Thursday, September 24, 2015

ပါတီကြီးများ၏လွမ်းမိုးမှုများနှင့် မျှော်လင့်ခြင်းကင်းမဲ့သော လူနည်းစုတိုင်းရင်းသားများ၏ တန်းတူညီမျှမှု

တောင်ကြီး ၊ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်



မြန်မာနိုင်ငံသည် ဗြိသိသျှအစိုးရလက်အောက်မှ လွတ်မြောက်ရန် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်ကြိုးပမ်း အားထုတ်မှုများ၊ ကတိက၀တ်များနှင့်အတူ တိုင်းရင်းသားခေါင်းဆောင်များ၏ စည်းလုံးညီညွတ်မှုကြောင့် ပင်လုံစာချုပ်နှင့်အတူလွတ်လပ်ရေးရရှိခဲ့သည်။ လွတ်လပ်ရေးနှင့်အတူ တိုင်းရင်းသား ခေါင်းဆောင်များသည်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ ကတိက၀တ်အတိုင်း တန်းတူအခွင့်အရေးများ ရရှိကြမည်ဟု ယုံကြည်မျှော်လင့်ခဲ့ကြသည်။ သို့သော် လွတ်လပ်ရေးနှင့်အတူ ဗမာ့နိုင်ငံရေး ခေါင်းဆောင်များ၏ ကတိက၀တ်မတည်ခြင်း၊ နိုင်ငံရေးပါတီများနှင့် ၀ါဒကိုအခြေခံသည့်အဖွဲ့အစည်းများ၏ အာဏာပြိုင်ဆိုင်မှု၊ အာဏာလုယူမှုများကြောင့် တိုင်းရင်းသားများ လိုလား သည့် တန်းတူအခွင့်အရေး များသည် မျှော်လေတိုင်းဝေးခဲ့ရပြီးလွတ်လပ်ရေးနှင့်အတူနှစ်ပေါင်း (၆၇)နှစ် ကျော်သည့် တိုင်အောင် တိုင်းရင်းသားဒေသများတွင် စစ်ပွဲများနှင့်သာ ရင်ဆိုင်ခံစားနေရပါသည်။
ပါလီမန်ဒီမိုကရေစီအစိုးရလက်ထက်၊ တော်လှန်ရေးကောင်စီအစိုးရလက်ထက်၊ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရလက်ထက်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးအစိုးရလက်ထက်၊ နိုင်ငံတော်
 အေးချမ်း သာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် စသည့် ခေတ်အဆက်ဆက် အစိုးရများ၏ လက်ထက်တွင်လည်း တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကိုအခြေခံသည့် အပေါ်ယံမူဝါဒများကို ချမှတ်ခဲ့ကြသော်လည်း လက်တွေ့တွင် ဗမာအစိုးရအလိုကျလုပ်ဆောင်ပေးသည့် တိုင်းရင်းသားများကိုသာ နေရာပေးကြသည်။ တိုင်းရင်းသားတန်းတူအခွင့်အရေးများကို တောင်းဆိုလှုပ်ရှားသည့် တိုင်းရင်းသားလူမျိုးများ မှန်သမျှကိုလည်း လှုပ်ရှားမှုမရအောင် ဖိနှိပ်နှိပ်ကွပ်ခဲ့သည်။ ခေတ်အဆက်ဆက် အစိုးရတိုင်းသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ဖိတ်ခေါ်၍ ငြိမ်းချမ်းရေး သဘောတူညီမှုများကို ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြသော်လည်း အစိုးရဖက်ကသာကတိက၀တ် မတည်မှုများကြောင့် တိုင်းရင်းသားများလက်နက်ပြန်ကိုင်ပြီး အစိုးရအားပြန်လည် တော်လှန်ခဲ့ကြသည်ကို နိုင်ငံရေးပညာရှင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများ အသိပင် ဖြစ်ပါသည်။ အစိုးရသည် တဖက်တွင် ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီး အခြားတဖက်၌် တိုင်းရင်းသားဒေသများတွင်လည်း စစ်ပွဲမဆဲအောင်ဖန်တီး လုပ်ဆောင်ရာမှာ ယနေ့အထိပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ဗမာလူမျိုးကြီးဝါဒကျင့်သုံးနေသည် မဟုတ်ဘဲ ပြည်နယ်ရရှိပြီးသော တိုင်းရင်းသား များသည်လည်း မိမိတို့ပြည်နယ်များထဲတွင် မိမိတို့လူမျိုးကြီးဝါဒကို ကျင့်သုံးနေကြသည်ကိုလည်း ပြည်နယ် တိုင်းတွင် မြင်တွေ့နေရပါသည်။ မြန်မာနိုင်ငံတွင် ကမ္ဘာမှသတ်မှတ်ထားသည့်လူမျိုးတစ်မျိုး၏ အင်္ဂါရပ်များနှင့် ပြည့်စုံသောတိုင်းရင်းသားလူမျိုးစု များစွာရှိပါသည်။ ထိုသို့ လူမျိုးတစ်မျိုး၏ အဂါင်္ရပ်နှင့် ပြည့်စုံသည့် တိုင်းရင်းသားလူမျိုးများကို ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရများသည် တန်းတူညီမျှမှုရရှိအောင် ဆောင်ရွက် ပေးရမည်ဖြစ် ပါသည်။ ထိုကဲ့သို့သော တန်းတူအခွင့်အရေးမျိုးကို လုပ်ပေးနိုင်မှသာမြန်မာနိုင်ငံ၏ ထာဝရ ငြိမ်းချမ်းရေး၊ ထာဝရတိုင်းရင်းသားများစည်းလုံးညီညွတ်ရေးကို ရရှိမည်ဖြစ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေသည် ဖယ်ဒရယ်ကိုအခြေခံသော ဥပဒေဖြစ်သည်ကို နိုင်ငံရေးပညာရှင်အချို့မှ လက်ခံပါသည်။ သို့သော် တိုင်းရင်းသားများလိုလားသည့် ပုံစံမျိုးကိုတော့မဟုတ်ပါ။ တိုင်းရင်းသားများလိုလားသည့် ပုံစံမျိုးရရှိရန် ဖြည့်စွက်စရာ ပြင်ဆင်စရာများစွာ ရှိနေဦးမည်ဖြစ်ပါသည်။
    မြန်မာနိုင်ငံ၏ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေများထဲမှ အပိုဒ် (၆) အခြေခံမူများတွင် နိုင်ငံတော်သည်-
(က)    ပြည်ထောင်စုမပြိုကွဲရေး၊
(ခ)    တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊
(ဂ)     အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊
(ဃ)    စစ်မှန်၍စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေး၊
(င)    နိုင်ငံတော်၌တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့်ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေး
ဖွဲ့စည်းပုံအခြေခံဥပဒေအပိုဒ် (၇)တွင်-  နိုင်ငံတော်သည်စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ကိုကျင့်သုံးသည်။
စသည့်နိုင်ငံသားတိုင်းနှင့် တိုင်းရင်းသားများအတွက် အလွန်မှကောင်းမွန်သည့် အခြေခံမူများ ချမှတ် ပေးထားသည်ကိုတွေ့မြင်ရပါသည်။
တိုင်းရင်းသားလူမျိုးများနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေအပိုဒ်(၁၅)တွင် လျော်ကန်သင့်မြတ်သော လူဦးရေရှိသည့် တိုင်းရင်းသားလူမျိုးများအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရစီရင်စု ဥပဒေပြုရေးတွင် ထိုတိုင်းရင်းသား လူမျိုးကိုယ်စားလှယ်များ ပါဝင်ခွင့်ရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအပိုဒ် (၁၅)တွင် နိုင်ငံတော်သည်
(က)    တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက် မည်။
(ခ)     တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန် ကူညီဆောင်ရွက်မည်။
(ဂ)    တိုးတက်ဖွံ့ဖြိုးမှုနည်းပါးနေသည့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စသည်တို့ပါဝင်သော လူမှုစီးပွားရေးတိုးတက်ဖွံ့ဖြိုးရေးအတွက် ကူညီ ဆောင်ရွက်မည်။
စသည့်တိုင်းရင်းသားများနှင့် သက်ဆိုင်သည့်အခွင့်အရေးများကိုလည်း အခြေခံမူများတွင် ထည့်သွင်းဖော်ပြ       ထားပြီးဖြစ်ပါသည်။ အထက်ပါ အခြေခံမူများသည် သက်ဆိုင်ရာဝန်ကြီးဌာနများတွင် တိုင်းရင်းသား အခွင့်အရေးများ အတွက် နည်းဥပဒေများ ပြဌာန်းထားခြင်း မရှိသေးသည့်အတွက် တိုင်းရင်းသားများ၏ အခွင့်အရေးရရှိရန် အလှမ်းဝေးနေပြီး အစိုးရနှင့်နီးစပ်ပြီး လုပ်တတ်ကိုင်တတ်သော တိုင်းရင်းသားခေါင်းဆောင်များကသာ အကန့်အသတ်ဖြင့် မိမိတို့တိုင်းရင်းသား များအတွက် လုပ်ဆောင် ပေးနိုင်သည်ကို လက်ရှိသမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်များတွင် တွေ့မြင်ရသည်။
ဆက်လက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေအပိုဒ်(၇)တွင်-  နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည် ဆိုသည့်အခန်းကဏ္ဍတွင် ဆွေးနွေးလိုပါသည်။
နိုင်ငံတော်တမ္မတကြီး ဦးသိန်းစိန်လက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တစ်ပြည်လုံးအတိုင်းအတာဖြင့် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။ မကြာသော အချိန်ကာလတွင်လည်း စာချုပ်ချုပ်ဆိုနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်မိပါသည်။ စာချုပ်ချုပ်ဆိုပြီးသည်နှင့် နိုင်ငံရေးဆွေးနွေးပွဲကိုရက်ပေါင်း (၉၀) အတွင်းကျင်းပကြမည်ဟု နိုင်ငံရေးမူဘောင်တွင် ထည့်သွင်းထားပြီး ဖြစ်ပါသည်။ နိုင်ငံရေးဆွေးပွဲတွင် ကိုယ်စားပြုမည့် တိုင်းရင်းသားကိုယ်စားလှယ်များသည် အလွန်မှ အရေးကြီး ပါသည်။ နိုင်ငံအတွင်းရှိ တိုင်းရင်းသားကိုယ်စားလှယ်တိုင်း ပါဝင်နိုင်ရန်လိုအပ်ပြီး ထိုကိုယ်စားလှယ်များသည်လည်း သက်ဆိုင်ရာတိုင်းရင်းသားတိုင်း၏ အများသဘောတူရွေးချယ်ပေးသော ကိုယ်စားလှယ်များဖြစ်ရန် လိုအပ်ပါသည်။ နိုင်ငံသူနိုင်ငံသားများနှင့် တိုင်းရင်းသူတိုင်းရင်းသားတိုင်းသည် ထာဝရတည်မြဲသော ငြိမ်ချမ်းရေးကိုရရှိနိုင်ရန်အတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမှ ဆွေးနွေးဆုံးဖြတ်နိုင်ရန်
 စောင့်စားမျှော်လင့်လျှက် ရှိနေပါသည်။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွင် ဆွေးနွေးမည့် တိုင်းရင်းသားခေါင်းဆောင်များသည် မိမိတို့တိုင်းရင်းသားများ၏ တန်းတူ အခွင့်အရေးများရရှိရန် လက်ရှိမြန်မာနိုင်ငံ၏ ရွေးကောက်ပွဲစနစ်ကို ထည့်သွင်းဆွေးနွေးရန် လိုအပ်ပေမည် ဖြစ်ပါသည်။
တိုင်းရင်းသားများ၏ အခွင့်အရေးများကို ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခြခံမူများတွင် ထည့်သွင်းထား သော်လည်း လက်ရှိမြန်မာနိုင်ငံ၏ ရွေးကောက်ပွဲစနစ်ကြီးသည် နိုင်ငံရေးပါတီကြီးများ၏ လွမ်းမိုးမှုကို အခွင့်အရေး ပေးထားပြီး တိုင်းရင်းသားလူနည်းစုကိုယ်စားလှယ်များ လွှတ်တော်ထဲရောက်ရန် မလွယ်ကူကြောင်းကို တွေ့မြင် ရပါသည်။



လွတ်လပ်ရေးရပြီး ၁၉၅၂၊ ၁၉၅၆၊ ၁၉၆၀ ခုနှစ်များ၌ ပါလီမန်ဒီမိုကရေစီခေတ်တွင်ရှိသော နိုင်ငံရေး ပါတီကြီးများသည် တိုင်းရင်းသားဒေသများတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိခဲ့သည်ကို တွေ့မြင်နိုင်ပါသည်။ သို့သော် ၂၀၁၀ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီးတွင် နိုင်ငံရေးပါတီကြီးများသည် တိုင်းရင်းသား လူမျိုးစုငယ်များအတွက် မစဉ်စားဘဲအမျိုးသား လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများတွင်သာမက တိုင်းရင်းသားရေးရာဝန်ကြီးနေရာများ တွင်ပင် အလွတ်မပေး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်ကို တွေ့မြင်ရသည်မှာ စိတ်မကောင်းစွာ တွေ့မြင်ရပါသည်။ အကယ်၍ ပါတီကြီးများ မိမိတို့ယှဉ်ပြိုင်သည့် နေရာအားလုံးတွင် အနိုင်ရရှိပါက တိုင်းရင်းသားကိုယ်စားလှယ် စစ်စစ်များ လွှတ်တော်ထဲတွင် ရောက်ရှိနိုင်တော့မည် မဟုတ်ပေ။ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးစုများသာ လွှတ်တော်ထဲသို့ ရောက်ရှိနိုင်မည်ဖြစ်ပါသည်။ ဖြစ်သင့်သည်မှာ ဒီမိုကရေစီမရင့်ကျက်သေးသည့် ယနေ့ခေတ်ကာလတွင် ရွေးကောက်ပွဲ ကျင်းပသည့်အချိန်အခါတိုင်း နိုင်ငံရေးပါတီကြီးများသည် သဘောထား ကြီးကြီးဖြင့် တိုင်းရင်းသားပါတီများ၊ တိုင်းရင်းသား ခေါင်းဆောင်များအား လက်ရှိလွှတ်တော် အသီးသီးတွင် ရောက်ရှိအောင် လက်တွဲခေါ်ရမည် ဖြစ်ပါသည်။
နိုင်ငံရေးပါတီကြီးများသည် မိမိတို့ပါတီထဲတွင် သက်ဆိုင်ရာ တိုင်းရင်းသားဒေသများ၌ တိုင်းရင်းသား ကိုယ်စားလှယ်များ ခန့်ထားပေးကြောင်း ပြောသော်လည်း ၄င်းတိုင်းရင်းသားများသည် မိမိတို့တိုင်းရင်းသား လူမျိုးများအား ကိုယ်စားပြုသူများ မဟုတ်ကြောင်းကို တွေ့မြင်ရမည်ဖြစ်ပါသည်။ သက်ဆိုင်ရာပါတီကြီးများရှိ တိုင်းရင်းသားကိုယ်စားလှယ်များသည်လည်း သက်ဆိုင်ရာပါတီများ၏ မူဝါဒလမ်းစဉ်များအတိုင်းသာ လုပ်ဆောင် ကြရမည်ဖြစ်ပါသည်။ အင်္ဂလိပ်အစိုးရလက်ထက်ကဲ့သို့ပင် အင်္ဂလိပ်အစိုးရတွင်ပူးပေါင်းသော သူများကို အင်္ဂလိပ် အလိုတော်ရှိဖြစ်သကဲသို့သက်ဆိုင်ရာပါတီကြီးများတွင်ရှိသော တိုင်းရင်းသားများသည်လည်း သက်ဆိုင်ရာ ပါတီ ကြီးများ၏ အလိုတော်ရှိ အခိုင်းအစေဖြစ်ပြီး ၎င်းတို့ လမ်းညွန်သည့်အတိုင်းသာ လုပ်ဆောင်ကြရမည်ဖြစ်ပါသည်။ ထိုအရာများသည်လည်း သက်ဆိုင်ရာပါတီကြီးများအတွက် အမှန်တရားပင် ဖြစ်ပါသည်။
လက်ရှိနိုင်ငံရေးပါတီကြီးများသည် ဤအတိုင်းဆက်လက်ကျင့်သုံးပါက ဖွဲ့စည်းပုံအခြေခံမူများတွင် မည်သို့ပင် ပြဌာန်းထားစေကာမူ မြန်မာပြည်တွင် တိုင်းရင်းသားများအတွက် တန်းတူညီမျှမှု တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို မည်သည့်အခါမှ ရရှိနိုင်မည်မဟုတ်ပေ။ တိုင်းရင်းသားလူမျိုးစုများသည် မိမိတို့၏ ရေခံမြေခံနှင့် မိမိတို့၏ လူမျိုးပကတိအခြေအနေများကို မိမိတို့၏ တိုင်းရင်းသားခေါင်းဆောင်များသာ အသိဆုံးဖြစ်ပါသည်။ လက်ရှိ နိုင်ငံရေးပါတီကြီးများသည် အမှန်တကယ် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ရရှိလိုပါက နောင်လာမည့် ရွေးကောက်ပွဲများတွင် တိုင်းရင်းသားပါတီစစ်စစ်များနှင့် တိုင်းရင်းသားကိုယ်စားလှယ်စစ်စစ်များအား လွှတ်တော်ထဲ ရောက်ရှိရန် လက်တွဲခေါ်နိုင်ရမည် ဖြစ်ပါသည်။
ဥပမာအားဖြင့် တင်ပြရမည်ဆိုပါက ရှမ်းပြည်နယ်တွင်ရှိသော ပြည်နယ်လွှတ်တော်များသည် ရှမ်းပြည်နယ် တွင် နေထိုင်လျှက်ရှိသော တိုင်းရင်းသားအားလုံး မိမိတို့ပါတီအလိုက်သော်လည်းကောင်း၊ မိမိတို့တိုင်းရင်းသား ကိုယ်စားလှယ်များအားဖြင့် သော်လည်းကောင်း၊ အချင်းချင်းယှဉ်ပြိုင်ပြီး လူထုအများစုရွေးချယ်သော ကိုယ်စားလှယ်များအားဖြင့် ရှမ်းပြည်နယ် လွှတ်တော်မှတဆင့် ရှမ်းပြည်နယ်အစိုးရကို ဖွဲ့စည်းပြီး လွှတ်တော်မှ လည်းဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာတို့ကို ပြည်သူလူထုကိုယ်စား အချင်းချင်း ထိန်းညှိကြရန် ဖြစ်သည်။
ဥပမာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်ရှိသည့် ဓနု၊ ရှမ်း၊ ပအိုဝ်း၊ တောင်ရိုး၊ ပလောင် စသည့် ၄င်းဒေသတွင် အတူနေထိုင်ကြသည့် ဒေသခံတိုင်းရင်းသားပါတီများကိုယ်စားနှင့် ဒေသခံတိုင်းရင်းသား ကိုယ်စားလှယ်များ အချင်းချင်းသာ ယှဉ်ပြိုင်သင့်ပါသည်။ ထိုနည်းလမ်းများအားဖြင့် ဆောင်ရွက်မှသာ တိုင်းရင်းသားကိုယ်စားလှယ်တိုင်းသည် သက်ဆိုင်ရာလွှတ်တော် အသီးသီးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပေးထားသောမိမိတို့၏ အခွင့်အရေးများကို ဥပဒေဘောင်အတွင်းမှတောင်းယူခွင့် ဖော်ဆောင်ခွင့် ရကြမည် ဖြစ်ပါသည်။
လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းရင်းသားများအားအခွင့်အရေးပေးထားသော်လည်း နိုင်ငံရေး ပါတီကြီးများသည် မိမိတို့၏ အာဏာလောဘများကို တိုင်းရင်းသားလူနည်းစုနေရာများမှအစ လုယူကြမည် ဆိုပါလျှင် တိုင်းပြည်တည်ငြိမ်မှု၊ တိုင်းပြည်အေးချမ်းမှု၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု တို့သည် ဖွဲ့စည်းပုံ တွင်သာရှိပြီး လက်တွေ့မည်သည့်အခါမှ ရရှိလာနိုင်မည်မဟုတ်ပေ။ ရွေးကောက်ခံရသည့် ပါတီကြီးမှ တိုင်းရင်းသား ကိုယ်စားလှယ်များသည်လည်း တိုင်းရင်းသားများလိုလားသည့် တန်းတူညီမျှမှု၊ တန်းတူအခွင့်အရေး များသည် ဥပဒေဘောင်အတွင်းမှ တောင်းဆိုမည်ဆိုပါက မည်သည့်အခါမှ ရရှိလာမည်မဟုတ်ပေ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသည်လည်း ယုံကြည်မှုအားနည်းပြီး လက်နက်အပြီးအပိုင်အပ်နှံရန် လက်ခံနိုင်မည် မဟုတ်ပေ။    
သို့ဖြစ်ပါ၍ နိုင်ငံရေးပါတီကြီးများ၏ တိုင်းရင်းသားလူမျိုးများနှင့် ၎င်းတို့နေထိုင်ရာ ဒေသများအပေါ် အဆုံးအစုံ အာဏာရယူလိုမှုတို့သည်  တိုင်းရင်းသားစည်းလုံးညီညွတ်မှုနှင့် တိုင်းပြည်အေးချမ်းသာယာမှုအပေါ် အလှမ်းဝေးသွားနိုင်သည်မက ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားသည့် လူနည်းစုတိုင်းရင်းသားများ၏ တန်းတူညီမျှမှု အခွင့်အရေးသည် မျှော်လင့်ခြင်းကင်းမဲ့သော အခြေအနေသို့ ပိုမိုတွန်းပို့သွားစေမည်ဖြစ်ကြောင်း စာဖတ်သူ မိဘပြည်သူလူထုအား ဤဆောင်ပါးဖြင့် တင်ပြလိုက်ရပါသည်။

ခွန်ခမ်းညာ

Powered by Blogger.