Monday, September 14, 2015

မြန်မာနိုင်ငံတိုးတက်ဖို့ တိုင်းရင်းသားများ စည်းလုံးညီညွတ်ရန်လိုအပ်သလို ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖွံ့ဖြိုးတိုးတက်ဖို့ ပအိုဝ်းဒေသတွင်းမိဘပြည်သူများ ညီညွတ်ကြရန် လိုအပ် သည်ဟု ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေ မဲဆွယ်စည်းရုံး

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်





ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်သိန်းဖေသည် ၂၀၁၅ရွေးကောက်ပွဲအောင် နိုင်ရေးနှင့်ပတ်သက်၍ ဒီကနေ့ စက်တင်ဘာလ(၁၄)ရက်၊ တနလာင်္နေ့၊ ဟိုပုံးမြို့နယ်၊ နမ်းခုတ်ကျေးရွာနှင့် ဆီဆိုင်မြို့နယ် ကျောင်းချယ်ကျေးရွာတွင် ပြည်သူလူထုနှင့် သွားရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံတိုးတက်ရန် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများ ညီညွတ်ရန်လိုအပ်သလို ပအိုဝ်းဒေသဖွံ့ဖြိုးဖို့ပအိုဝ်း ဒေသတွင်းမိဘပြည်သူများ ညီညွတ်ကြရန် လိုအပ်သည်ဟု မဲဆွယ်စည်းရုံးသွားပါသည်။
၎င်းနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေက “ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးဟာ လွတ်လပ်ရေး ရပြီးကတည်းက လွတ်လပ်ခြင်းဆိုတဲ့အနှစ်သာရကို တိုင်းရင်းသားတိုင်း အစစ်အမှန်မခံစားရသေးပါဘူး။  အပစ်အခတ်ရပ်စဲရေးနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်သွားဖို့ ရှိပါတယ်၊ အခုကျွန်တော်တို့နိုင်ငံက ဒီမိုကရေစီသက်တမ်းအရ (၅)နှစ်ဘဲရှိသေးတဲ့အတွက်  ကျွန်တော်တို့ပြည်သူတွေအနေနဲ့လည်း လိုအပ်ချက်တွေပြည့်နှက် နေပြီး၊ လုပ်ဆောင်ရမဲ့အရာတွေလည်း များလွန်းလှပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံတိုးတက်ချင်တယ်ဆိုရင် မြန်မာနိုင်ငံမှာနေထိုင်တဲ့ တိုင်းရင်းသားပေါင်းစုံနဲ့ ကဏ္ဍအသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ အဖွဲ့အစည်းနှင့် သဘောထားကြီးကြီးနဲ့ ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်နိုင်မှ ဒီနိုင်ငံကြီးကို ပြောင်းလဲနိုင်မှာဖြစ်သလို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်စေချင်ရင်တော့ ဒေသတွင်းမှာ နေထိုင်တဲ့ တိုင်းရင်းသားပေါင်းစုံတွေက သဘောထားကြီးကြီးနဲ့၊ ပါဝင်လက်တွဲနိုင်မှ အောင်မြင်နိုင်မယ် ဖြစ်ပါတယ်”ဟု  မဲဆွယ်စည်းရုံးသွားခဲ့ပါသည်။   ထို့ပြင် ဦးခွန်သိန်းဖေက လွှတ်တော် သက်တမ်း(၅)နှစ်တွင် မိမိတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)သည် မိဘပြည်သူများ ဒေသဖွံ့ဖြိုးရေးကို အဓိကထား လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ မိမိတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၏ မူဝါဒလမ်းစဉ်မှာ မိဘပြည်သူများ ဖွံ့ဖြိုးရေးကဏ္ဍကိုသာ အခြေခံကာတည်ဆောက်ထားခြင်း ဖြစ်ကြောင်း ပြောကြားသွားပါသည်။
အဆိုပါ နမ်းခုတ်ကျေးရွာအုပ်စုတွင် ကွန်နား၊ လုံမြင့်၊ ၀မ့်လွယ်၊ အုံကွန်းစသည့် ရွာများတည်ရှိပြီး  ပအိုဝ်းလူမျိုးများနှင့် အခြားတိုင်းရင်းသားများလည်း နေထိုင်ကြပါသည်။



ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေသည် ဆီဆိုင်မြို့နယ်၊ ကျောင်းချယ်ကျေးရွာတွင် ပြုလုပ်သော မဲဆွယ်မှု ဟောပြောပွဲအခမ်းအနားသို့ ရောက်ရှိကာ မိဘပြည်သူများကို “  ကျွန်တော်တို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဟာ ၁၉၉၁နောက်ပိုင်း ငြိမ်းချမ်းရေး ယူကတည်းက မိဘပြည်သူများ အကျိုးစီးပွားကို လုပ်လာခဲ့ပါတယ်။ ဒီလွှတ်တော်သက်တမ်း(၅)နှစ်မှာလည်း မိဘပြည်များ လိုအပ်တဲ့ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေး ဒါတွေကို မိဘပြည်သူများ အမြင်ဘဲ ဖြစ်ပါတယ်၊ လာမည့် လွှတ်တော်သက်တမ်းမှာလည်း ဒီထက် ပိုလုပ်နိုင်မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒီလို ဖွံ့ဖြိုးမှုတွေကို ဆက်လက်လုပ်ဆောင်နိုင်ဖို့ ဒီအခွင့်အရေးကို လက်မလွတ်ကြရန် လိုပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ PNOက (၄)မြို့နယ်ဘဲ ၀င်ရောက်ယှဉ်တဲ့အတွက် ဒီ(၄)မြို့နယ်မှာ ကျွန်တော်တို့ နိုင်ဖို့အရေးကြီးပါတယ်။ ကျွန်တော်တို့ အခွင့်အရေး ကျွန်တော်တို့ လက်မှာရှိနေဖို့ လာမည့်ရွေးကောက်ပွဲမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ကို မဲပေးကြပါ” ဟု စည်းရုံးဟောပြောသွားပါသည်။


ဆီဆိုင်မြို့နယ်မှ အနုပညာရှင်များ စည်ရုံးနေစဉ်

အဆိုပါ မဲဆွယ်မှု ဟောပြောပွဲအခမ်းအနားပြုလုပ်သော နမ်းခုတ်ကျေးရွာတွင် မိဘပြည်သူများ(၆၀၀)ကျော် တက်ရောက်ခဲ့ပြီး ကျောင်းချယ်တွင် မိဘပြည်သူများ(၆၀၀)ခန့် တက်ရောက်ခဲ့ကြောင်း၊ ယင်းအခမ်းအနားတွင်  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းများကလည်း ဟောပြော စည်းရုံးခဲ့ကြကြောင်း၊ အခမ်းအနားသို့ တက်ရောက်လာသော မိဘပြည်သူများအတွက် အပန်းဖြေနိုင်ရန် ကျောင်းချယ်တွင် ပအိုဝ်းအနုပညာများက လိုက်ပါစည်းရုံးခဲ့ကြကြောင်း သိရှိရပါသည်။

ခွန်ထင်းလေအောင်း
   

   
   
   
Powered by Blogger.