Thursday, September 24, 2015

အမှန်တရားလိုလားလျှင် မှန်ကန်သောလူကို ရွေးချယ်သင့်ကြောင်း တောင်ကြီးမြို့နယ်၊ ပန်းစုံ ကျေးရွာမှ လူထုနှင့်တွေ့ဆုံရာတွင် ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းကိုပြောကြား

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်


ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)သည် ၂၀၁၅ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် နေ့တိုင်းလိုလို မိဘပြည်သူလူထုများကို ကွင်းဆင်းစည်းရုံးပွဲများ ပြုလုပ်လျက်ရှိရာ ဒီကနေ့ ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက်၊ ကြာသပတေးနေ့၊ တောင်ကြီးမြို့နယ်ရှိ ပန်းစုံကျေးရွာတွင် ပြုလုပ်သော မဲဆွယ်မှု ဟောပြောပွဲအခမ်းအနားတွင် ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းကိုက အမှန်တရားကိုလိုလားလျှုင် မှန်ကန်သောလူကို ရွေးချယ်သင့်သည်ဟု မဲဆွယ်စည်းရုံးခဲ့ပါသည်။
ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းကိုက ၄င်းတွေ့ဆုံပွဲတွင် “ ကျွန်တော်တို့က ဒီအချိန်မှာ စည်းစည်းလုံးလုံးနဲ့၊ နေရမဲ့အချိန်ဖြစ်တယ်၊ ဒါမှ နိုဝင်ဘာ(၈)မှာ ကျင်းပမဲ့ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ အဆင်ပြေပြေနဲ့ ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ လူမျိုးတွေက အများအားဖြင့် ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့အတွက် အမှန်တရားကို မြတ်နိုးကြပါတယ်။ ဒါကြောင့် အမှန်တရားကို ကျွန်တော်တို့လိုလားရင်၊ မှန်ကန်သောလူကို ရွေးချယ်တင်မြှောက်ရပါမည်၊ ဒါမှလည်း ကျွန်တော်တို့ ရသင့်ရထိုက်သည့် အခွင့်အရေးများကို အပြည့်အ၀ရရှိနိုင်မယ်ဖြစ်တယ်”ဟု မဲဆွယ်စည်းရုံးသွားပါသည်။ ထို့ပြင် မိမိသည် ဆင်းရဲသားဘ၀မှ ကြီးပြင်းလာသူများ၍ မိဘပြည်သူများ၏ အခက်အခဲကို အပြည့်အ၀သိရှိသူဖြစ်ပြီး စာနာနားလည်နိုင်သူဖြစ်ကြောင်း၊ ၂၀၁၅ခုနှစ် တောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် မိမိအနိုင်ရပါက မိဘပြည်သူလူထုများနှင့် တိုင်ပင်ညှိ့နှိုင်းပြီး ဒေသအကျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။




ထိုမဲဆွယ်မှု ဟောပြောပွဲအခမ်းအနားတွင် PNO ဗဟိုအလုပ်အမှုဆောင် ဦးခွန်မင်းကျော်၊ တောင်ကြီးမြို့နယ် PNO အတွင်းရေးမှူး ဦးခွန်ထွန်းဖြူနှင့် တောင်ကြီးမြို့နယ် ပအိုဝ်းလူငယ်ကွန်ယက်(PYN)ဥက္ကဌ နန်းကလျာခမ်းတို့က မိဘပြည်သူများ သိသင့်သိထိုက်သော မဲပေးပုံပေးနည်း၊ လွှတ်တော်ရေးရာအကြောင်းနှင့် နိုင်ငံရေးအကြောင်းများကို ရှင်းလင်းပြောကြား သွားကြောင်း သိရှိရပါသည်။
 
ခွန်ထင်းလေအောင်း

Powered by Blogger.