Tuesday, September 15, 2015

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဟိုပုံးမြို့နယ်၊ ရန်ကင်းဘုန်းတော်ကြီးကျောင်းတွင် မဲဆွယ်စည်းရုံးရေးဟောပြောပွဲ အခမ်းအနား ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်



ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) က ၂၀၁၅ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် နေ့တိုင်းလိုလို မဲဆွယ်စည်းရုံးပွဲ ပြုလုပ်နေကြကာ ဒီကနေ့ စက်တင်ဘာလ(၁၅)ရက်၊ အင်္ဂါနေ့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ရန်ကင်းဘုန်းတောင်ကြီးကျောင်းတွင် မဲဆွယ်စည်းရုံးရေး ဟောပြောပွဲအခမ်းအနားကို ဆက်လက်ပြုလုပ် ကျင်းပခဲ့ပါသည်။
ရှေ့ဦးစွာ အခမ်းအနားတွင် ကြွရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များနှင့်တကွ မိဘပြည်သူများက ရတနာ(၃)ပါအား ရှိခိုးပူဇော်၍ (၅)ပါးသီလခံယူပြီး ဆရာတော်(ရန်ကင်း)ထံမှ သြ၀ါဒ အမှာစကား နာယူခဲ့ပါသည်။ ထို့နောက် မျင်မိုရ်ခမ်းဒု-ခမ်းဗွေး ဖြားကြွုတ်က အဖွင့်အမှာစကားပြောကြားပြီး ဆက်လက်၍ ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေက ၂၀၁၅ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြား သွားပါသည်။
ထိုသို့ပြောကြားရာတွင် အခုလို ၂၀၁၅ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရန်ကင်းဒေသရှိ မိဘပြည်သူများနှင့် တွေ့ဆုံရသည်မှာ မိမိအနေနှင့် ၀မ်းသာမိပါကြောင်း၊ မြန်မာနိုင်ငံသည် သဘာဝသယံဇာတပြည်စုံပြီး ရာသီဥတု ညီမျှသော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံး နိုင်ငံစာရင်းထဲ၌ ပါဝင်နေကြောင်း၊ မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက်က စနစ်ဆိုးတွေကြောင့်  တိုင်းရင်းသားလူမျိုးများသည် ဆင်းရဲတွင်းမှ ယခုအချိန်ထိ မရုန်းထွက်နိုင်သေးကြောင်း၊ မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲလိုလျှင် မြန်မာနိုင်ငံအတွင်းရှိ လူမျိုးပေါင်းစုံ စည်းလုံးညီညွတ်ရန်လိုအပ်ကြောင်း၊ မိမိတို့ ပအိုဝ်းလူမျိုးများသည်လည်း အခြားတိုင်းရင်းသားနည်းတူ ခေတ်စနစ်ဆိုးကြီးကို အတူတကွခံစားခဲ့ရကြောင်း၊ ယခုလက်ရှိ မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ် ကျင့်သုံးလာသည်မှာ (၅)သာရှိသေးကြောင်း၊ ၂၀၁၅ရွေးကောက်ပွဲတွင် မိမိသည် အမျိုးသားလွှတ်တော်အနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)သည် ဗဟိုအာဏာရရန်အတွက် ၀င်ရောက်ယှဉ်ပြိုင်ခြင်း မဟုတ်ဘဲ ကိုယ်ပိုင်အခွင့်အရေးကို ပြန်လည်ရရှိနိုင်ရန်သာ ဖြစ်ကြောင်း၊ ၂၀၁၅ရွေးကောက်ပွဲတွင် မိမိတို့ PNOပါတီမှာ ရှမ်းပြည်နယ်တောင်ပိုင်းတွင် (၄)မြို့နယ်သာ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး ဤကဲ့သို့အခွင့်အရေးကို လက်မလွတ်သင့်ကြောင်း၊ မိမိတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) မိဘပြည်သူများအတွက် ဒေသဖွံ့ဖြိုရေးကို အဓိက လုပ်ဆောင်နေသည်ကို မိဘပြည်သူများ အသိဖြစ်၍ လာမည့်၂၀၁၅ရွေးကောက်ပွဲတွင် မိမိတို့ PNOပါတီကို ပြန်လည်ထောက်ခံသွားမည်ဟု မိမိအနေနှင့် ယုံကြည်မိပါကြောင်း ပြောကြားသွားပါသည်။





ဆက်လက်၍ ဟိုပုံးမြို့နယ် မဲဆန္ဒနယ်(၁)တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခွန်မောင်ဖြူက ရွေးကောက်ပွဲဆိုင်ရာ အသိပညာများ ရှင်းလင်းမျှဝေကာ စင်မွိုးမွံ၊ စင်မွိုးအောင်ပေါ်တိှု့လည်း အမှာစကားပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။

ခွန်ထင်းလေအောင်း
   
Powered by Blogger.