Friday, September 25, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အလှူရှင်အဖွဲ့များ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် အလှူငွေများနှင့် ကျောင်းသုံးပစ္စည်းများပေးအပ်လှူဒါန်း

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော အဖွဲ့ဝင်များသည် ယနေ့ စက်တင်ဘာလ (၂၅) ရက်၊ သောကြာနေ နံနက် (၁၀း၁၅) နာရီ၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ ဒေသဦးစီးရုံးသို့ ရောက်ရှိလာခဲ့ရာ ဒေသဦးစီးရုံးတွင် ပြုလုပ်သော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကျောင်းသုံးပစ္စည်းများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် အလှူငွေ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။




ရှေးဦးစွာ အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဦးခွန်စံလွင်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နယ်မြေအခြေအနေများဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေးနှင့် ရေ၊ မြေ၊ သဘာဝ တောတောင်တည်ရှိပုံ အနေအထားများကို ရှင်းလင်းတင်ပြခဲ့ပါသည်။



ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နယ်မြေအခြေအနေနှင့် စပ်လျဉ်း၍ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူနေမှုအဆင့်အတန်းမြှင့်မားရေး စသည်တို့နှင့် ပတ်သက်ပြီး တိုက်တွန်းအမှာစကားပြောကြားခဲ့ကာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ အခြေခံ ပညာကျောင်းများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ကွန်ပျူတာ (၂၇) စုံ၊ ဗလာစာအုပ် ဒါဇင် (၅၀၀) နှင့် အလှူငွေ ကျပ်သိန်း(၇၀၀)တို့ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။



ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်က ကျေးဇူးတင် စကားပြောကြားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင် အလှူရှင်များအား ဒေသထွက်လက်ဆောင်များ ပြန်လည်ပေးအပ်ကာ၊ ဆက်လက်၍ ဒေသဦးစီးခန်းမတွင် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့က ပြုလုပ်နေသော ကျန်းမာရေးကူညီစောင့်ရှောက်မှုများကို လှည့်လည်ကြည့်ရှုပြီး ဒေသခံ နာမကျန်းဖြစ်သူများနှင့် လူနာရှင်များအား အားပေးစကား ပြောကြားခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရပါသည်။

ခွန်ထင်းလေအောင်း

Powered by Blogger.