ဗိုလ်ချုပ်စံသိန်း ကိုယ်တိုင်သွားရောက်ဆွေးနွေးရာလမ်းမှာ တိုက်ပွဲဖြစ်ပွားပြီး အဲဒီတိုက်ပွဲမှာဘဲ ဗိုလ်ချုပ်စံသိန်း ကျဆုံး သွားခဲ့တယ်။ ဗိုလ်ချုပ်စံသိန်းကျဆုံးပြီးနောက် ရလလဖမှာ တင်းမာမှု များစွာပေါ်ပေါက်လာခဲ့တယ်။


၁၉၇၃-ခုနှစ် ရောက်တဲ့အခါမှာ အမျိုးသားရေးဝါဒကို လက်ခံတဲ့သူက ရလလဖသဘာပတိ (ယာယီ) အဖွဲ့နှင့် ကွန်မြူနစ်(အတန်းစား)၀ါဒကို လက်ခံသူ ရလလဖ အဖွဲ့ဆိုပြီးတော့ ရလလဖ (၂)ခြမ်းကွဲခဲ့တယ်။ ဖြားဗွာဦးလှဖေ၊ ဦးကျော်စိန်၊ ဦးအောင်ခမ်းထီ၊ ဗိုလ်ချန်ဇုံနဲ့ ဦးမောင်မောင်တို့က ဦးဆောင်ပြီး အမျိုးသားရေးဝါဒကို လက်ခံသူ ရလလဖသဘာပတိအဖွဲ့ကနေမှ ၁၉၇၆-ခုနှစ်ရောက်တဲ့ အခါ ရလလဖ သဘာပတိ(ယာယီ)အဖွဲ့မှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဆိုပြီး ပြောင်းလဲဖွဲ့စည်းခဲ့ တယ်။ န၀တအစိုးရအဖွဲ့နှင့် သဘောတူညီချက်(၄)ချက်ကို လက်မှတ်ရေးထိုးစရာမလိုဘဲ အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန်လေးစားမှုဖြင့် သဘောတူပြီး ၁၉၉၁-ခုနှစ် ဧပြီ(၁၁)ရက်နေ့မှာ ငြိမ်းချမ်းရေး ရယူခဲ့တယ်။ (အသေးစိတ်ကို န၀တအစိုးရနှင့်ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ ဆွေးနွေးမှု မှတ်တမ်းတွင် လေ့လာနိုင်ပါသည်) ငြိမ်းချမ်းရေးရယူပြီးနောက်ပိုင်းမှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့အတူ တစိုက်မတ်မတ် ကြိုးစားလုပ်ဆောင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တယ်။ ၁၉၉၃-ခုနှစ်ကနေမှ ၂၀၀၇-ခုနှစ်အထိ အမျိုးသားညီလာခံမှာလည်း ဖြားတန်စင်,ဖါ အောင်;ခမ်းထီ ဦးဆောင်ပြီး ပအိုဝ်းလူမျိုးကိုယ်စားလှယ်တွေပါဝင်ခဲ့ကာ  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ရရှိအောင်ကြိုးပမ်းနိုင်ခဲ့တယ်။
၂၀၁၀-ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲကြောင့် ပအိုဝ်းအဖွဲ့အစည်းပေါင်းစုံပါဝင်တဲ့ ညီလာခံတစ်ရပ်ကျင်းပပြီး ပအိုဝ်းလူမျိုးတွေရဲ့နိုင်ငံရေးပါတီအမည်ကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အဖြစ် ပါတီမှတ်ပုံတင်ကာ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တယ်။ ၂၀၁၀-ခုနှစ်ရွေးကောက်ပွဲအရ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီအနေဖြင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁)ဦး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်(၃)ဦးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၆)ဦး စုစုပေါင်း(၁၀)ဦးတို့ဖြင့် အနိုင်ရရှိပြီ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တယ်။
နှစ်ပေါင်းမြောက်များစွာ ခေါင်းဆောင်အဆက်ဆက်၊ အဖွဲ့အစည်းအဆင့်ဆင့် ပေါ်ပေါက်လာ အောင် ကြိုးစားလုပ်ဆောင်အကောင်အထည်ဖော်ဆောင်ရွက်လာခဲ့တယ်။ ပအိုဝ်းလူမျိးတွေကို အဲလို ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင်တွေဟာ ပညာတွေကို လုံလောက်စွာ သင်ကြား/ယူခွင့်မရရှိခဲ့တဲ့အပြင် အမျိုးသားရေးအတွက် လုပ်ငန်းဆောင်ရွက်ရာမှာလည်း လွတ်လွတ်လပ်လပ်နဲ့ စုဝေးခွင့်တောင်မရရှိခဲ့ပါ။
၂၀၁၀-ခုနှစ် နောက်ပိုင်းရောက်တဲ့အခါ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် အစိုးရ အဖွဲ့တွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း(NGO)တွေ၊ အစိုးရမဟုတ်တဲ့နိုင်ငံတကာအဖွဲ့အစည်း(INGO) က နိုင်ငံရေးသင်တန်းတွေကို စတင်ဖွင့်လှစ်လာခဲ့တယ်။ ဖွင့်လှစ်တဲ့နိုင်ငံရေးသင်တန်းအမျိုးမျိုးတွေမှာ မိမိတို့ ပအိုဝ်းလူငယ်တွေလည်း ပါဝင်တက်ရောက်ခဲ့ပြီး ရရှိလာတဲ့ အသိပညာ၊ အတတ်ပညာတွေနဲ့ မိမိတို့လူငယ်တွေကိုယ်တိုင် လေ့လာဆည်းပူးခဲ့တဲ့ ပညာရပ်တွေနဲ့ ပေါင်းစပ်ပြီး မိမိတို့ဒေသနဲ့အပ်စပ်တာ တွေကို သင်တန်းပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုးစားလာခဲ့တယ်။ အဲလိုနဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဦးဆောင်ပြီး ၂၀၁၂-ခုနှစ်မှစတင်၍ မျိုးဆက်သစ်စွမ်းရည်မြှင့်သင်တန်းကို စတင်ဖွင့်လှစ်ဆွေးနွေး ပို့ချခဲ့ပါတယ်။ အဲဒီအချိန်မှာ လေ့ကျင့်ရေးနှင့်ပညာပေးရေးဌာနဆိုပြီးတော့ သီးသန့်ဖွဲ့စည်းထားမှုမရှိ သလို သင်တန်းတွေမှာလည်း သင်ရိုးညွန်းတမ်းလက်စွဲစာအုပ်ပြုစုနိုင်ခြင်းမရှိခဲ့ပေ။
၂၀၁၂-ခုနှစ်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှာ လူငယ်မျိုးဆက်သစ်စွမ်းရည်မြှင့်သင်တန်း ကို ဦးဆောင်ဖွင့်လှစ်ရန်အတွက် ဆရာဦးစောခွန်ကျော်ဝင်းကို တာဝန်ပေးအပ်ပြီး သင်တန်းစတင်ဖွင့်လှစ် ခဲ့တယ်။ အဲဒီနှစ်မှာ သင်တန်းကို(၆)နေရာပြုလုပ်နိုင်ပြီး သင်တန်းသူ/သား(၄၂၃)ဦးကို သင်တန်းပေးနိုင်ခဲ့ တယ်။ ၂၀၁၃-ခုနှစ်ရောက်တဲ့အခါ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးမှာ ဗဟိုနည်းပြတွေ မွေးထုတ်ပြီး စွမ်းရည်မြှင့်သင်တန်းတွေကို ဆက်လက်ဖွင့်လှစ်ခဲ့တယ်။ အဲဒီနှစ်မှာ ပအိုဝ်းလူမျိုးတွေ နေထိုင်တဲ့ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးတွေအပါအ၀င် သင်တန်း(၂၂)နေရာပြုလုပ်နိုင်ခဲ့ပြီး သင်တန်းသူ/သား (၁၆၅၆)ဦးကို သင်တန်းပေးနိုင်ခဲ့တယ်။
၂၀၁၄-ခုနှစ်ရောက်တဲ့အခါမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးမှာ ဌာနတွေ စတင်ဖွဲ့စည်းခဲ့တယ်။ အဲလိုနဲ့ လေ့ကျင့်ရေးနှင့်ပညာပေးရေးဌာနဆိုပြီးတော့ ပေါ်ပေါက်လာခဲ့တယ်။ အဲဒီအချိန်ထိ သင်တန်းအတွက် သင်ရိုးညွန်းတမ်းစာအုပ်ပြုစုနိုင်မှုမရှိသေးဘူး။ ၂၀၁၄-ခုနှစ် သင်တန်း ကာလမတိုင်ခင်မှာ လေ့ကျင့်ရေးနှင့်ပညာပေးရေးဌာနမှာရှိတဲ့ ၀န်ထမ်းတွေက ကိုယ်စွမ်းဥာဏ်စွမ်းရှိ တာလေးနဲ့ သင်ရိုးညွန်းတမ်းတွေကို သင်တန်းနည်းပြလမ်းညွန်၊ စည်းရုံးရေးလမ်းညွန်နဲ့ စွမ်းရည်မြှင့် လက်စွဲဆိုပြီးတော့ လက်စွဲစာအုပ်တွေကို(၃)မျိုးဖြင့် ပြုစုနိုင်ခဲ့ပါတယ်။ အဲဒီနှစ်မှာလည်း အုပ်စုအဆင့် နည်းပြ(၃၄၁)ဦးကိုမွေးထုတ်ပြီးတော့ သင်တန်း(၇၆)နေရာပြုလုပ်နိုင်ခဲ့ပြီး သင်တန်းသူ/သား(၄၉၃၇)ဦး ကို သင်တန်းပေးနိုင်ခဲ့တယ်။ အဲဒီနှစ်မှာဘဲ ဆင့်ပွားသင်တန်းတွေကို ပြန်လည်ပို့ချပေးခဲ့တဲ့ အုပ်စုအဆင့် နည်းပြတွေကိုလည်း ဂုဏ်ပြုလက်မှတ်ချီးမြှင့်ပေးအပ်ပွဲကို ကြီးကျယ်ခန့်နားစွာ လူထုတွေ့ဆုံပွဲနှင့်အတူ အောင်မြင်စွာ ဂုဏ်ပြုနိုင်ခဲ့ပါတယ်။
၂၀၁၅-ခုနှစ်မှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးမှာ ရုံးလည်ပတ်မှုတွေ ပိုမို အားကောင်းစေရန်အတွက် ဌာနအလိုက်ဌာနမှူးတွေကို တာဝန်ပေးအပ်ပြီး ဌာနအလိုက်လုပ်ငန်း အသီးသီးကို အကောင်အထည်ဖော်ဆောင်ရွက်လာခဲ့ပါတယ်။ ၂၀၁၅-ခုနှစ်မှာ လေ့ကျင့်ရေးနှင့်ပညာပေး ရေးဌာနမှာ ၀န်ထမ်းလုံလောက်မှုမရှိတဲ့အတွက် မြို့နယ်ပေါင်းစုံမှ ၀န်ထမ်းအသစ်(၁၀)ဦးခေါ်ယူပြီး ဗဟိုနည်းပြတွေ ထပ်မံမွေးထုတ်ခဲ့ပါတယ်။ လေ့ကျင့်ရေးနှင့်ပညာပေးရေးဌာန၏ သင်ရိုးညွန်းတမ်းစာအုပ် တွေကိုလည်း အသစ်ပြန်လည်ပြုစုခဲ့ပါတယ်။ အဲဒီနှစ်မှာ ပအိုဝ်းလူမျိုးတွေနေထိုင်တဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးအပါအ၀င် သင်တန်း(၂၃၀)နေရာပြုလုပ်နိုင်ခဲ့ပြီး သင်တန်းသူ/သား (၁၃၈၆၄)ဦးကို သင်တန်းပေးနိုင်ခဲ့ပါတယ်။ အဲဒီအပြင် သင်တန်းလက်စွဲစာအုပ်တွေကိုလည်း အုပ်ရေ (၁၃၅၆၀)အုပ်ကို အခမဲ့ဖြန့်ဝေပေးနိုင်ခဲ့ပါတယ်။
သင်တန်းပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ မိမိတို့ဒေသမှာရှိတဲ့ပြည်သူနှင့်လူငယ်မျိုးဆက်သစ် တွေကို
(၁)    မိမိတို့၏ လူမျိုးသမိုင်းကြောင်းသိရှိရန်နှင့် အမျိုးသားရေးစိတ်ဓါတ် နိုးကြားရှင်သန်လာစေရန်။
(၂)    နိုင်ငံရေးအသိအမြင်များရရှိစေရန်နှင့် မြန်မာ့၊ ကမ္ဘာ့နိုင်ငံရေး အခြေအနေများကို သိရှိစေရန်။
(၃)    ဒီမိုကရေစီ၏ အခြေခံသဘောတရားများ၊ ရပိုင်ခွင့်များနှင့် တာဝန်ဝတ္တရားများကို သိရှိစေရန်။
(၄)    ခေါင်းဆောင်၊ ခေါင်းဆောင်မှုနှင့် ပတ်သက်၍ သိရှိနားလည်လာစေရန်။
(၅)    ကောင်းမွန်သောအုပ်ချုပ်မှု သဘောတရားများကို နားလည်ပြီး အုပ်ချုပ်သူများအား အကြံ ဥာဏ်များပေးနိုင်စေရန်။   
(၆)    ဖွဲ့စည်းပုံအခြေခံဥပဒေ အခြေခံသဘောတရားများသိရှိစေရန်။
(၇)    လူ့စွမ်းအားအရင်းအမြစ် အရေးပါကြောင်းကို သိရှိစေရန်။
(၈)    ဖွံ့ဖြိုးရေး၏ အခြေခံသဘောတရားများကို သိရှိနားလည်ပြီး မိမိရပ်ရွာဒေသများတွင် လက် တွေ့ဆောင်ရွက်နိုင်စေရန်။
(၉)    ငြိမ်းချမ်းခြင်း၏ အခြေခံသဘောတရားများနှင့် အကျိုးရလဒ်များကို သိရှိစေရန်။
(၁၀)    သတင်းမီဒီယာ၏ အခြေခံသဘောတရားများကို သိရှိနားလည်ပြီး သတင်းထောက်များထွက် ပေါ်လာစေရန်နှင့် အောက်ခြေမှ ဗဟိုအထိဆက်သွယ်မှုအားကောင်းလာစေရန်။
(၁၁)    နောင်တစ်ချိန်တွင် မိမိတို့၏ ရပ်ရွာ၊ မြို့နယ်၊ ဒေသနှင့် တိုင်းပြည်အတွက် အရည်အချင်း ပြည့်ဝသည့် အနာဂါတ်ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာစေရန်။
    ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် (၁)နည်းပြ လမ်းညွှန် (၂)ပအိုဝ်းလူမျိုးသမိုင်း (၃)ပအိုဝ်းစာပေသမိုင်း (၄)ပအိုဝ်းတော်လှန်ရေးသမိုင်း (၅)ငြိမ်းချမ်းရေး ရယူခြင်း မှတ်တမ်း (၆)မမေ့အပ်သော ပအိုဝ်းရိုးရာဓလေ့ထုံးတမ်းများ (၇)ဒီမိုကရေစီ (၈)စည်းရုံးရေး (၉)လူ့အခွင့် အရေး (၁၀)ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၁)ကောင်းမွန်သောအုပ်ချုပ်မှု (၁၂)ခေါင်းဆောင်မှု (၁၃)ဖွံ့ဖြိုး တိုးတက်မှု (၁၄)လူ့စွမ်းအားအရင်းအမြစ် (၁၅)CEDAW (၁၆)မီဒီယာနှင့်သတင်းရေးသားနည်း ဘာသာရပ်တွေကို ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
သင်တန်းဖွင့်လှစ်မှုအပေါ်မှာ သုံးသပ်ရမယ်ဆိုရင် သင်တန်းစတင်ဖွင့်လှစ်ခဲ့တဲ့ ၂၀၁၂-ခုနှစ်မှာဆို နိုင်ငံရေးကိုကြောက်ရွံ့ပြီး စိတ်ဝင်စားသူအားနည်းခဲ့ပြီးတော့ လက်ရှိချိန်မှာ စိတ်ဝင်စားသူ များပြား လာတာကို တွေ့ရှိရပါတယ်။ အဓိကအားဖြင့် သိတာကတော့ အမျိုးသမီးဦးရေဟာ အမျိုးသားဦးရေ ထက် ပါဝင်မှုအားကောင်းတာကို သတိထားမိပါတယ်။ ၂၀၁၅-ခုနှစ်မှာဆို ကျေးရွာနှင့်ကျေးရွာအုပ်စု အကျိုးဆောင်နည်းပြဖြစ်လိုကြောင်း လျှောက်ထားတဲ့ပုဂ္ဂိုလ်(၄၅၀)ဦးရှိတယ်ဆိုတာကို သိရှိရတော့ ၀မ်းသာဂုဏ်ယူမိပါတယ်။ အဲဒီ(၄၅၀)ဦးကိုလည်း အကျိုးဆောင်နည်းပြအဖြစ် အတည်ပြုခန့်လိုက်ပြီး ဖြစ်ကြောင်းကိုလည်း သိရှိရပြန်တော့ ပအိုဝ်းလူငယ်တစ်ယောက်အနေဖြင့် များစွာဝမ်းသာမိပါတယ်။
ယနေ့အထိ သင်တန်းသူ/သားတွေကို များစွာသင်တန်းပေးနိုင်တာဟာ အရေအတွက်ကို ကြည့်မယ်ဆိုရင် များစွာအောင်မြင်တယ်လို့ဆိုပေမယ့်လည်း အရည်အချင်းအားဖြင့် နည်းပါးနေတယ်လို့ မြင်မိပါတယ်။ ဒါကြောင့်အရေအတွက်ကနေမှ အရည်အချင်းရှိလာအောင် ပြောင်းလဲဖြည့်ဆည်းဖို့ လိုအပ်ပါတယ်။ အရည်အချင်းရှိလာအောင် ဖြည့်ဆည်းပေးမှသာ လူငယ်တွေကို အမျိုးသားရေးလုပ်ငန်း ကဏ္ဍတွေမှာ ထပ်မံပြီးတာဝန်ပေးအပ်နိုင်မှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာတာဝန်ရှိလူကြီးတွေကိုလည်း လူငယ်တွေရဲ့အမြင် အယူအဆတွေကို လက်ခံလာဖို့အတွက် ဗဟိုကော်မတီအဆင့်တာဝန်ရှိလူကြီး တွေကိုလည်း စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်ပို့ချပေးနေတာ တွေ့ရပါတယ်။ သင်တန်းကြောင့် လူငယ်တွေ ဟာ မြို့နယ်အဆင့် အကြီးအကဲနေရာနဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံးမှာ လူငယ်တွေ များစွာဝင်ရောက်တာဝန်ယူဆောင်ရွက်လာတာကို တွေ့မြင်ရတဲ့အတွက် စာရေးသူအနေဖြင့် ၀မ်းသာမိပါတယ်။ တစ်ဖက်မှာလည်း ၂၀၁၅ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ လူငယ်တွေဟာ လွှတ်တော်အဆင့်ဆင့်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်နေတာကို သိရှိရတဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံးမှာ လေ့ကျင့်ရေးနှင့်ပညာပေးရေးဌာနအတွက် ၀န်ထမ်းအသစ်(၁၀)ဦး ထပ်မံခေါ်ယူခန့်အပ်ရာမှာ မဟာသိပ္ပံ၊ မဟာဝိဇ္ဇာဘွဲ့ ရထားတဲ့ လူငယ်တွေလည်း ခန့်အပ်တာတွေကို ကြားသိရတဲ့အတွက်လည်း ဂုဏ်ယူမိပါ တယ်။ ပအိုဝ်းအမျိုးသားနိုင်ငံရေးသင်တန်းကျောင်း ပေါ်ပေါက်လာအောင် ဆောင်ရွက်မယ့်အစီအစဉ် ရှိတယ်လို့ကြားသိရတဲ့အတွက် လူငယ်တွေ အခွင့်အလမ်းများ များစွာရရှိလာနိုင်တော့မယ်လို့ တွေးမိပြီး ၀မ်းသာမိပါတယ်။ သင်တန်းများ ထပ်မံပြုလုပ်နိုင်ရင် မိမိတို့ဒေသမှာ ပညာတတ်လူငယ်များ များစွာ ပေါ်ထွက်လာနိုင်ပြီး လာမည့်(၅)နှစ်တာကာလမှာ ပအိုဝ်းလူငယ်တွေဟာ အမျိုးသားရေးရဲ့ အဓိက အခန်းကဏ္ဍတွေမှာ ပခုံးပြောင်းတာဝန်တွေကို ၀င်ရောက်တာဝန်ယူဆောင်ရွက်လာနိုင်တော့မယ့်လို့ မိမိအနေဖြင့် မြင်တွေ့နေရသည့်အတွက် ပအိုဝ်းလူမျိုးတို့ စည်းစည်းလုံးလုံး၊ ဟန်ချက်ညီညီနှင့် အမျိုးသားရေးတွေကို လက်တွဲလုပ်ဆောင်ပါက ပအိုဝ်းလူမျိုးတို့ရဲ့ အနာဂတ်ကို ရေးရေးလေး စတင် မြင်တွေ့နေပါတော့သည်။…..။ …….။


ခွန်သွောင်းထို
ခွန်ဖြားဗွာခမ်း
Powered by Blogger.