Tuesday, September 29, 2015

သမိုင်းကြောင်း အသုံးချခံ၊ နိုင်ငံရေးအမြတ်ထုတ်ခံနေရသည့် သမိုင်းထဲက အစဉ်အလာကြီးမားခဲ့သော ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပ.အ.မ.ဖ)

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်


ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည် ၎င်းတို့နိုင်ငံကို မည်သူတစ်ဦးတစ်ယောက်မျှ စစ်ရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း လာရောက်ထိပါးခြင်းကို လက်သင့်ခံနေမည် မဟုတ်ဆိုသည်ကို လူတိုင်း၊ နိုင်ငံတိုင်း လက်ခံနိုင်ကြမည်ဟု ယုံကြည်ပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကိုလည်း အခြားသော နိုင်ငံတစ်နိုင်ငံမှ သော်လည်းကောင်း၊ နိုင်ငံတွင်းမှ ပုဂ္ဂိုလ်တစ်စုံတစ်ဦးက သော်လည်းကောင်း လာရောက်ထိပါး စော်ကားမည်ကို မြန်မာနိုင်ငံတော်က လက်သင့်ခံမည် မဟုတ်သလို မြန်မာနိုင်ငံသားများကလည်း လက်သင့်ခံမည် မဟုတ်ပါချေ။ ဤသဏ္ဍာန်အားဖြင့် ကမ္ဘာကို နိုင်ငံအဆင့်သို့ ချုံ့လိုက်ခြင်း၊ နိုင်ငံကို တိုင်းဒေသကြီး / ပြည်နယ်အဆင့်သို့ ချုံ့လိုက်ခြင်း၊ ပြည်နယ်ကို ပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်/လူမျိုးအဆင့်သို့ ချုံ့လိုက်ခြင်းဖြင့် အမိမြန်မာနိုင်ငံတွင် နေထိုင်ကြသည့် တိုင်းရင်းသား ညီအစ်ကိုရင်းချာများ အချင်းချင်းကလည်း တစ်ပြည်နယ်နှင့် တစ်ပြည်နယ်၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ သို့မဟုတ် လူမျိုး အချင်းချင်းကိုလည်းပဲ စစ်ရေးအရ သော်လည်းကောင်း၊ နိုင်ငံရေးအရ သော်လည်းကောင်း ထိပါးခြင်း အမြတ်ထုတ်ခြင်းကို လက်သင့်ခံမည် မဟုတ်ပါချေ။ အကြောင်းမှာ သူ့အင်္ဂါလက္ခဏာနှင့်သူ၊ သူ့သမိုင်းကြောင်းနဲ့သူ ရှိနှင့်နေပြီးသား၊ ဖြစ်တည်နေပြီးသား ဖြစ်သောကြောင့် ဖြစ်ပါသည်။
စာရေးသူ ကျွန်တော်သည် အမိမြန်မာနိုင်ငံတွင် နေထိုင်သည့် မျိုးချစ်စိတ်အပြည့်ရှိသော ပအိုဝ်း တိုင်းရင်းသားတစ်ဦး ဖြစ်ပါသည်။ မျိုးချစ်စိတ်အပြည့်ရှိသူဆိုရာတွင် မျိုးချစ်စိတ်အစွန်းရောက်သူ မဟုတ်ပါ။ မိမိလူမျိုးနှင့် မိမိလူမျိုးတို့၏သမိုင်းကို ခုတုံးလုပ်ပြီး အမြတ်ထုတ်သွားသည့် မည်သည့်အဖွဲ့အစည်းကိုမဆို မျိုးချစ် ပုဂ္ဂိုလ်တစ်ယောက်အနေဖြင့် ခေါင်းငုံ့ငြိမ်ခံမည်၊ လက်သင့်ခံမည် မဟုတ်ဆိုသည်ကို ယခုဆောင်းပါးဖြင့် ဖော်ပြလို ပါသည်။
မြန်မာနိုင်ငံသည် ယခုဆိုလျှင် (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီစုံဒီမိုကရေစီကို ကျင့်သုံးနေပြီ ဆိုသည်ကို လူတိုင်းအသိပင် ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်အရ လူတိုင်းကို ဥပဒေကြောင်းအရ အခွင့်အရေး တန်းတူ ပေးထားပါသည်။ ထိုအခွင့်အရေးကို လူတိုင်းမှလည်း ရယူလိုကြသည်။ အခွင့်အရေးကိုသာ ရယူလိုပြီး ပေးဆပ်ရမည့် တာဝန်၊ စောင့်ထိန်းရမည့် ကျင့်ဝတ်၊ စနစ်ရဲ့အားနည်းချက်များကြောင့် တိုင်းပြည်နှင့်လူမျိုးအပေါ် သက်ရောက် သွားနိုင်သည့် ဘေးထွက်ဆိုးကျိုးများကို တားဆီးအကာအကွယ် ပေးရမည်ကို အခွင့်အရေး သမားများက ထည့်သွင်း စဉ်းစားကြတော့မည် မဟုတ်ပါ။ ပါတီစုံဒီမိုကရေစီ ကျင့်သုံးလာသည့်အတွက် နိုင်ငံရေးပါတီကို တည်ထောင်လိုလျှင် လူပုဂ္ဂိုလ်(၁၅)ဦးရှိရုံဖြင့် နိုင်ငံရေးပါတီမှတ်ပုံတင်နိုင်သည်ကို ပါတီမှတ်ပုံတင်ခြင်း ဥပဒေတွင် အတိအလင်း ဖော်ပြ ထားပါသည်။ ထိုအခွင့်အရေးကို ရယူပြီး နိုင်ငံရပ်ခြားမှ ပြန်လာကြသူများ၊ လူမျိုးထု တရပ်လုံးဖြင့် ဖွဲ့စည်းထားသည့် ရှိရင်းစွဲ အဖွဲ့အစည်းတွင် ၀င်မဆံ့သည့် အစွန်အဖျားရောက်နေသည့် ပုဂ္ဂိုလ်များသည် နိုင်ငံခြားဒီမိုကရေစီကို ပုံတူကူးချပြီး၊ လူ့အခွင့်အရေးကို အရေခြုံပြီး နိုင်ငံရေးပါတီကို တည်ထောင်နေကြသည့် လူတစ်စုတို့သည် လူမျိုးတိုင်းတွင် မရှိသော်လည်း အချို့သောလူမျိုးတွင် ရှိနေပါသည်။ ထိုအချို့သော ဆိုသည့်အထဲတွင် ပအိုဝ်းလူမျိုး တစ်မျိုး ပါဝင်နေသည်ကို စိတ်မကောင်းစွာ တွေ့ရှိနိုင်မှာဖြစ်ပါသည်။ ဤနေရာတွင် စာရေးသူ ကျွန်တော်သည် ပအိုဝ်းလူမျိုးတစ်ဦး ဖြစ်သည့်အလျောက် ပအိုဝ်းလူမျိုးနှင့်သာ သက်ဆိုင်သည့် လူတစ်စုကိုသာ ပြောဆိုလိုပါသည်။
မြန်မာနိုင်ငံသည် ပြည်တွင်းရှိ တိုင်းရင်းသားပေါင်းစုံတို့၏ ဒီမိုကရေစီအပြောင်းအလဲရရှိရေး ရုန်းအားနှင့် ပြည်ထောင်စုကို အုပ်ချုပ်လာခဲ့သည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေတို့၏ တိုင်းပြည်အရေး မြော်မြင်မှုကြောင့် ၂၀၁၀ ခုနှစ်မှစ၍ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ပြောင်းလဲ ကျင့်သုံးလာခဲ့ပါသည်။ တိုင်းရင်းသားပြည်သူတို့သည် ကာလသက်တမ်း နှစ်(၆၀)ကျော်ကြာမှ မျက်စိမှိတ် နားပိတ် ခံရသည့်ဘ၀မှ ပြန်လည်လွတ်မြောက် ပွင့်လင်းလာသည်နှင့် တစ်ပြိုင်နက် ဆိုင်ရာလူမျိုးအလိုက် လူမျိုးကို ကိုယ်စားပြု ဦးဆောင်မည့် တိုင်းရင်းသားပါတီကို သူသူကိုယ်ကိုယ် နိုင်ငံရေးပါတီ မှတ်ပုံတင်လာခဲ့ကြပါသည်။ ထိုအထဲတွင် ပအိုဝ်းတိုင်းရင်းသားများလည်း အမျိုးသားနိုင်ငံရေး တက်ကြွလာခဲ့သဖြင့် ၂၀၁၀ ခုနှစ်တွင် ပအိုဝ်း တစ်မျိုးသားလုံး ကိုယ်စားပြုပါတီအဖြစ် ယခင်ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပ.အ.မ.ဖ)ပါတီမှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီအဖြစ် အမည်နာမ ပြောင်းလဲကာ နိုင်ငံရေးပါတီ ပြန်လည်မှတ်ပုံတင် လာခဲ့ပါသည်။
ပါတီစုံဒီမိုကရေစီဆိုသည်နှင့် လူပုဂ္ဂိုလ်(၁၅)ဦး ရှိရုံဖြင့် ပါတီတည်ထောင်နိုင်သည် ဆိုသည့်အတိုင်း ၂၀၁၃ ခုနှစ်တွင် လက်တစ်ဆုပ်စာ လူတစ်စုတို့မှ နောက်ထပ်ပါတီတစ်ခု ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပ.အ.မ.ဖ)ပါတီသစ်ကို မှတ်ပုံတင်လာပါသည်။ ပအိုဝ်းပြည်သူများသည် စနစ်ဆိုးများ၏ ဖိနှိပ်မှုဒဏ်ကြောင့် နိုင်ငံရေးနှင့် ကင်းကင်းရှင်းရှင်း နေလာခဲ့ရသဖြင့် နိုင်ငံရေးအသိရေချိန် နိမ့်ပါးနေသေးသည့် အချိန်တွင် လူတစ်စု၏ ပါတီသစ်ကြောင့် ပအိုဝ်းပြည်သူများကို အမြင်ေ၀၀ါးစေပါသည်။ ဇဝေဇ၀ါဖြစ်စေပါသည်။  မည်သို့ပင်ဆိုစေ အဆုံးစွန်တွင် အလွန်ဆိုးရွားသည်မှာ မသိနားမလည်သေးသော ဖြူစင်ရိုးသားသည့် ပအိုဝ်းပြည်သူ၊ စည်းလုံးမှု အားကောင်းနေသည့် ပအိုဝ်းပြည်သူကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် အရောင်ချယ်ခြင်း၊ ၀ါဒဖြန့်ချိခြင်း၊ သမိုင်းကို လိမ်လည်ခြင်းသည် လွန်စွာ ဆုတ်ယုတ် အကျည်းတန် လှပါသည်။ ဒီမိုကရေစီမရင့်ကျက်သေးသည့် အချိန်ကာလ ပြည်သူလူထုမှ အဖြူအမဲမသဲကွဲသေးသည့် အချိန်တွင် လူမျိုးတစ်မျိုး ပါတီ(၂)ပါတီ ရှိနေသည်မှာ မဖြစ်သင့်၊ မပေါ်ပေါက် သင့်ပေ။ နှစ်ပါတီရှိခြင်းကြောင့် လူမျိုးနှစ်ခြမ်းကွဲသွားစေပါသည်။ ပအိုဝ်းပြည်သူတို့ ရပ်တည်လာသည့် ပအိုဝ်းသည် တစ်အိုးတည်းသော ပအိုဝ်းသာရှိသည်ကို ပြန်လည်ပြိုကွဲသွားစေပါသည်။ နိုင်ငံရေးအရ အခြား တစ်ဖက်တွင်လည်း ကြားဖြတ်ပါတီများကို အခွင့်အရေးပေးသွားသလို ဖြစ်ပါသည်။
ပါတီစုံဒီမိုကရေစီဆိုသည့်အတိုင်း လူတစ်စုတို့မှ သူပြိုင် ကိုယ်ပြိုင် ဖွဲ့စည်းလာခဲ့သည့် ပါတီတိုင်းသည် အခြားသူများ၏ ပါတီသမိုင်းကိုတော့ မလိမ်လည် မရယူသင့်ပါ၊ ပြည်သူကို မလိမ်လည် မလှည့်စားသင့်ပါ။ ၂၀၁၃ ခုနှစ်တွင် ပအိုဝ်းသူတစ်စုတို့သည် ပအိုဝ်းပြည်သူများ အမြင်ေ၀၀ါးအောင် ယခင်သမိုင်း အစဉ်အဆက်မှ ပအိုဝ်း ပြည်သူကို နိုင်ငံရေးအရ ဦးဆောင်လာခဲ့သည့် အဖွဲ့အစည်းဖြစ်သည့် ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပ.အ.မ.ဖ) အမည်နာမကို တစ်ထေရာ တစ်ထပ်တည်း အသုံးပြုကာ နိုင်ငံရေး ပါတီသစ်အဖြစ် ပြန်လည် မှတ်ပုံတင် လာပါသည်။ ထိုသူတစ်စုတို့မှ တည်ထောင်လာသည့် (ပ.အ.မ.ဖ) ပါတီသစ်သည် သမိုင်းထဲက အစဉ်အလာ ကြီးမားခဲ့သည့် (ပ.အ.မ.ဖ)၏ ပုံရိပ်ကို ပါတီသစ်၏ ပုံရိပ်အဖြစ် ဖော်ပြပြောဆို သုံးနှုံးနေခြင်း၊ ယခင်(ပ.အ.မ.ဖ)၏ သမိုင်းကို ပါတီသစ်၏ သမိုင်းအဖြစ် ဖော်ပြပြောဆို သုံးနှုံးနေခြင်းနှင့် ပါတီသစ်၏ မူဝါဒသည် ယခင်(ပ.အ.မ.ဖ)၏ မူဝါဒနှင့် မတူညီသည်ကို ယခင်(ပ.အ.မ.ဖ)၏ မူဝါဒအဖြစ် ဖော်ပြပြောဆို သုံးနှုံး နေခြင်းများသည် သမိုင်းကို မသိရှိသောသူများမှ ယုံမှတ်လွယ်နိုင်သည့် အနေအထားရှိနေပါသည်။ နိုင်ငံရေးကို လေ့လာ လိုက်စားသူများ၊ သမိုင်းကို လေ့လာသူများမှ အသိဖြစ်ပါလိမ့်မည်။ သမိုင်းကို မသိရှိသော ပအိုဝ်း ပြည်သူများသည် သမိုင်းကို ဗြောင်လိမ်ဗြောင်စား လုပ်နေသည့် သူတစ်စုတို့၏ လိမ်လည်လှည့်ဖြားမှုကို ခံရနိုင်ပေမည်။ ထိုသို့ မဖြစ်ရလေအောင်နှင့် ပအိုဝ်းပြည်သူများ သားကောင်ဘ၀ မဖြစ်ရလေအောင် ပအိုဝ်းပြည်သူ တစ်ယောက်အနေဖြင့်  လက်လှမ်းမီသမျှ ဖြစ်တည်လာသည့် သမိုင်းကြောင်းများကို ပြန်လည် မျှဝေပေးလိုပါသည်။
နိုင်ငံရေးနှင့် သမိုင်းကို လက်လှမ်းမမီသည့် ပအိုဝ်းပြည်သူများအတွက် ခုတုံးလုပ်သွားသည့် အဖွဲ့အစည်း၏ သားကောင်ဖြစ်မသွားဖို့ အရေးကြီးသည့်အတွက် သမိုင်းထဲက အစဉ်အလာကြီးမားခဲ့သည့် (ပ.အ.မ.ဖ)နှင့် ၂၀၁၃ ခုနှစ်မှ နိုင်ငံရေးပါတီအဖြစ် ပေါ်ပေါက်လာသည့် (ပ.အ.မ.ဖ)ပါတီသစ်တို့ကို ခွဲခြားသိရှိနိုင်ရန် ဆက်လက်ပြီး တင်ပြပေးသွားပါအုံးမည်။

သမိုင်းထဲက အစဉ်အလာကြီးမားခဲ့သည့် ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပ.အ.မ.ဖ)
ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ရရှိခဲ့သော်လည်း၊ တောင်တန်း ဒေသတွင် ၁၉၅၉ ခုနှစ်အထိ ပဒေသရာဇ်စနစ်ဆိုးဖြင့် အုပ်ချုပ်လာခဲ့သည်ကို သမိုင်းစာမျက်နှာများပေါ်တွင် လေ့လာ သိရှိရပါသည်။ ပအိုဝ်းပြည်သူများ ပဒေသရာဇ်အုပ်ချုပ်မှု အောက်တွင် မခံ၊ မရပ်နိုင်တော့သည့် အဆုံး မတရားအခွန် တော်လှန်ရေးကို ဖြားတန်ကောင်ခဲမှ အစပြုဦးဆောင်တော်လှန်ခဲ့ပါသည်။ ပအိုဝ်းသံဃာတော်များမှလည်း ပဒေသရာဇ်စနစ် ဆန့်ကျင်ရေး တရားများကို ပအိုဝ်းဒေသနေရာအနှံ့ လှည့်လည် စည်းရုံးလာခဲ့ကြသည်။ ပအိုဝ်းတစ်မျိုးသားလုံး စည်းလုံးလာသောအခါ သုဝဏ္ဏတိုင်းရှိ သထုံဦးလှဖေ ဦးဆောင်သော ပအိုဝ်းတောင်သူ အမျိုးသားအဖွဲ့ချုပ်နှင့် ဒုစရိုက်ပပျောက်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ပအိုဝ်းစုစည်းအဖွဲ့ (ပအိုဝ်းလွောင်းဗူ)ကို ၁၉၄၆ ခုနှစ်တွင် ဖွဲ့စည်းပြီး ၁၉၄၇ ခုနှစ်၊ ဇွန်လ(၉)ရက်နေ့တွင် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ် လွှတ်တော်အမတ်အဖြစ် ပအိုဝ်းစုစည်းအဖွဲ့ဥက္ကဌ ဦးဘိုးခင် အရွေးခံခဲ့ရသည်။ သထုံဆီဆိုင်စော်ဘွားကိုယ်စား ဦးဖြူ အရွေးခံရသည်။ ဦးဖြူသည် ပင်လုံညီလာခံတွင် လွတ်လပ်ရေး ရရှိရေးအတွက် ပြည်မနှင့်တောင်တန်းဒေသ ပူးပေါင်းရေး သဘောတူစာချုပ်ကို ပအိုဝ်းတိုင်းရင်းသားကိုယ်စားလှယ်(ဆီဆိုင်စော်ဘွားကိုယ်စား)အဖြစ် ပါဝင်လက်မှတ်ရေးထိုး ပေးခဲ့သည့် ပအိုဝ်းအမျိုးသားခေါင်းဆောင်တစ်ဦး ဖြစ်ပါသည်။ ထိုအချိန်တွင် ပအိုဝ်းအမျိုးသား ခေါင်းဆောင်ကြီး ဖြားဗွာလှဖေသည် ကရင်တိုင်းရင်းသားကိုယ်စားလှယ်အဖြစ်သာ လေ့လာသူအဖြစ် တက်ရောက်ခဲ့ပါသည်။
၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ(၄)ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး ပါလီမန်ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးလာပါသည်။ ပါလီမန်ဝန်ကြီးချုပ်စနစ်ကို ဦးနုအစိုးရမှ ဦးဆောင်ကာ ၁၉၅၀ ခုနှစ်၊ ဇူလှိုင်လတွင် ၀န်ကြီးချုပ်ဦးနု၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(ပ.အ.လ.ဖ) ခေါင်းဆောင် ဗိုလ်ချန်ဇုံနှင့် ဗိုလ်ဟိန်မောင်သည် နိုင်ငံတော်အစိုးရထံ ပထမအကြိမ် လက်နက်အပ်ပြီး ငြိမ်းချမ်းရေးရယူခဲ့သည်။
၁၉၅၀ ခုနှစ်၊ မတ်လ(၂)ရက်နေ့တွင် ပအိုဝ်းစုစည်း(ပအိုဝ်းလွောင်းဗူ)မှ ပြည်ထောင်စုပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(ပ.အ.မ.ဖ)အဖြစ် ပြောင်းလဲဖွဲ့စည်းလာခဲ့ပြီး နာယက ဖြားတန်နမ်းသြ၊ ဥက္ကဌ ဦးဟိန်မောင်၊ အတွင်းရေးမှူး ဦးဖေရှင်နှင့် အမှုဆောင်(၁၃)ဦးကို ရွေးချယ်ခဲ့ပါသည်။ အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံစည်းမျဉ်းများကို ၁၉၅၁ ခုနှစ်၊ မတ်လ(၁)ရက်နေ့ စတင်ရေးဆွဲခဲ့ပါသည်။ ထိုမှတဆင့် ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ ညီလာခံသဘင် ကျင်းပနိုင်ရေး ကိုလည်း စီစဉ်ဆောင်ရွက် ခဲ့ပါသည်။ ၁၉၅၂ ခုနှစ်၊ ဇွန်လ(၅-၆)ရက်နေ့၊ မြို့မရုပ်ရှင်ရုံတွင် ပထမအကြိမ် ပြည်ထောင်စုပအိုဝ်း တစ်မျိုးသားလုံးညီလာခံကို ကျင်းပခဲ့ပြီး၊ ဗဟိုဦးစီးအဖွဲ့ဝင်(၆)ဦး၊ ဗဟိုအလုပ်အမှုဆောင် (၁၃)ဦးနှင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို ချမှတ်နိုင်ခဲ့ပါသည်။ အဖွဲ့ချုပ်အနေဖြင့် ၁၉၅၂ ခုနှစ် ပထမအကြိမ် ပါလီမန် ရွေးကောက်ပွဲတွင် ညောင်ရွှေအရှေ့ဘက် မဲဆန္ဒနယ်မှ ဦးအောင်သာ၊ မိုင်းပွန်တောင် မဲဆန္ဒနယ်မှ ဦးရှမ်းခင်နှင့် ရပ်စောက်မဲဆန္ဒနယ်မှ ဦးစံအောင် စသည့် အမတ်(၃)ဦးမှ ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပါသည်။ ဒုတိယအကြိမ် ညီလာခံကို ၁၉၅၅ ခုနှစ်၊ ဇန်န၀ါရီလ (၆)ရက်နေ့၊ ဗန္ဓုလရုပ်ရှင်ရုံတွင် ကျင်းပခဲ့ပြီး ညီလာခံမှ အဖွဲ့ချုပ်၏ ဥက္ကဋ္ဌကို ဦးကံ၊ အတွင်းရေးမှူးကို ဦးကျော်စိန်၊ အဖွဲ့ဝင်(၁၁)ဦးကို ရွေးချယ်နိုင်ခဲ့ခြင်းနှင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို ချမှတ်နိုင်ခဲ့ပါသည်။ ၁၉၅၆ ခုနှစ် ဒုတိယအကြိမ် ပါလီမန်ရွေးကောက်ပွဲတွင် (ပ.အ.မ.ဖ)ပါတီမှ လွယ်လုံသာမိုင်းခမ်း မဲဆန္ဒနယ်တွင်သာ ကိုယ်စားလှယ်ဦးထွေးလုံ တစ်ဦးတည်း အရွေးခံ ခဲ့ရသည်။ ၁၉၅၆ ပါလီမန် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲမတိုင်ခင် (ပ.အ.မ.ဖ)အမတ်လောင်း များဖြစ်သည့် အမတ်ဦးအောင်သာ၊ ဦးပန္တကုံး၊ ဦးချစ်ဖေနှင့် ဦးမောင်ညွန့်တို့သည် မသမာသူများမှ လုပ်ကြံသတ်ဖြတ်ခြင်းကြောင့် ၎င်းတို့နေရာကို အစားထိုး အမတ်များဖြင့်သာ ယှဉ်ပြိုင်ခဲ့ရသည်ကို သမိုင်းအရ သိရှိရပါသည်။
အဖွဲ့ချုပ်သည် ၁၉၅၈ ခုနှစ်တွင် မြေအောက်တော်လှန်ရေး ပအိုဝ်းလက်နက်ကိုင်အဖွဲ့ ဖြားဗွာဦးလှဖေနှင့် ဗိုလ်ချန်ဇုံ ဦးဆောင်သော ပ.အ.လ.ဖနှင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ပြီး ၁၉၅၈ ခုနှစ်၊ မေလ(၅) ရက်နေ့ တွင် စုပေါင်းအင်အား (၁၃၃၃)ဦးမှ တောင်ကြီးမြို့တွင် လက်နက်နှင့် ဒီမိုကရေစီ လဲလှယ်သည့် ငြိမ်းချမ်းရေးကို ရယူနိုင် ခဲ့ပါသည်။ အဆိုပါ ငြိမ်းချမ်းရေးရယူခြင်းသည် ပအိုဝ်းအမျိုးသားများ အနေဖြင့် ဒုတိယအကြိမ် ငြိမ်းချမ်းရေး ရယူခြင်း ဖြစ်ပါသည်။
လက်နက်နှင့် ဒီမိုကရေစီ လှဲလယ်ပြီးအလွန် ၁၉၅၈ ခုနှစ်၊ မေ(၈)ရက်နေ့တွင် (ပ.အ.မ.ဖ)နှင့်(ပ.အ.လ.ဖ) အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပြီး ပ.အ.မ.ဖမှ (၆)ဦး၊ ပ.အ.လ.ဖမှ (၅)ဦး ပါဝင်သည့် ပ.အ.မ.ဖ ယာယီကော်မတီ တစ်ရပ်ကို ဖွဲ့စည်းခဲ့ပါသည်။ ထိုနှစ်မှာပင် ယာယီအဖွဲ့ကို ဖျက်သိမ်းပြီး ၁၉၅၈ ခုနှစ်၊ သြဂုတ်လတွင် ပ.အ.မ.ဖ ဗဟိုအလုပ်အမှုဆောင်များကို တိုးချဲ့ဖွဲ့စည်းခြင်း၊ ဌာနများဖွဲ့စည်းခြင်း ပြုလုပ်ခဲ့သည်ကိုလည်း လေ့လာ သိရှိရပါသည်။
၁၉၅၉ ခုနှစ်၊ မတ်လ(၂၀-၂၁-၂၂)နေ့ရက်များတွင် တောင်ကြီးမြို့၊ ပထမတောင်ကျောင်းကြီးတွင် တတိယအကြိမ် ညီလာခံကျင်းပပြီး နာယက(၆)ဦး၊ အလုပ်အမှုဆောင်(၁၅)ဦး ရွေးချယ်ကာ ရှေ့လုပ်ငန်းစဉ်(၁၇)ရပ် ချမှတ်နိုင်ခဲ့သည်။ ၁၉၆၀ ခုနှစ် ဖေဖေါ်ဝါရီလ တတိယအကြိမ် ပါလီမန်ရွေးကောက်ပွဲတွင် ပြည်ထောင်စုပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(ပ.အ.မ.ဖ)မှ လွယ်လုံသာမိုင်းခမ်း မဲဆန္ဒနယ်မှ ဦးကျော်စိန်၊ ညောင်ရွှေအရှေ့ဖက် မဲဆန္ဒနယ်မှ ဦးလှဖေ၊ လွိုင်လင်မဲဆန္ဒနယ်မှ ဦးဖြူတို့(၃)ဦး အရွေးခံခဲ့ရသည်။
၁၉၆၂ ခုနှစ်၊ မတ်လ(၁)ရက်နေ့ ရန်ကုန်မြို့တွင် ဖက်ဒရယ်မူပြည်ထောင်စုအရေး ဆွေးနွေးကာ ၁၉၆၂ ခုနှစ်၊ မတ်လ(၂)ရက်နေ့တွင် ဦးနေ၀င်းမှ ဖက်ဒရယ်မူကြောင့် တိုင်းပြည် အစိတ်စိတ် အမွှာမွှာ ဖြစ်မည်ကို အကြောင်းပြုပြီး နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပါသည်။ ၁၉၆၄ ခုနှစ်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ကာကွယ်သည့် အမိန့်ဥပဒေဖြင့် နိုင်ငံရေးပါတီအားလုံးကို ဖျက်သိမ်းလိုက်ရသဖြင့် ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပ.အ.မ.ဖ)ပါတီလည်း ဖျက်သိမ်းခံခဲ့ရပါသည်။ မြန်မာ့တပ်မတော်အစိုးရသည် အာဏာရှင်စနစ်ကို ကျင့်သုံးအုပ်ချုပ် လာခဲ့သဖြင့် ၁၉၈၈ ခုနှစ်တွင် ၈၈ အရေးအခင်း ဖြစ်ပေါ်လာခဲ့သည်။ ၈၈ အရေးအခင်းကြောင့် ဗိုလ်ချုပ်မှူးကြီး စောမောင်မှ နိုင်ငံတော်အာဏာ သိမ်းယူပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ နိုင်ငံရေးပါတီများကို ပြန်လည်မှတ်ပုံတင်နိုင်ရန်အတွက် ဥပဒေများ ပြဌာန်းပေးခဲ့ပါသည်။ နိုင်ငံတော်မှ အခွင့်အရေးကို ပေးအပ်လိုက်သည်နှင့် အခြားသောတိုင်းရင်းသားများ ရှမ်း၊ ကချင်၊ ရခိုင်၊ မွန်တို့သည် ပါတီကို ပြန်လည်မှတ်ပုံတင် လာခဲ့ကြပါသည်။ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပ.အ.မ.ဖ)မှ ဖြားခွန်မောင်တုတ်နှင့်အဖွဲ့သည် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဥက္ကဋ္ဌ ဖြားတန်အောင်ခမ်းထီကို နောင်ခဲုင်းရွာတွင် သွားရောက်တွေ့ဆုံပြီး ပါတီကို ပြန်လည် မှတ်ပုံတင်သင့်/မသင့်ကို အကြံအဥာဏ် ရယူခဲ့ပါသည်။ ဖြားတန်အောင်ခမ်းထီမှ (ပ.အ.မ.ဖ) ပြန်လည် မှတ်ပုံတင်မည်ကို မျှော်နေပါကြောင်း၊ မှတ်ပုံတင်နိုင်ရန် အကြံအဥာဏ်များနှင့် အခြားထောက်ပံ့မှုများကို ချီးမြောက် ပေးခဲ့ပါသည်။ ဖြားတန်အောင်ခမ်းထီနှင့် တွေ့ဆုံအပြီးတွင် ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပ.အ.မ.ဖ)သည် ပအိုဝ်းပြည်သူ တစ်ရပ်လုံး နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ မဆုံးရှုံးရလေအောင်နှင့် ရသင့်ရထိုက်သည့် လူမျိုးရေး ဆိုင်ရာ အခွင့်အရေးများကို ရယူနိုင်ရန်အတွက် ပါတီကို တဖန်ပြန်လည် မှတ်ပုံတင်ခဲ့ပါသည်။ ပါတီ၏ အလံသည် ယခုပအိုဝ်းအမျိုးသားအလံတော်နှင့် အမှတ်တံဆိပ်မှာ ရွှေသရက်သီး(၃)လုံး ဖြစ်ပါသည်။ ပြည်ထောင်စုပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(ပ.အ.မ.ဖ)သည် သံဃာတော်များနှင့် မြို့မိမြို့ဖများ၏ သြ၀ါဒကို ခံယူခဲ့ပြီး တောင်ပေါ်ဒေသနှင့် မြေပြန့်ဒေသများတွင် မြို့နယ်ရုံးခွဲများ ဖွင့်လှစ်နိုင်ရေး စည်းရုံး လှုံ့ဆော်ခဲ့ပါသည်။ မြို့နယ်ရုံးခွဲများ( ၁၅ )မြို့နယ်ကို ဖွဲ့စည်းနိုင်ခဲ့ပါသည်။
ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပ.အ.မ.ဖ)သည် အဖွဲ့အစည်းအင်္ဂါရပ်နှင့်အညီ ရုံးအဆောက်အဦး တည်ရှိရန်အတွက် အမှတ်(၉၈)၊ ကုန်သည်လမ်း၊ ဈေးပိုင်းရပ်ရှိ ဦးပေါင်းစင်ဖြူ၏ မြေကွက်နှင့်နေအိမ် အဆောက် အဦးကို ၁၉၅၄ ခုနှစ်၊ ဧပြီလ(၇) ရက်နေ့တွင် ကာလတန်ဖိုး ငွေရှစ်သောင်းကျပ်ဖြင့် ၀ယ်ယူခဲ့ပါသည်။ (အဆိုပါ အဆောက်အဦးသည် ယခု ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ရုံးအဖြစ် အသုံးပြုပြီး ပအိုဝ်းတစ်မျိုးသားလုံးပိုင် အဆောက်အဦးအဖြစ် တည်ရှိနေပါသေးသည်။  အဆောက်အဦး ၀ယ်ယူရာတွင် ပအိုဝ်းအမျိုးသားများ နေထိုင်ရာ ဒေသ(၁၂)ခရိုင်မှ ပအိုဝ်းပြည်သူများ၏ ထည့်ဝင်ငွေနှင့် အဆောက်အဦး ဆောက်လုပ်ရန် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ ရဲဘော်များ၏ ခြောက်လပတ်လစာကို မယူပဲ ထည့်ဝင်လူဒါန်းခဲ့ပါသည်။) ၁၉၉၀ ပြည့်နှစ်တွင် စတုတ္ထအကြိမ် ညီလာခံကို အဆိုပါ အဖွဲ့ချုပ်ရုံးတွင်သာ ကျင်းပပြီး နာယက(၆)ဦး၊ ဗဟိုအလုပ်အမှုဆောင်(၁၅)ဦး၊ ဗဟိုကော်မတီဝင်(၂၄)ဦး ဖွဲ့စည်းနိုင်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်(၁၂)ရပ်ကိုလည်း ချမှတ်နိုင်ခဲ့ပါသည်။
၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် (ပ.အ.မ.ဖ)မှ ရှမ်း၊ မွန်၊ ကရင် ပြည်နယ် များနှင့် ပဲခူးတိုင်းမှ မဲဆန္ဒနယ်(၁၅)နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်မဲဆန္ဒနယ်မှ ဦးခွန်စိန်ဝင်း၊ ဟိုပုံးမဲဆန္ဒနယ်မှ ဦးစံလှနှင့် ပင်လောင်းမဲဆန္ဒနယ်မှ ဦးမောင်ကြီးတို့ စုစုပေါင်း (၃)နယ် အနိုင်ရရှိ ခဲ့ပါသည်။ ၁၉၉၀ ရွေးကောက်ပွဲသည် အနိုင်ရပါတီကို အာဏာလွှဲအပ်ခြင်းမရှိပဲ တပ်မတော်မှ ဆက်လက်ပြီး အာဏာကို ဆုပ်ကိုင် ရယူထားပါသည်။
၁၉၉၁ ခုနှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရမှ ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပ.အ.မ.ဖ)ကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့် အပစ်အခတ်ရပ်စဲရေး အကျိုးဆောင် အဖြစ် ဆောင်ရွက်ပေးရန် တရားဝင်တောင်းဆိုလာသဖြင့် ငြိမ်းချမ်းရေး အကျိုးဆောင်များအဖြစ် ဦးမောင်ငွေ၊ ဦးကျော်သိန်း၊ ဦးခွန်ကျော်ဇေယျ၊ ဦးစံအောင်နှင့် ဦးခွန်မောင်တုတ်တို့မှ (PNO)အဖွဲ့နှင့် အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ ဤနေရာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့် ပါဝင်ပတ်သက်လာပါသဖြင့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)၏ ဖြစ်တည် လာသည့်သမိုင်းကြောင်းကို အနည်းအကျဉ်းမျှ ဖော်ပြလိုပါသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မတည်ရှိမီ ပအိုဝ်းအမျိုးသားခေါင်းဆောင်များ အဆက်ဆက်မှ ပဒေသရာဇ် စနစ်ဆိုး၊ မတရားအခွန်တော်လှန်ရေးမှသည် တော်ပေါ်ဒေသရှိ ပအိုဝ်းခေါင်းဆောင်များမှ တစ်ဆင့်တိုး ငါးပါးသီလ အဖွဲ့ကို ၁၉၄၆ ခုနှစ်တွင် ဖွဲ့စည်းလာခဲ့ခြင်း၊ ၁၉၄၇ ခုနှစ်တွင် ငါးပါးသီလအဖွဲ့အဖွဲ့မှသည် တစ်ဆင့်တိုး ဒုဒရိုက်ပပျောက်ရေးအဖွဲ့ကို ဖွဲ့စည်းလာခဲ့ခြင်း၊ အောက်ပြည်သုဝဏ္ဏတိုင်းပအိုဝ်းလူမျိုးများကို စုစည်းပြီး ဖြားဗွာဦးလှဖေ ဦးဆောင်သော ပအိုဝ်းတောင်သူအမျိုးသားအဖွဲ့ချုပ်ကို ၁၉၄၆ ခုနှစ်တွင် ဖွဲ့စည်းလာခဲ့ခြင်း၊ ၁၉၄၇ ခုနှစ်တွင် ပအိုဝ်းတောင်သူအမျိုးသားအဖွဲ့ချုပ်နှင့် ဒုစရိုက်ပပျောက်ရေး အဖွဲ့တို့ ပူးပေါင်းပြီး ပအိုဝ်းလွောင်းဗူးအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်း၊ ပဒေသရာဇ်စနစ်ဆိုး၏ နည်းမျိုးစုံနှိပ်စက်မှုကြောင့် ဖြားတန်ကောင်ခဲ၊ ဖြားတန်ကျောင်ဗုတ်၊ ဖြားတန်ကောင်ပြဲုင်၊ ဖြားတန် နားစီးဆောက်၊ ဖြားတန်နမ်းသြ၊ ဖြားတန်ကျောင်ဝါရ၊ ဖြားတန်ဆိုင်းလဲင်၊ ဖြားဗွာဦးလှဖေ၊ ဟိန်ရှင်ငွေ၊ ဗိုလ်ဟိန်မောင်၊ ဗိုလ်ချန်ဇုံတို့ ဦးဆောင်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပအလဖ)ကို ၁၉၄၉ ခုနှစ်တွင် ဖွဲ့စည်းလာခဲ့ခြင်း၊ ၁၉၅၀ ခုနှစ်၊ သြဂုတ်လ (၂)ရက်နေ့တွင် ပအိုဝ်းလွောင်းဗူမှသည် ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပ.အ.မ.ဖ)အဖြစ် ပြောင်းလဲဖွဲ့စည်း လာခဲ့ပါသည်။
၁၉၆၇ ခုနှစ်၊ ကျောက်တစ်လုံးကြီးမြို့နယ်၊ ပင်တွန်ရွာတွင် (ပ.အ.လ.ဖ)မှ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံရေး အခြေခံနှင့် စစ်ရေးသင်တန်းတွင် (ပ.အ.လ.ဖ)ဆိုသည့် အမည်နာမသည် ပအိုဝ်းလူမျိုးကိုသာ ကိုယ်စားပြုနိုင်သည် ဆိုသဖြင့် ရှမ်းပြည်နယ်ရှိ လူမျိုးပေါင်းစုံကို ကိုယ်စားပြုနိုင်ရန် အဖွဲ့အမည်ကို ပြောင်းလဲရန် ဗိုလ်ချုပ်စံသိန်းမှ အကြံပြု အဆိုတင်သွင်းကာ (ပ.အ.လ.ဖ)မှသည် ရှမ်းပြည်နယ်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရ.လ.လ.ဖ) အဖြစ် ပြောင်းလဲ ဖွဲ့စည်းလာခဲ့သည်။
၁၉၆၈ ခုနှစ်၊ အောက်တိုဘာလတွင် ဗိုလ်လှခင်ဦးဆောင်သည့် (SURA)အဖွဲ့နှင့် (ရ.လ.လ.ဖ)ကို ဦးဆောင်သော ဗိုလ်ချုပ်စံသိန်းတို့သည် မဟာမိတ်ဖွဲ့ရန် ၎င်းတို့(၂)ဖွဲ့ တွေ့ဆုံပွဲကို သွားရောက်စဉ် (SURA) အဖွဲ့မှ တိုက်ပွဲအသွင် ၀င်ရောက်ပစ်ခတ်သဖြင့် ဗိုလ်ချုပ်စံသိန်းကျဆုံးသွားခဲ့ပါသည်။ ဗိုလ်ချုပ်စံသိန်းကျဆုံးသွားပြီး ဗိုလ်ချန်ဇုံမှာလည်း ထောင်ထဲရောက်ရှိနေသည့်ကာလဖြစ်သဖြင့် (ရ.လ.လ.ဖ)အဖွဲ့ ဖရိုဖရဲဖြစ်နေပါသည်။ ဖရိုဖရဲ ဖြစ်နေသည့် (ရ.လ.လ.ဖ)အဖွဲ့ကို ဆရာတော်များဖြစ်သည့် ဆရာတော်ဦးနေမိ၊ ဆရာတော်ဦးကုသလ (ဦးအောင်ခမ်းထီ)တို့မှ အခြေအနေအရပ်ရပ် ပြန်လည်တည်ငြိမ်ရန်အတွက် ပင်လျမ်းအရေးပေါ်ညီလာခံကို ခေါ်ယူကျင်းပခဲ့ပါသည်။ ထိုညီလာခံမှ (ရ.လ.လ.ဖ) ဗဟိုကော်မတီ ခေါင်းဆောင်များကို ပြန်လည် တင်မြောက် နိုင်ခဲ့ပါသည်။
အတွင်းရေး အက်ကြောင်းများ ရှိလာသည့်  (ရ.လ.လ.ဖ)သည် လက်ဝဲယိမ်းသည့်အဖွဲ့မှ ဖြုတ်၊ ထုတ်၊ သတ်စနစ်ကို ကျင့်သုံးလာသည့်အတွက် အမျိုးသားရေးကို ဦးတည်သည့် လက်ယာယိမ်းအဖွဲ့မှ ဖြားဗွာဦးလှဖေ၊ ဦးကျော်စိန်၊ ဦးအောင်ခမ်းထီတို့မှ ရလလဖသဘာပတိအဖွဲ့အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလာခဲ့ပါသည်။ လက်ဝဲ ယိမ်းအဖွဲ့ဖြစ်သည့် ဦးတာကလယ်၊ စောဖားမူ၊ ဗိုလ်လှမောင်တို့ ဦးဆောင်သောအဖွဲ့သည် ရလလဖ အဟောင်း အဖြစ်သာ ဆက်လက်ရပ်တည်ခဲ့ပါသည်။ ရလလဖ နှစ်ဖွဲ့ကွဲ၍ ပအိုဝ်းအဖြူ၊ ပအိုဝ်းအနီ ဖြစ်ပေါ်လာရပါသည်။ ဤသည်တို့သည် ကွန်မြူနစ်ဝါဒကြောင့် ပအိုဝ်းနှစ်ခြမ်း ကွဲခဲ့ရသည်ကို သိရှိရပါသည်။
၁၉၇၆ ခုနှစ်တွင် ရလလဖသဘာပတိအဖွဲ့မှ ညီလာခံကို လုံးဒါကျေးရွာတွင် ကျင်းပပြုလုပ်သဖြင့် လုံးဒါညီလာခံဟု ခေါ်ဝေါ်လာကြပါသည်။ အဆိုပါညီလာခံမှ ရလလဖသဘာပတိအဖွဲ့ကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)အဖြစ် ပြောင်းလဲဖွဲ့စည်းလာခဲ့ပါသည်။ ထိုညီလာခံမှပင်  ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ)ကို ဂုဏ်ပြုသည့်အနေဖြင့် (ပအမဖ)၏ အလံကို ပအိုဝ်းအမျိုးသားအလံတော်အဖြစ် ဆက်လက်အသုံးပြုရေး၊ ပအိုဝ်းအမျိုးသားနေ့အဖြစ် တပေါင်းလပြည့်နေ့ကို သတ်မှတ်ရေး၊ ပဒေသရာဇ်တော်လှန်ရေးနေ့ကို ဒီဇင်ဘာလ (၁၁)ရက်နေ့ သတ်မှတ်ရေး၊ အမျိုးသားခေါင်းဆောင်ကြီး ဖြားဗွာဦးလှဖေ ကွယ်လွန်သည့် သက္ကရာဇ် ၁၃၃၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော်(၅) ရက်နေ့ကို ပအိုဝ်းအာဇာနည်နေ့ သတ်မှတ်ရေး စသည်ကိုလည်း ဆုံးဖြတ် ခဲ့ကြပါသည်။ ညီလာခံမှ သတ်မှတ်ပေးသည့် အမျိုးသားအလံတော်သည် ယနေ့အထိတိုင် အသုံးပြုနေခြင်း၊ နှစ်စဉ် တပေါင်းလပြည့်နေ့တွင် ပအိုဝ်းအမျိုးသားနေ့အဖြစ် စည်ကားသိုက်မြိုက်စွာ ဂုဏ်ပြုကျင်းပနေခြင်း၊ ဒီဇင်ဘာ (၁၁)ရက်နေ့ ရောက်တိုင်း ပဒေသရာဇ်တော်လှန်းနေ့ အခမ်းအနားကျင်းပခြင်း၊ ပအိုဝ်းအာဇာနည်နေ့ တော်သလင်း လပြည့်ကျော်(၅)ရက်နေ့ ရောက်တိုင်းတွင် ဂုဏ်ပြု ဦးညွတ်နေခြင်းများ ပြုလုပ်လေ့ရှိပါသည်။ မကြာမီရောက်ရှိ လာမည့် တော်သလင်းလပြည့်ကျော် (၅)ရက်နေ့ ပအိုဝ်းအာဇာနည်နေ့ကို နှစ်(၄၀)ပြည့် ဂုဏ်ပြုကျင်းပပါတော့မည်။
ရလလဖသဘာပတိအဖွဲ့ ဖြားဗွာဦးလှဖေ မကွယ်လွန်မီ ဖြားဗွာမှ ချမှတ်ပေးခဲ့သည့် သံခနောက်နှင့် သံခွေမူကို လုံးဒါညီလာခံ၏ အဓိဌာန်တစ်ရပ်အဖြစ် ချမှတ်ထားခဲ့ပါသည်။ ဖြားဗွာဦးလှဖေမှ ချမှတ်ပေးခဲ့သည့် သံခနောက်နှင့် သံခွေမူ(ဗွိုင်းသီးခင်း သွံပင်မူ)သည် ခနောက်ခွေသုံးချောင်းမှ တစ်ချောင်းသည် အမျိုးသားနိုင်ငံရေး ခံယူချက်ရှိသည့် ပအိုဝ်းမျိုးချစ်တပ်မတော်၊ နောက်တစ်ချောင်းသည် အရည်အချင်း ပြည့်ဝသည့် အုပ်ချုပ်ရေးအဖွဲ့နှင့် နောက်ဆုံး တစ်ချောင်းသည် မိဘပြည်သူလူထုဖြစ်ပါသည်။ အဆိုပါ သံခနောက်ခွေ (၃)ချောင်းသည် တခုနှင့်တခု ထိန်းညှိ ထားပါသည်။ သံခနောက်ခွေ(၃)ချောင်းကို ထိန်းညှိ နိုင်ရန်အတွက် အပေါ်တွင် သံခွေတခွေကို ထားရှိထားပါသည်။ ထိုသံခွေသည် ဒီမိုကရေစီဖြင့် ဖွဲ့စည်းထားသည့် ဗဟိုကော်မတီ(သို့မဟုတ်) ဌာနချုပ်ရှိရပါမည်။ ဤဖြားဗွာမူကို ယခုအချိန်အထိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ ဆက်လက်ကျင့်သုံး နေသေးသည်ကို မြင်တွေ့နိုင်ပါသည်။
ပအိုဝ်းအမျိုးသားတော်လှန်ရေးကို တစ်ခေတ်ပြီးတစ်ခေတ် တော်လှန်လာခဲ့သော်လည်း ပအိုဝ်းလူမျိုး အခွင့်အရေးများ မရရှိလာခဲ့ခြင်း၊ ပအိုဝ်းအမျိုးသားခေါင်းဆောင်များကို ဆုံးရှုံးလာခဲ့ရခြင်းနှင့် ပြည်သူများ ဆုတ်ယုတ် နစ်နာလာခဲ့ခြင်း စသည့်ရလဒ်များကိုသာ ရရှိလာခဲ့သည်ကို ယခုသက်ရှိ ထင်ရှားရှိနေသည့် အမျိုးသား ခေါင်းဆောင်ကြီး ဖြားတန်အောင်ခမ်းထီမှ နိုင်ငံတော်ကို ခုခံတိုက်ခိုက်ပြီး လူမျိုးအခွင့်အရေးကို တောင်းယူ၍ မရပါကြောင်း၊ ဥပဒေဘောင်အတွင်း ၀င်ရောက်ပြီး ပူးပေါင်းဆောင်ရွက်မှသာ ရရှိလာနိုင်ကြောင်း မြော်မြင်သဖြင့် ၁၉၉၁ ခုနှစ်၊ ဧပြီလ(၁၁)ရက်နေ့တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)သည် ဥပဒေဘောင်အတွင်း ၀င်ရောက် နိုင်ခဲ့ပါသည်။ ဥပဒေဘောင်အတွင်း မ၀င်ရောက်ခင် စေ့စပ်ညှိနှိုင်းသည့် ကာလတွင် နိုင်ငံတော်မှ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်အဖြစ် တည်ဆောက်လိုသဖြင့် နိုင်ငံတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များနှင့် အပစ်ခတ် ရပ်စဲရေးကို အဓိကထား ဆောင်ရွက်လာရာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့် ဆွေးနွေးချိန်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ တောင်းဆိုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင် ပအိုဝ်းတိုင်းရင်းများ ပါဝင်ရေးဆွဲနိုင်ရေးနှင့် ပအိုဝ်းတိုင်းရင်းသားတို့ ရသင့်ရထိုက်သော အခွင့်အရေးများကို ထည့်သွင်း ရေးဆွဲရေး၊ ပအိုဝ်းအမျိုးသားအပေါ် ကျရောက်လာမည့် လူလုပ်အန္တရာယ်အမျိုးမျိုးကို နိုင်ငံတော်မှ အကာအကွယ်ပေးရေး၊ တိုင်းရင်းသား အရေးအရာများနှင့် ပါတ်သက်ပြီး ပအိုဝ်းတိုင်းရင်းသားကို အသုံးမချရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ပါသည်။ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပ.အ.မ.ဖ)၏ ကျေးဇူးတရားကြောင့် ပအိုဝ်းအမျိုးသားတပ်မတော်နှင့် နိုင်ငံတော်တို့ ငြိမ်းချမ်းရေး ရယူနိုင်ခဲ့ပြီး ပအိုဝ်းဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ တစိုက်မတ်မတ် ဆောင်ရွက်လာနိုင်ခဲ့သည်။ ငြိမ်းချမ်းရေး၏ အကျိုးကျေးဇူးကြောင့် ပအိုဝ်းဒေသများတွင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့်ငြိမ်းချမ်းရေး အသီးအပွင့်များကို ပအိုဝ်းပြည်သူနှင့် အခြားသော ညီနောင် တိုင်းရင်းသားများမှ ရရှိခံစားခဲ့ရပါသည်။
၁၉၉၃ ခုနှစ်တွင် နိုင်ငံတော်ကို ဖွဲ့စည်းအုပ်ချုပ်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲနိုင်ရန်အတွက် မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်များမှ တိုင်းရင်းသားကိုယ်စားလှယ်များအားလုံးကို စုစည်းပြီး ၁၉၉၃ ခုနှစ်မှစ၍ ၂၀၀၇ ခုနှစ်အထိ ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲခြင်း အမျိုးသားညီလာခံကြီးတစ်ရပ် ကျင်းပနိုင်ခဲ့ပါသည်။ ညီလာခံကြီးတွင် ပအိုဝ်းတိုင်းရင်းသား ကိုယ်စားလှယ်များအဖြစ် ဖြားတန်အောင်ခမ်းထီ ဦးဆောင်သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ (၅)ဦး၊ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပ.အ.မ.ဖ)မှ (၆)ဦးနှင့် အရွေးချယ်ခံအစုအဖွဲ့ ကိုယ်စားလှယ်မှ ဦးစံလှတို့ တက်ရောက်ဆွေးနွေးပြီး ပြည်နယ်မရရှိသေးသည့် တိုင်းရင်းသား များမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/တိုင်း တောင်းဆိုသည့်စာတမ်းကို ဖြားတန်အောင်ခမ်းထီမှ ပထမဦးစွာ တင်ပြဆွေးနွေးခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရရှိရေး အရွေးချယ်ခံ ဦးစံလှ၊ ဦးစိန်ဝင်း(နောင်မွန်)တို့မှ ဆွေးနွေး ခဲ့ကြပါသည်။ ထိုညီလာခံကြီးမှသည် အခြားသောတိုင်းရင်းသားများဖြစ်သည့် နာဂ၊ ဓနု၊ ပလောင်(တအာင်း)၊ ကိုးကန့်၊ ၀ တိုင်းရင်းသားများနည်းတူ ပအိုဝ်းသည်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပေါ်ပေါက် လာသည်ကို ယနေ့မျက်မောက်တွင် မျက်မြင်တွေ့ရှိနိုင်ပြီ ဖြစ်ပါသည်။ သမိုင်းအစဉ်အဆက် သမိုင်းစာမျက်နှာများကို ပြန်လှန်ကြည့်ခြင်းအားဖြင့် ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပ.အ.မ.ဖ)နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) တို့ကို တစ်ခြမ်းစီ ခွဲခြမ်း၍ မရ၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဆက်စပ်နေသည်ကို သိရှိနိုင်ပါသည်။
အမျိုးသားညီလာခံမှ ရေးဆွဲလာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၈ ခုနှစ်တွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပပြီး အတည်ပြုလိုက်သဖြင့် (၃)ကြိမ်မြှောက် မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာခဲ့ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီကို ကျင့်သုံး လာသည်နှင့်အညီ တိုင်းရင်းသားများကလည်း ဆိုင်ရာလူမျိုးများအလိုက် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေအရ ပါတီမှတ်ပုံတင်ခဲ့ကြပါသည်။ ထိုနည်းတူ ပအိုဝ်းတိုင်းရင်းသားလူမျိုးအတွက် နိုင်ငံရေးအရ ဦးဆောင်ပေးမည့် အဖွဲ့အစည်းကို ပအိုဝ်းပြည်သူတစ်ရပ်လုံးမှ လိုလားတောင့်တလာကြပါသည်။ ခေတ်အဆက်ဆက် သမိုင်းအဆက် ဆက်မှ ပအိုဝ်းပြည်သူများ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ မဆုံးရှုံးရလေအောင် ပအိုဝ်းပြည်သူကို ဦးဆောင် လာခဲ့သော ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပ.အ.မ.ဖ)နှင့် အထူးဒေသ(၆) ငြိမ်းချမ်းရေးအဖွဲ့ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(PNO)တို့ ပူးပေါင်းပြီး နိုင်ငံရေးအရ ပအိုဝ်းပြည်သူကို ဦးဆောင်မည့်၊ ပအိုဝ်းတစ်မျိုးသားလုံးကို ကိုယ်စားပြုမည့် နိုင်ငံရေးပါတီ ဖွဲ့စည်းနိုင်ရေး၊ အထွေထွေရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်အရွေးခံရေးအတွက် ပအိုဝ်းတစ်မျိုးသားလုံး ပဉ္စမအကြိမ်မြောက် ညီလာခံကြီးကို တောင်ပေါ်မြေပြန့်ရှိ ပအိုဝ်းပြည်သူထု တစ်ရပ်လုံးကို ကိုယ်စားပြုသည့် ၂၀၁၀ ခုနှစ်၊ မတ်လ(၂၄-၂၅) ရက်နေ့၊ ပအိုဝ်းတစ်မျိုးသားလုံးပိုင် အဆောက်အဦး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံးတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ ပဉ္စမအကြိမ်ညီလာခံဟု ဆိုရသည်မှာ ယခင်က ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပ.အ.မ.ဖ)မှ ကျင်းပပြုလုပ် လာခဲ့သည့် ညီလာခံ အစဉ်အလာကို ခံယူပြီး ဆက်လက်ကျင်းပလာခဲ့ရာ ပဉ္စမအကြိမ် ရောက်ရှိ လာခဲ့ခြင်းကြောင့် ဖြစ်သည်။
အဆိုပါ ပဉ္စမအကြိမ် ပအိုဝ်းတစ်မျိုးသားလုံးညီလာခံကြီးသို့ တက်ရောက်လာကြသည့် ကိုယ်စား လှယ်တော်များမှ အကြေအလည် ဆွေးနွေးခဲ့ကြရာ အများသဘောတူညီမှုဖြင့် ပါတီ၏ အမည်နာမကို သမိုင်းအစဉ် အဆက်မှ ဦးဆောင်လာခဲ့သည့် ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပ.အ.မ.ဖ)ပါတီ၏ ကောင်းမွေ ဆိုးမွေနှင့် မူဝါဒလမ်းစဉ်ကို ခံယူကာ အခြေအနေအချိန်အခါအရ ဂုဏ်အရှိန်အ၀ါကြီးမားသည့် ပြည်သူလူထုထောက်ခံမှု အားကောင်းသည့် နိုင်ငံတကာမှ သိရှိသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ကို ပအိုဝ်းအမျိုးသားပါတီအဖြစ် ပြောင်းလဲဖွဲ့စည်း လာခဲ့ပါသည်။ ဗဟိုကော်မတီနှင့် ဗဟိုအလုပ်အမှုဆောင်များမှာ ယခင်မှ (ပ.အ.မ.ဖ) အမှုဆောင်များနှင့်(PNO)မှ အဖွဲ့ဝင်များဖြင့် ပါဝင်ဖွဲ့စည်းထားသည်ကို မည်သူမဆို လေ့လာသိရှိနိုင်ပါသည်။ အမည်နာမ ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ပါတီ မှတ်ပုံတင်ခဲ့ရာ ပါတီမှတ်ပုံတင်အမှတ်(၅)ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ တရားဝင် အသိအမှတ် ပြုခဲ့ပါသည်။ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာ(၇)ရက်နေ့တွင် မြန်မာနိုင်ငံ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော် စသည့် လွှတ်တော်(၃)ရပ်တွင် ပအိုဝ်းပြည်သူ ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပါသည်။ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် မဲဆန္ဒနယ် (၁၀)နေရာတွင် (၁၀)နေရာစလုံး အနိုင်ရရှိခဲ့ပါသည်။ ဤဆင့်ကဲဆင့်ကဲဖြစ်စဉ်သမိုင်းကို ကြည့်ခြင်းအားဖြင့် ယခင်မှ ပအိုဝ်းပြည်သူကို ဦးဆောင်ခဲ့သည့် ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပ.အ.မ.ဖ) ပါတီသည် ယခုပအိုဝ်းပြည်သူကို ဦးဆောင်နေသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပါတီတို့သည် တစ်သားတည်း တဖွဲ့တစည်းတည်း ဖြစ်နေသည်ကို ငြင်းဆိုနိုင်မည် မဟုတ်ပါချေ။

အစဉ်အလာမရှိသေးသည့်  ၂၀၁၃ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပ.အ.မ.ဖ- UPNO)ပါတီသစ်
လူတိုင်း၊ အစုအဖွဲ့တိုင်း၊ အဖွဲ့အစည်းတိုင်း၊ လူမျိုးတိုင်းသည် ကိုယ့်ရာဇ၀င်သမိုင်းကြောင်းနှင့်ကိုယ် တည်ရှိနေမည်ကို လူတိုင်းမှ လက်ခံရပါလိမ့်မည်။ နိုင်ငံတိုင်းသည်လည်း ကိုယ့်သမိုင်းနှင့်ကိုယ် ဖြတ်သန်း လာကြမည် ဖြစ်ပါသည်။ နိုင်ငံဟု ဆိုလိုက်သည်နှင့် အုပ်ချုပ်သူ လူတန်းစားအစိုးရနှင့် အုပ်ချုပ်ခံလူတန်းစား ပြည်သူလူထုတို့ ဧကန်အမှန် တည်ရှိနေရပါသည်။ အုပ်ချုပ်သူလူတန်းစားအစိုးရ ဖြစ်ပေါ်လာပါကလည်း အုပ်ချုပ်မှုစနစ် အမျိုးမျိုးမှ မကောင်းသည့် အုပ်ချုပ်မှုစနစ်မှသည် ကောင်းသည့်အုပ်ချုပ်မှုစနစ်၊ ကောင်းသည့် အုပ်ချုပ်မှုစနစ်မှသည် ပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်သို့ တစ်ခေတ်ပြီးတစ်ခေတ် စနစ်တစ်ခုပြီးတစ်ခု ပြောင်းလဲကျင့်သုံး လာကြ ပါလိမ့်မည်။ အုပ်ချုပ်ရေးသမိုင်းကြောင်းမှ ယနေ့အချိန်ထိ အကောင်းဆုံးစနစ်အဖြစ် ပြည်သူများ ပါဝင်သည့် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ပြောင်းလဲကျင့်သုံးလာကြပါသည်။ ယခုကျင့်သုံးနေသည့် ဒီမိုကရေစီစနစ်သည် လူသားအားလုံးကို ဥပဒေ၏ အကာအကွယ် ရရှိပိုင်ခွင့်နှင့် ဥပဒေမှပေးအပ်သည့် အခွင့်အရေးများအားလုံးသည် တပြေးညီ တတန်းတည်း ရရှိခံစားကြရပါမည်။
မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီဖြင့် ရွေးကောက်ပွဲမှသည် အုပ်ချုပ်ရေး အစိုးရသို့ တက်လှမ်းရန်အတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်မှစပြီး ရွေးကောက်ပွဲ ကျင်းပပြုလုပ်လာခဲ့ပါသည်။ လာမည့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် (၅)နှစ်သက်တမ်းပြည့်သည့် ရွေးကောက်ပွဲကို တစ်ဖန်ပြန်လည် ကျင်းပပြုလုပ်ပါတော့မည်ကို လူတိုင်းသိရှိပြီးဖြစ်ပါလိမ့်မည်။ ထို့အတွက်ကြောင့် အချို့သော နိုင်ငံရေးပါတီများသည် အာဏာကိုသာ တပ်မက်ပြီး မိမိတို့ပါတီအနိုင်ရရှိရေးကိုသာ ထည့်သွင်းစဉ်းစားပြီး အရာအားလုံးကို ဆုပ်ကိုင် ရယူ လိုကြပါသည်။ ထိုထိုသော အချို့ပါတီများသည် တိုင်းရင်းသားဒေသများတွင် ထိုဒေသရှိ တိုင်းရင်းသားလူမျိုး ပုဂ္ဂိုလ်တစ်ဦးဦးကို လက်နက်သဖွယ်၊ လက်ကိုင်ဒုတ်သဖွယ် အသုံးချပြီး တိုင်းရင်းသားလူမျိုးအချင်းချင်းကို ပြန်လည် တိုက်ခိုက်စေသည့် ဗျူဟာကို အသုံးပြုလာကြသည်လည်း ရှိနေပါလိမ့်မည်။ တစ်ဖက်တွင်လည်း အာဏာမက်မော မှုကြောင့် အခြားပါတီများ၏ အသုံးချခံဘ၀နှင့်သာ ကျေနပ်နေကြပါသည်။ အခြားတစ်ဖက်တွင် ရှိရင်းစွဲ နဂိုမူလ အဖွဲ့အစည်းတွင် နေရာ မရသည့်အတွက် တူရာလူပုဂ္ဂိုလ်ကို စုဆောင်းပြီး ကိုယ်ပိုင်အဖွဲ့အစည်း ထူထောင်ပြီး လုပ်ဆောင်သည်က ပိုမိုဆိုးရွားသည်ဟု ထင်မြင်ပါသည်။
ဒီမိုကရေစီမှ ပေးအပ်သည့်အခွင့်အရေးကို ထိုထိုသောလူတစ်စုတို့မှ အခွင့်အရေးကို အမိအရ ရယူပြီး ပါတီသစ်ကို ၂၀၁၃ ခုနှစ်တွင် တည်ထောင်လာခဲ့ပါသည်။ တည်ထောင်ခွင့်ကို ပိတ်ပင်ခွင့်မရှိသော်လည်း ပေါ်ပေါက် လာသည်ကို ပအိုဝ်းပြည်သူအများစုမှ မလိုလားအပ်ပေ။ ထိုသောပါတီများ ပေါ်ပေါက်လာရသည်မှာ နဂိုပကတိ တည်ရှိပြီးသော ပအိုဝ်းတစ်မျိုးသားလုံး ဦးဆောင်အဖွဲ့အစည်းတွင် နေရာမရသည်က တစ်ကြောင်း၊ ထင်ပေါ် ကျော်ကြား လိုသည်က တကြောင်း၊ ခေတ်ရေစီးကြောင်းအရ အများသူငါမှ ရေစုန်ဆို ရေစုန်၊ ရေဆန်ဆို ရေဆန် လုပ်လိုသည်က တကြောင်း၊ အာဏာမက်မောမှုက တစ်ကြောင်း၊ အမျိုးသားရေးထက် မိမိအရေးကိုသာ ရှေးရှုသည်ကတစ်ကြောင်း စသည့်အကြောင်းကြောင်း များကြောင့် ပအိုဝ်းလူမျိုးစည်းလုံးမှုကို ဥပေက္ခာပြုပြီး မိမိတို့ကိုယ်တိုင် သော်လည်းကောင်း၊ အဖွဲ့အစည်း သော်လည်းကောင်း နာမည်ကျော်ရင် ပြီးရောဆိုသလို အခြားသူတစ်ဦး၊ အခြားသော အဖွဲ့အစည်းနှင့် လူမျိုးကို ခုတုံးလုပ် လိုရာကို ဆွဲယူပြီး လုပ်ဆောင်သွားသည့် ပုဂ္ဂိုလ်တစ်စုတို့၏ အဖွဲ့အစည်းသာဖြစ်ပါသည်။ ပအိုဝ်းပြည်သူကို ကိုယ်စားပြုသည့် အဖွဲ့အစည်းဟု ဆိုနိုင်မည် မမြင်ပေ။ ပြည်သူကိုလည်း ဦးဆောင်ဦးရွက် ပြုနိုင်လိမ့်မည် မမြင်ပါ။
အဆိုပါပါတီသစ်သည် ၂၀၁၃ ခုနှစ်မှစပြီး ယနေ့အချိန်ထိ ပြည်သူအကျိုးပြုလုပ်ငန်း ဆောင်ရွက်ချက်များ တစ်စုံတစ်ရာ တွေ့ရှိခြင်း မရှိသေးပေ။ ပြည်သူအကျိုးပြုလုပ်ငန်း ဆောင်ရွက်ပေးဖို့နေနေသာသာ စည်းလုံးမှု အားကောင်းနေသည့် ပအိုဝ်းပြည်သူကို အမျိုးမျိုးသော ၀ါဒဖြန့်မှု လုပ်ဆောင်နေသည်ကိုသာ တွေ့ရှိနေရမည် ဖြစ်ပါသည်။ ဤထက်ပိုဆိုးသည်မှာ အခြားသူများ၏ သမိုင်းကြောင်းကို မိမိတို့သမိုင်းကြောင်းအဖြစ် ဖော်ပြပြောဆိုသုံးနှုံးခြင်း၊ အခြားသူများလုပ်ဆောင်ခဲ့သော လုပ်ဆောင်ချက်များကို ကိုယ့်လုပ်ချက်များအဖြစ် အရှက်တရားမရှိ ထုတ်ဖော်ပြောဆို သုံးနှုံးလာခြင်းများဖြစ်ပါသည်။ ပါတီသစ်မှ စကားကြီးစကားကျယ်အဖြစ် ပြောဆိုသုံးနှုံး နေသည်များမှာ “ ၂၀၁၃ ခုနှစ် ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပ.အ.မ.ဖ)ပါတီသစ်သည် ၂၀၁၀ ခုနှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်မှတ်ပုံတင်ခြင်း မပြုနိုင်ကြောင်း၊ ယခင် (ပ.အ.မ.ဖ)ပါတီ၏ ၁၉၅၂ ခုနှစ် ပထမအကြိမ်၊ ၁၉၅၆ ခုနှစ် ဒုတိယအကြိမ် ပါလီမန်ရွေးကောက်ပွဲနှင့် ၁၉၆၀ ခုနှစ် တတိယအကြိမ် ပါလီမန် ရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးခံခဲ့ရခြင်း၊ ၁၉၉၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အရွေးချယ် ခံခဲ့ရခြင်း စသည့် ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပ.အ.မ.ဖ)၏ အောင်မြင်မှုကို ပါတီသစ်၏ အောင်မြင်မှုများအဖြစ် ပြောဆိုသုံးနှုံးနေပါသည်။ ပါတီသစ်၏ မူဝါဒများသည်လည်း ယခင်(ပ.အ.မ.ဖ)၏ မူဝါဒများသာ ဖြစ်ကြောင်းနှင့် ပအိုဝ်းတစ်မျိုးသားလုံး ပြုလုပ်ကျင်းပလာခဲ့သော ညီလာခံများကိုလည်း ၎င်းတို့၏ လုပ်ဆောင်ချက်များ ဖြစ်ကြောင်း” စသည့်ထုတ်ပြန်ကြေညာချက်များကို ပအိုဝ်းပြည်သူများအပါအ၀င် အခြားသော တိုင်းရင်းသား ပြည်သူများကို တစ်ပတ်လှိမ့် လှည့်ဖြား ပြောဆိုနေပါသည်။ ဤပါတီသစ်၏ ဖြစ်ပေါ်လာမှုကို ကြည့်ခြင်း အားဖြင့် ယခင်(ပ.အ.မ.ဖ)ပါတီနဲ့ လုံးဝ သက်ဆိုင်ခြင်း မရှိကြောင်း ထင်ရှားသည့် အချက်များမှာ ယခုပါတီသစ်သည် သမိုင်းကြောင်း မရှိသေးပါကြောင်း၊ လူလုပ်ပြောသည့် သမိုင်းကြောင်းသာ ရှိပါကြောင်း၊ အသုံးပြုထားသည့် ပါတီအလံနှင့် ပါတီအမှတ်တံဆိတ်သည်လည်း ယခင်(ပ.အ.မ.ဖ)၏ ပါတီအလံနှင့်တံဆိတ် မဟုတ်ပါကြောင်း၊ ပအိုဝ်းပြည်သူများ မျက်စိလည်အောင် ထင်ယောင်ထင်မှားဖြစ်အောင် ပါတီသစ်၏ အမှတ်တံဆိပ်ကို နဂါးခေါင်းအဖြစ် အသုံးပြုထားပါသည်။ ယခုပါတီသစ်ကို တည်ထောင်သော ပုဂ္ဂိုလ်များသည် ယခင်(ပ.အ.မ.ဖ)ပါတီ၏ အမှုဆောင်များ မပါဝင်ကြောင်း၊ နိုင်ငံရပ်ခြားပြန် လူ့အခွင့်အရေး ဒီမိုကရေစီ အရေခြုံသည့် လူပုဂ္ဂိုလ်အသစ်များနှင့် အစွန်အဖျား ရောက်ရှိနေသည့် လက်တစ်ဆုပ်စာ လူတစ်စုများသာ ဖြစ်နေသည်ကို ထင်ထင်ရှားရှား သိရှိနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယခင်(ပ.အ.မ.ဖ) အမှုဆောင်အဖွဲ့ဝင်များသည် ယခုတည်ရှိနေသည့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO) အမှုဆောင်များအဖြစ် ကူးပြောင်းပြောင်းလဲ ဖွဲ့စည်းထားပြီး ယခင် ပ.အ.မ.ဖ အမှုဆောင် ခေါင်းဆောင်များဖြစ်သည့် ဖြားခွန်မောင်တုတ်၊ ဖြားခွန်သိန်းဖေတို့သည် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ နာယကအဖွဲ့တွင် ပါတီကို ဦးဆောင်ပဲ့ကိုင်နေသည်ကို တွေ့ရှိနိုင်ပါသည်။  ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပ.အ.မ.ဖ)၏ ဆီဆိုင်မြို့နယ်အမတ်အဖြစ် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည့် ဦးခွန်စိန်ဝင်းသည်လည်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်နေပါသည်။ ဤအကြောင်းချင်းရာကို ကြည့်ခြင်းဖြင့် ယခုပါတီသစ်သည် ယခင်မှ (ပ.အ.မ.ဖ)ပါတီ မဟုတ်နိုင်ကြောင်းကို သာဓကတစ်ခု အနေဖြင့် သက်သေထူနိုင်လိမ့် မည်ဟု ယုံကြည်ပါသည်။
လူတစ်စုတို့၏ ပါတီသစ်(ပ.အ.မ.ဖ-UPNO)ပါတီသည် မီဒီယာများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ၎င်းတို့၏ ၀ါဒများကို ပြည်သူများသို့ ရရာနည်းလမ်းဖြင့် ၀ါဒဖြန့်လုပ်ဆောင်နေကြပါသည်။ မိမိတို့၏ ပါတီကို အမွှမ်းတင်သည့်ပွဲများ ကျင်းပပြုလုပ်ကြပါသည်။ ပြည်သူများ၏ အာရုံစူးစိုက်မှုများ ရရှိရန်လည်း အဖြစ်အပျက်များကို တီထွင်ဖန်တီးနေကြပါသည်။ တလောတွင် ပအိုဝ်းဒေသ တရားဝင်ဘိန်းစိုက်ပျိုးမှုပါ တောင်းဆို ပါသေးသည်။ မကြာသေးမီ ၁၅.၉.၂၀၁၅ ရက်နေ့၊ ချယ်ရီကွင်းဟိုတယ်တွင်လည်း မစ္ဇျိမမီဒီယာအဖွဲ့နှင့် ပူးပေါင်းပြီး ပါတီ၏ မူဝါဒနှင့် လမ်းစဉ်များကို မီဒီယာမှတစ်ဆင့် ထုတ်လွင့်မည့် ဆွေးနွေးပွဲ တနည်းဖြင့်ပြောရလျှင် ပါတီအမွှမ်းတင် ပွဲတွင် အစဉ်အလာကြီးမားခဲ့သည့် ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပ.အ.မ.ဖ)၏ သမိုင်းကို အသုံးချပြီး ပအိုဝ်းပြည်သူနှင့် အခြားသောတိုင်းရင်းသားများကို လှည့်ဖြားနေသည်ကို ဆွေးနွေးပွဲသို့ လေ့လာခွင့် ရရှိသည့် လူငယ်တစ်ဦးဖြစ်သူ ကျွန်တော်မှ များစွာ စိတ်မကောင်း ဖြစ်ခဲ့ရပါသည်။ ဤသည်များကြောင့် စာပေ၊ ဆောင်းပါး မရေးဖူးသေးသည့် လူငယ်တစ်ဦး စာရေးဖြစ်အောင် တွန်းဆွ ပေးနေပါသည်။ အဆိုပါ ပါတီအမွှမ်းတင်ပွဲတွင် လူတစ်စုတို့၏ ပါတီသစ်မှ ပါတီဝင်တစ်ဦးဖြစ်သူသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ သတ်မှတ်ပြဌာန်း ပေးထားသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပ.အ.မ.ဖ)မှ တောင်းဆိုသည့်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိလာခြင်း ဖြစ်ပြီး ၂၀၁၀ ခုနှစ်မှ စ၍ ယခု(ပ.အ.မ.ဖ) အနေဖြင့် ဆက်လက်ကိုင်တွယ်သွားမည်ဟု ပြောဆိုသွားပါသည်။ အမှန်စင်စစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိလာရခြင်းသည် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်အောင်ခမ်းထီ နှင့် (ပ.အ.မ.ဖ)တို့မှ ဦးစွာဆွေးနွေး ပြောဆိုခဲ့ခြင်းဖြင့် ရရှိလာခြင်းဖြစ်ပါသည်။ ဤသည်ကို ယခု (ပ.အ.မ.ဖ) ပါတီသစ်၏ အကျိုးစီးပွားအတွက် ၎င်းတို့၏ သမိုင်းသဖွယ် ဖော်ပြသုံးနှုံးနေခြင်းကို လက်ခံနိုင်စရာ မရှိချေ။ ထို့အပြင် စကားလုံးကြီးကြီးကျယ်ကျယ်ဖြင့် ပအိုဝ်းပြည်သူများအကြိုက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တိုးချဲ့ရေး၊ ပအိုဝ်းပြည်နယ်ရရှိရေး စသည်များ ထည့်သွင်း ပြောဆိုသွားပါသေးသည်။ မည်မျှပင် ကောင်းသည့် စကား၊ ကောင်းသည့်အလုပ်ဖြစ်နေစေကာမူ ပြောသင့်သည့် အချိန်၊ လုပ်သင့်သည့် အချိန်တွင် ပြောမှ၊ လုပ်ဆောင်မှသာလျှင် ကောင်းသည့်ရလဒ်ကို ရရှိမည် ဆိုသည်ကို သတိထားမိပုံ မရှိပါချေ။ ဤသို့သော စကားလုံးများကြောင့် လူမျိုးကြီးဝါဒ စွဲကိုင်ထားသည့် လူမျိုးမှ ပအိုဝ်းပြည်သူများအပေါ် တစ်စုံတစ်ရာ ရိုက်ခတ်လာမည်ကို ထည့်သွင်းစဉ်းစား ခြင်းမျိုးလည်း မရှိပါချေ။ မည်သို့ပင် ဖြစ်စေကာမူ သူ့ခြေလှမ်းနှင့်သူသာ သွားနေပါသည်ကို ပအိုဝ်းပြည်သူများအနေဖြင့် သတိရှိရှိ ဆင်ခြင်ဖို့ ပြောတိုင်းမယုံဖို့ နားမယောင်ဖို့ သတိကြီးကြီး ထားကြဖို့ ပအိုဝ်းမိဘပြည်သူများအား ဤသမိုင်းကြောင်းဖြစ်စဉ်များနှင့် အသုံးချခံ၊ နိုင်ငံရေးအမြတ်ထုတ်ခံနေရသည့် အစဉ်အလာကြီးမားခဲ့သော ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပ.အ.မ.ဖ)ဖြင့် ဤဆောင်းပါးကို တင်ပြလိုက်ပါသည်………

ကိုးကားချက်များ-     ပြည်ထောင်စုထဲကပအိုဝ်း
ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပ.အ.မ.ဖ)၏ ညီလာခံများမှတ်တမ်း
ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပ.အ.မ.ဖ) အမှုဆောင် အတွင်းရေးမှူးဟောင်းနှင့်
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) နာယက ဖြားခွန်မောင်တုတ်နှင့် တွေ့ဆုံမေးမြန်းခန်း
                           
ခွန်ဗန်ထို၊ ပအိုဝ်းပေး စမ်းဖက်ရွေ..၊ ခွန်ဖြားဗွာခမ်း
Powered by Blogger.