Wednesday, October 14, 2015

နိုင်ငံရေးခေါင်းဆောင်ဆိုတာ အမြှော်အမြင်ရှိမှသာလျှင်…..

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်



နိုင်ငံရေးခေါင်းဆောင်ဆိုသည်မှာ မိမိနိုင်ငံနှင့်လူမျိုးတို့၏ လုံခြုံရေးနှင့်အကျိုးစီးပွားဖြစ်ထွန်းရေးကို အမြှော်အမြင်ကြီးစွာဖြင့် အခြေအနေနှင့်အချိန်အခါလိုက်၍ ဝေဖန်ဆုံးဖြတ်အသုံးချတတ်သည့် ပုဂ္ဂိုလ်ဟု စာရေးသူအနေနှင့် ခံယူထားပါသည်။ နိုင်ငံရေးသည် နူညံ့ပျော့ပြောင်း၊ နက်ရှိုင်းလွန်းသည့်အတွက် အဓိပ္ပါယ်ဖွင့်ရန် ခက်ခဲလှပြီး တဖက်မှာလည်း ခေါင်းဆောင်ကောင်းဖြစ်ရန် လိုအပ်ချက်ပေါင်းများစွာနှင့် ပြည့်နှက်နေမည်မှာ အမှန်ပင်ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံရေးခေါင်းဆောင်ကောင်းဖြစ်ရန်အတွက် လွယ်ကူသည့်အရာ မဟုတ်ဆိုသည်မှာ ငြင်းဆန်လို့ မရပေ။
စာရေးသူသည် နိုင်ငံရေးကို သိရှိနားလည်သူဟု မခံယူထားပေ။ မိမိထင်မြင်ချက်၊ ယူဆချက်အချို့ကို တင်ပြရခြင်းပင်ဖြစ်သည်။ နိုင်ငံရေးလောကတွင် အမြှော်အမြင်မပါသော အတတ်ပညာသည် အဓိပ္ပါယ်မရှိသလို အတတ်ပညာမပါသော အမြှော်အမြင်သည်လည်း အရာမရောက်ဟု ရှေးလူကြီးများ မိန့်ဆိုဖူးပါသည်။ အမြှော်အမြင်နှင့် အတတ်ပညာသည် ကင်းကွာလို့မရပေ။ ဒင်္ဂါးပြားပေါ်က ခေါင်းနှင့်ပန်းကဲ့သို့ ဒွန်တွဲနေသည်ဟု ဆိုလိုက်လျှင်ဖြင့် ခွဲထား၍မရနိုင်သည့် သဘောကို ဖော်ဆောင်နေပါသည်။ အရာရာတိုင်းကို အများအားဖြင့် အတတ်ပညာက ဦးဆောင်သည်မှန်သော်လည်း မိမိ၏အတတ်ပညာသည် တိုင်းပြည်နှင့်လူမျိုးအတွက် ဘယ်လောက်ထိ အကျိုးပြုနိုင်မည်ကို ကြိုတင်စဉ်းစားရန် လိုအပ်ပါသည်။ ကိုယ့်ရဲ့အတတ်ပညာနှင့် ကိုယ်တိုင်တွေ့ကြုံပြီး သင်ခန်းစာယူတာထက် အခြားသူများအမှားကိုကြည့်ပြီး သင်ခန်းစာယူသည်မှာ အရင်းအနှီးသိပ်မလိုဘဲ အချိန်ကုန်သက်သာစေမည့် နည်းလမ်းဖြစ်နိုင်ပါသည်။ အချိန်အခါနှင့် အနာဂတ်ကို မျော်မှန်းသုံးသပ်နိုင်သည်မှာ အမြှော်အမြင်ပင် မဟုတ်လော။
မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းပေါ်သို့ စတင်လျှောက်လှမ်းနေသည်နှင့်အတူ ဒီမိုကရေစီ၏ အငွေ့အသက်များသည်လည်း နိုင်ငံတ၀ှမ်း ပျံ့နှံ့နေပြီ ဖြစ်ပါသည်။ ထို့အတူ မိမိတို့ ပအိုဝ်းတိုင်းရင်းသားများသည်လည်း ဒီမိုကရေစီ၏ အငွေ့အသက်ထဲတွင် လိုက်ပါစီးမျောနေကြပြီဖြစ်သည်။ မိမိတို့ ပအိုဝ်းတိုင်းရင်းသားများအနေဖြင့် ဒီမိုကရေစီစနစ်ကို ဒေသဆိုင်ရာအုပ်ချုပ်ရေး အဆင့်ဆင့်တွင် အချိန်ကြာမြင့်စွာ ကျင့်သုံးနေကြသော်လည်း ဒီမိုကရေစီ၏ အဓိပ္ပါယ်ကို မဖွင့်ဆိုခဲ့ကြသည်မှာ အခြားသူ၏ လက်ဦးမှုကို အခွင့်အရေးပေးလိုက်သည်ဟု ဆိုချင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဒီနေ့ခေတ်တွင် အသုံးများနေသည့် ဒီမိုကရေစီဆိုသည်မှာ အများပြည်သူဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ခြင်း၊ ပြည်သူကသာ အာဏာပိုင်သည်ဟု ဆိုကြသည်။ ယင်းအဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပြန်ကြည့်လျှင် မိမိတို့ပအိုဝ်းလူမျိုးများသည် ဘိုးဘေးဘီဘင်ခေတ်ကတည်းက အဓိပ္ပာယ်မဖွင့်ခဲ့ရုံကလွဲ၍ ဒီမိုကရေစီစနစ် ကျင့်သုံးလာခဲ့သည်မှာ ငြင်းဆန်လို့မရပေ။ ၄င်းကို ပအိုဝ်းလူမျိုးဖြစ်သော မိဘပြည်သူတိုင်း ပိုမိုသိရှိပါလိမ့်မည်။
ဒီမိုကရေစီစနစ် ကျင့်သုံးလာသည်နှင့်အမျှ ဒီမိုကရေစီ၏ အသီးအပွင့်များဖြစ်သော လွတ်လပ်စွာ ရေးသားခြင်း၊ လွတ်လပ်စွာ ပြောဆိုခြင်း၊ လွတ်လပ်စွာ တင်ပြခြင်းစသည်တို့ကို ပြည်သူများ စားသုံးနေကြပါသည်။ မိမိတို့ ပအိုဝ်းတိုင်းရင်းသား တချို့သည်လည်း ရှိပြီးသား မိမိတို့ ဒီမိုကရေစီလမ်းစဉ်ကို မေ့ထားပြီး အခြားနိုင်ငံတကာက ဒီမိုကရေစီလမ်းစဉ်ကို ပိုမိုစိတ်ဝင်စားလာသည်ကို တွေ့မြင်ရပါသည်။ စာရေးသူအနေနှင့် ဒီမိုကရေစီသည် “သုံးတတ်လျှင်ဆေး မသုံးတတ်လျှင်ဘေး” ဟု ထင်မြင်မိပါသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာမြေကြီးသည် ကွဲပြားသောအလွှာ၊ မတူညီသော ပုံသဏ္ဍာန်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်သည်။ အထူးသဖြင့် ဘာသာရေးကိုးကွယ်မှု မတူညီခြင်း၊ ဒေသ၊ လူမျိုးဓလေ့၊ စရိုက်၊ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာများ မတူညီခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီစနစ်သည်လည်း နေရာဒေသလိုက်၍ အဓိပ္ပာယ်ဖွင့်ဆိုပုံ ကွဲပြားလိမ့်မည်ဟု ယူဆမိပါသည်။ မိမိနိုင်ငံက ယဉ်ကျေးမှုသည် အခြားနိုင်ငံကို မလွှမ်းမိုးနိုင်သလို အခြားနိုင်ငံက စနစ်တစ်ခုသည်လည်း မိမိနိုင်ငံနှင့် တစ်ထပ်တည်း ကိုက်ညီနိုင်မည် မဟုတ်ပေ။
လောကတွင် မည်သည့်အရာမျှ ရာနှုန်းပြည့်ကောင်းသည်ဟု မရှိပေ။ ယနေ့ ဒီမိုကရေစီ လမ်းကြောင်းတွင် လျှောက်လှမ်းနေကြသော မိမိတို့ပအိုဝ်းလူမျိုးတချို့သည် လူ့အခွင့်အရေးဟူသော ဒီမိုကရေစီလက်နက်ကို အသုံးပြု၍ အတတ်ပညာ၊ အယူအဆကို ရှေ့တန်းတင်ပြီး အတတ်ပညာ၊ အယူအဆနှင့် တိုက်ခိုက်နေသည်ဟု မြင်မိပါသည်။ ဤသည်မှာ ဒီမိုကရေစီ၏ သဘောတရားဟူ ဆိုနိုင်သော်လည်း ယင်းသဘောတရားက တိုင်းပြည်နှင့်လူမျိုးအတွက် မည်ကဲ့သို့အကျိုးပြုနိုင်မည်၊ မည်ကဲ့သို့ ဆိုးကျိုးပြုနိုင်သည်ကို တွေးခေါ်မြှော်မြင်တတ်ရန် လိုအပ်နေပါ သည်။
ကျောင်းသားတစ်ဦးသည် ကျောင်းစာမည်မျှပင် တော်စေကာမူ ကျောင်းအုပ်ကြီး၏အလုပ်ကို ၀င်လုပ်ရန် အခက်အခဲများနှင့် ကြုံတွေ့ရမည်မှာ အမှန်ပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူ၏တာဝန်မှာ စာတတ်မြောက်ရန်သာ ဖြစ်သည်။ ကျောင်းအုပ်ကြီးမှာ ကျောင်းကိစ္စအ၀၀နှင့် ကျောင်းဂုဏ်သတင်းပျံနှံအောင် အချိန်တိုင်း တွေးတောနေရပါသည်။ သို့သော် ထိုကျောင်းသားသည် ကျောင်းအုပ်ကြီးမဖြစ်နိုင်ဟု မဆိုလိုပေ။ အချိန်ဟူသည့် အတိုင်းအတာတစ်ခုနှင့် အတွေ့အကြုံတစ်ခု အတွက် ပေးဆပ်ရဦးမည်ဖြစ်သည်။ အတိတ်သမိုင်းက မိမိတို့မနုဟာမင်းကြီးသည် ဘုန်းတန်ခိုးကြီးမားသူ၊ မိမိလူမျိုးနှင့် တိုင်းပြည်ကို ချစ်မြတ်နိုးသူ မှန်သော်လည်း မှားယွင်းသော ဆုံးဖြတ်မှုကြောင့် မိမိတို့ ပအိုဝ်းလူမျိုးများ ပြိုကွဲခဲ့ဖူးသည်ကို ပြန်လည်အမှတ်ရစေလိုပါသည်။ မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်လှမ်းကြည့်လျှင်လည်း အသက်သွေးချွေး ရင်းနှီးမြှုပ်နှံ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့ရာမှ လွတ်လပ်ရေးရပြီးသည့်နောက်ပိုင်း မြန်မာနိုင်ငံ ခေါင်းဆောင်ကြီးများ၏ တွေးခေါ်မြှော်မြင်တတ်မှု နည်းပါးခြင်းကြောင့် မိမိတို့မြန်မာနိုင်ငံ ဆင်းရဲဒုက္ခ ရောက်ခဲ့ရသည်ကို ပြောစရာမလိုဘဲ မျက်မြင်သက်သေ မြင်တွေ့နေရပြီ ဖြစ်သည်။ ဤသည်မှာ လွတ်လပ်ရေးရအောင် ရယူနိုင်သော မြန်မာတို့၏ ရဲစွမ်းသတ္တိ အတတ်ပညာကို ချီးကျူးအပ်ပါသည်။ သို့သော်လည်း ပြည်သူများအတွက် လွတ်လပ်ခြင်းအရသာ မဖော်ဆောင်ပေးနိုင်ခဲ့သည်မှာ ခေါင်းဆောင်ကြီးများ၏ တွေးခေါ်မြှော်မြင်မှု အားနည်းခြင်းကြောင့်ဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် အတိတ်က သမိုင်း သည် ယခုလက်ရှိ မိမိတို့ပစ္စုပ္ပန်အတွက် အကောင်းဆုံးသင်ခန်းစာပင် ဖြစ်၏။ သင်ခန်းစာမယူတတ်လျှင် ဘ၀တွင် သင်ခန်းစာနှင့်သာ အဆုံးသတ်သွားတတ်သည့် သဘောရှိပါသည်။
ယခုလက်ရှိ မိမိတို့ပအိုဝ်းလူမျိုးများသည် အမြှော်အမြင်ကြီးမားသော ခေါင်းဆောင်ကြီးများနှင့် တွေ့ဆုံခွင့်ရသည်ဟု ဆိုချင်ပါသည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့ ပအိုဝ်းလူမျိုးများကို အမှောင်လောကမှ အလင်းရောင်အောက်သို့ ခေါ်ဆောင်လာပေးနိုင်ခြင်း၊ မိမိတို့ ပအိုဝ်းလူမျိုးများကို ကာကွယ်စောင့်ရှောက်ပေးနိုင်ခြင်း၊ မိမိတို့လူမျိုးအကျိုးစီးပွားကို လမ်းပြဖော်ဆောင်ပေးနိုင်ခြင်း၊ ကမ္ဘာ့အလယ်၊ နိုင်ငံ့အလယ်၊ တိုင်းရင်းသားများအလယ်တွင် ထင်ထင်ရှားရှား ဖြစ်လာအောင် ပုံဖော်ပေးနိုင်ခြင်းစသည်တို့ကို ပြန်ကြည့်လျှင် မိမိတို့လူမျိုး ခေါင်းဆောင်များသည် အမြှော်အမြင်နှင့် ပြည့်စုံသူများဖြစ်ကြောင်း သိရှိနိုင်ပါသည်။ နိုင်ငံရေး၏ သဘောသဘာဝသည် တစ်ခါမှားလျှင် အကြိမ်ပေါင်းများစွာ ပေးဆပ်ရသည့် သဘောရှိသောကြောင့် အတတ်ပညာတစ်ခုတည်းနှင့် မလုံလောက်ဘဲ အမြှော်အမြင်ကြီးရန် အရေးကြီးလှပါသည်။ ထို့ကြောင့် မိမိတို့ ပအိုဝ်းလူမျိုးများအနေနှင့် အမြှော်အမြင်ရှိသော ခေါင်းဆောင်ကြီးများ၏ လမ်းစဉ်ကို လိုက်နာကျင့်သုံးကာ လိုအပ်ချက်များကို ၀ိုင်းဝန်းဖြည့်ဆည်းကြလျှက် အနာဂါတ်ပအိုဝ်းတို့၏ဘ၀ ပိုမိုပြီးပြည့်စုံအောင် အဖက်ဖက်မှ ၀ိုင်းဝန်း ကြိုးပမ်းကြရန် လိုအပ်ပါကြောင်း သုံးသပ်မိပါသည်။

ခွန်ထင်းလေအောင်း

   
   

Powered by Blogger.