Thursday, October 15, 2015

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာ ပထမတောင်ကျောင်းကြီးတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ မဲဆွယ်စည်းရုံးမှု ပြုလုပ်

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်




ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေသည် ၂၀၁၅-ရွေးကောက်ပွဲအောင်နိုင် ရေးနှင့်ပတ်သက်၍  ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ(၁၄)ရက်၊
 ဗုဒ္ဓဟူးနေ့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာတွင် ပြည်သူလူထုနှင့် သွားရောက်တွေ့ဆုံ၍ မြန်မာ့နိုင်ငံရေးအခြေနှင့် ပအိုဝ်းဒေသဖွံ့ဖြိုးတိုးတက်ဖို့ ပအိုဝ်းဒေသတွင်းရှိစည်းလုံးညီညွတ်မူ ဆက်လက်ထိန်းသိမ်းရန်လိုအပ်ကြောင်း ပြောကြားသွားပါသည်။
ယခုလို မိမိတို့ပအိုဝ်းလူမျိုးများ ငြိမ်းငြိမ်းချမ်းချမ်း ဖွံ့ဖြိုးလုပ်ဆောင်နိုင်သည်မှာ မိမိတို့ ပအိုဝ်းခေါင်းဆောင်ကြီးများ၏ အမြှော်မြင်ကြီးမားမှုရှိခြင်းဖြစ်ကြောင်း၊ ပအိုဝ်းပြည်သူလူထုရှေ့ရေးအနာဂါတ်ကို ကြိုတင်တွေးတောမှုကြောင့်ယခုလို ပအိုဝ်းတိုင်းရင်းသားများတိုးတက်နေကြာင်း၊ ထို့အပြင် မိမိတို့ပအိုဝ်းလူမျိုးများသည် ယခင်နှစ်ပေါင်းများစွာနှင့်နို င်းယှဉ်လျှင်ပိုမိုတိုးတက်ကြောင်း၊ ခေတ်ပညာတတ်များ လည်းပေါ်ပေါက်ခဲ့ကြောင်း  ပြောကြားသွားပါသည်။ ထို့နောက် ပအိုဝ်းလူမျိုးများသည်စည်းလုံး ညီညွတ်သော လူမျိုးဖြစ်ကြောင်း၊ ထိုစည်းလုံးညီညွတ်မှုအားနှင့် ပဒေသရာဇ်စနစ်နှင့်တကွ ခေတ်အဆက်ဆက်ကစနစ်ဆိုးကြီးကို ကျော်ဖြတ်နှိမ်နှင်းလာခဲ့ပြီးဖြစ်တဲ့အတွက်၊ စည်းလုံးခြင်းသည် အင်အားဆိုသည့်အတိုင်း အလွန်ကြီးမားသောခွန်အားဖြစ်ကြောင်း၊ မိမိတို့ပအိုဝ်းလူမျိုးများသည် မြန်မာနိုင်ငံတိုင်းရင်းသားများထဲမှ အလွန်ပင်စည်းလုံးညီညွတ်သော လူမျိုးများဟု သတ်မှတ်ခြင်းခံရသောလူမျိုးများဖြစ်သကဲ့သို့ ထိုစည်းလုံးညီညွတ်မှုကို ဆက်လက်ထိန်းသိမ်းကြရန် လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။
မိမိသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်အနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ယခုလက်ရှိ ပါတီပေါင်း(၁၀၀)ရှိသည့်အနက်မှ မိမိတို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်လည်း ပါတီပေါင်း(၅)ပါတီ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည့်အတွက် မိဘပြည်သူများအနေဖြင့် ရွေးချယ်မှုမမှားရန် လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။




အဆိုပါလူထုတွေ့ဆုံပွဲတွင် (PNO)ပါတီ ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခွန်သန်းထူးမှ ဒေသဖွံ့ဖြိုးရေးနှင့် လုပ်ဆောင်ခဲ့သော ပရဟိတလုပ်ငန်းများကို အသေးစိတ်ရှင်းပြခဲ့ပြီး (PNO)ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးခွန်စောင်းဝဲင်းကရွေးကောက်ပွဲဆိုင်ရာ မဲပေးပုံပေးနည်းများ အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ မိဘပြည်သူများ(၁၂၀၀)ကျော်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ခွန်အားတက်



Powered by Blogger.