Thursday, October 1, 2015

ညောင်ရွှေမြို့နယ်၊ ပုံ့မူကျေးရွာအုပ်စု သပြေကုန်း အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ အလယ်တန်းကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်


ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ ပုံ့မူကျေးရွာအုပ်စု၊ သပြေကုန်းရွာတွင် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်၊ ကြာသပတေးနေ့တွင် သပြေကုန်းအခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)မှ အလယ်တန်းကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ပွဲ အခမ်းအနားကို  ပြုလုပ် ကျင်းပခဲ့ပါသည်။

ပြည်နယ်ပညာရေးမှူး အငြိမ်းစား ဦးစံရွှေမှ အမှာစကားပြောကြားစဉ်

အခမ်းအနားတွင် ပြည်နယ်/ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ လူကြီးမင်းများ၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု(ဗဟို)၊ ပအိုဝ်းအမျိုးသမီးဖွဲ့မှ လူကြီးမင်းများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပါသည်။
ရှေ့ဦးစွာ အခမ်းအနားတွင် ရှမ်းပြည်နယ်တောင်ပိုင်း ပြည်နယ်ပညာရေးလက်ထောက် ညွန်ကြားရေးမှူးကိုယ်စား ဆရာမကြီး ဒေါ်သန်းသန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ပညာရေးမှူး အငြိမ်းစား ဦးစံရွှေက ကျောင်း၏ လိုအပ်ချက်၊ ပညာရေး၏ အရေးကြီးပုံနှင့် ပတ်သက်၍ တိုက်တွန်းအမှာစကားပြောကြားကာ သပြေကုန်း အခြေခံပညာအလယ်တန်းကျောင်း၊ ကျောင်းအုပ်ကြီးက ကျောင်း၏သမိုင်းကို ရှင်းလင်းတင်ပြသွားပါသည်။


ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အတွင်းရေးမှူး(၃) ဦးခွန်တင်ထွဋ်မှ အလှူငွေပေးအပ်လှူဒါန်းစဉ်

အင်းလေး မောင်ခွန်နွယ်မှ အလှူငွေပေးအပ်လှူဒါန်းစဉ်
ထို့နောက် ကြွရောက်လာသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှအတွင်းရေးမှူး(၃) ဦးခွန်တင်ထွဋ်မှ ကျပ်ငွေ(၁)သိန်းသော်လည်းကောင်း၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု(ဗဟို) အင်းလေးမောင်ခွန်နွယ်မှ ကျပ်ငွေ(၅)သောင်း သော်လည်းကောင်း ကျောင်းရန်ပုံငွေအတွက် အသီးသီး ပေးအပ်လှူဒါန်းကာ ကျောင်းအဆင့်တိုးမြှင့်ခြင်း အထိမ်းအမှတ်အလံများကို သက်ဆိုင်ရာ လူကြီးမင်းများ ပေးအပ်ပြီး ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြား၍ အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။

ခွန်ထင်းလေအောင်း

   
Powered by Blogger.