Thursday, October 15, 2015

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပ

နေပြည်တော်၊ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်










တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီ က နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။ အဆိုပါ မိန့်ခွန်း အပြည့်အစုံမှာ-
ဒီကနေ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်စာချုပ် လက်မှတ် ရေးထိုးပွဲ အခမ်းအနားကို လက်မှတ်ရေးထိုးဖို့ တက်ရောက်လာကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၊ ပြည်တွင်းအသိသက်သေများ၊ နိုင်ငံတကာ အသိ သက်သေများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံတမန်အကြီးအကဲများ၊ အစိုးရလွှတ်တော် တပ်မတော်မှ ကိုယ်စားလှယ် များ၊ နိုင်ငံရေးပါတီမှ ခေါင်းဆောင်များ၊ အရပ်ဖက် လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်တော်များနဲ့ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များကို မင်္ဂလာ အပေါင်းနှင့် ပြည့်စုံပါစေကြောင်း နှုတ်ခွန်းဆက်ပါရစေ။
 ဒီကနေ့ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ သမိုင်းဝင်နေ့ထူးနေ့မြတ် တစ်ခု ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး အနာဂတ်အတွက် လမ်းသစ်တစ်ခုကို ဖွင့်လှစ် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
 လွတ်လပ်ရေး ရပြီးကတည်းက လက်နက်ကိုင် ပဋိပက္ခတွေ မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့ ပါတယ်။ ဒီပဋိပက္ခတွေကြောင့် သောင်း နဲ့ချီတဲ့ နှစ်ဖက်စလုံးက တပ်သားတွေ အသက် ဆုံးရှုံးခဲ့ကြရပါတယ်။ လက်နက်ကိုင် ပဋိပက္ခဒေသတွေမှာ နေထိုင်ကြတဲ့ သိန်းနဲ့ ချီသော ပြည်သူတွေဟာ စစ်ဘေးစစ်ဒဏ်ကို ခါးစည်းခံခဲ့ရပါတယ်။ အားလုံးဟာ ကိုယ့် တိုင်းရင်းသား ကိုယ့်ပြည်သူတွေပဲ ဖြစ်ကြပါတယ်။
ကျွန်တော်တို့ အစိုးရ တာဝန်စယူခဲ့တဲ့ အချိန်မှာ ဒီမိုကရေစီ စနစ်ကိုဦးတည်တဲ့ အပြောင်းအလဲတွေကို စတင် လုပ်ဆောင် ခဲ့ပါတယ်။ တစ်ဆက်တည်းမှာ ငြိမ်းချမ်းရေး မရှိဘဲ ဒီမိုကရေစီ အပြောင်းအလဲကိုသွားဖို့ ခက်မယ်ဆိုတာကို သဘောပေါက် ခဲ့ပါတယ်။
 ဒါကြောင့် အပစ်အခတ်ရပ်စဲရေးအတွက် ၂၀၁၁ သြဂုတ်လမှာ အစိုးရကနေစတင် ကမ်းလှမ်းခဲ့ပါတယ်။ (၂) နှစ်အတွင်း အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် (၁၄) ဖွဲ့ အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ကချင် ပြည်နယ်အတွင်းက လက်နက်ကိုင် ပဋိပက္ခတွေကို အတော်များများ လျှော့ချနိုင်တဲ့ သဘောတူညီချက်တွေကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။
 ဒါပေမယ့် ကျွန်တော်တို့တိုင်းပြည်မှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရဖို့ အပစ်အခတ်ရပ်စဲရေး တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ ကျွန်တော်တို့ရဲ့ နက်နက်ရှိုင်းရှိုင်း ပြဿနာတွေကို အဖြေရှာနိုင်ဖို့ နိုင်ငံရေးဆွေးနွေးပွဲတွေ ရှိဖို့လိုပါတယ်။ တစ်ဆက်တည်း မှာပဲ ဆွေးနွေးအဖြေရှာနေတဲ့ အချိန်အတောအတွင်းမှာ အပစ်အခတ်ရပ်စဲရေး ခိုင်ခိုင်မာမာ ဖြစ်စေဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လိုပါတယ်။ ဒါတွေကို အကောင်အထည်ဖော်နိုင်ဖို့ အဓိကအင်အားစုများ လက်ခံတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် တစ်ခုရှိဖို့ လိုတယ်ဆိုတာကို ကျွန်တော်တို့ သဘောပေါက်ခဲ့ပါတယ်။
 ဒါကြောင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ဘယ်လောက်ပဲရှိရှိ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (Nationwide Ceasefire Agreement- NCA) ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အားလုံး ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခု ပေါ်လာအောင် ဝိုင်းဝန်းကြိုးစား ညှိနိုင်းခဲ့ကြတာ ဖြစ်ပါတယ်။
 ဒီလို ဆွေးနွေး ညှိနှိုင်းခဲ့တဲ့အခါမှာ အစိုးရဖက်က အသိအမှတ်ပြုမထားတဲ့ အဖွဲ့တွေ ပါဝင် ခဲ့ကြပေမယ့် အားလုံးလက်ခံနိုင်တဲ့ ဖြစ်စဉ်တစ်ခု ထွက်ပေါ်လာရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အားလုံး ပါဝင်ဆွေးနွေးနိုင်အောင် ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ NCA ထဲမှာ ပါဝင်တဲ့ သဘော တူညီချက် အားလုံးနီးပါးက တိုင်းရင်းသား လက်နက်ကိုင်များဖက်က တင်ပြချက်များအပေါ် အခြေခံပြီး အစိုးရဖက်က ညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။
 အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များရဲ့ ဝိုင်းဝန်းကြိုးပမ်းမှု၊ သည်းခံသဘောထားကြီးမှု၊ အနစ်နာခံ ကြိုးစား အားထုတ်မှုတွေကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် စာချုပ်ကို ပါဝင်ဆွေးနွေးသူတွေ အားလုံးက သဘောတူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကျွန်တော်တို့ အစိုးရအနေနဲ့ကတော့ အားလုံးလက်ခံတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခု ပေါ်ပေါက်လာဖို့က လက်မှတ်ရေးထိုးရေး ထက် ပိုပြီး အရေးကြီးပါတယ်။ အားလုံးလက်ခံတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခုကို အုတ်မြစ်ချနိုင်ရေးက မြန်မာပြည် အနာဂတ် အတွက် အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ရပ်လို့ ကျွန်တော်တို့ အစိုးရက ခံယူပြီး NCA သဘော တူညီမှုရအောင် အကောင် အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။
 ဒါကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး မပါနိုင်သေးပေမယ့် ကနဦးရှေ့ပြေး အနေနဲ့ ပါဝင်ပြီး ရှေ့ဆက်သွားဖို့ အဆင်သင့်ဖြစ်နေတဲ့ အဖွဲ့တွေနဲ့ အရင်ဦးစွာ လက်မှတ် ထိုးဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။
 ဒါပေမယ့် ကျန်နေသေးတဲ့အဖွဲ့တွေ ပါဝင်နိုင်ရေးကို ကျွန်တော်တို့အားလုံး ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ သူတို့ အတွက်လည်း တံခါးဖွင့်ထားပါတယ်။ သူတို့ကိုယ်တိုင် ပါဝင် ဆွေးနွေးညှိနိုင်း သဘောတူခဲ့တဲ့ အချက်များအပေါ်မှာ အုတ်မြစ်ချ ထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်တဲ့အတွက်ကြောင့် ဒီဖြစ်စဉ်ကို အကောင်အထည်ဖော်ရာမှာ သူတို့ရဲ့ ဆန္ဒတွေကိုလည်း ထင်ဟပ်စေမှာ ဖြစ်ပါတယ်။ လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေ တောင်းဆိုလာရင် ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ ဆက်လက် လုပ်ဆောင် ရမယ့် လုပ်ငန်းတွေမှာ သူတို့ပါဝင်နိုင်အောင် ကျွန်တော်တို့ အစိုးရအနေနဲ့ ညှိနှိုင်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
 အခုတက်ရောက် လက်မှတ်ရေးထိုးကြတဲ့ နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ခေါင်းဆောင်တွေ အနေနဲ့ ကျွန်တော်တို့ အားလုံးရဲ့ အောင်မြင်မှုကို လှိုက်လှိုက် လှဲလှဲ ဂုဏ်ယူသင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ သမိုင်း တန်ဖိုးက NCA ကို ဘယ် နှစ်ဖွဲ့ လက်မှတ်ရေးထိုးတယ် ဆိုတာထက် အားလုံး လက်ခံထားတဲ့ သဘော တူညီချက် တွေကို ဘယ်လောက်ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်လဲဆိုတဲ့မှတ်ကျောက် အပေါ်မှာ အခြေခံပါလိမ့်မယ်။
 NCA ပါ သဘောတူညီချက်တွေကိုလက်တွေ့ အကောင်အထည်ဖော်မှုအပေါ် အခြေခံပြီး နှစ်ဖက်အကြား ယုံကြည်မှု တည်ဆောက်ရေးကို ပိုမိုခိုင်မာအောင် လုပ်ဆောင်သွားကြဖို့ ဖြစ်ပါတယ်။ ကျန်နေသေးတဲ့ အဖွဲ့တွေအနေနဲ့လည်း NCA ပါ လုပ်ငန်းစဉ်တွေကို အကောင်အထည် ဖော်နိုင်လာတာနဲ့အမျှ အနှေးနဲ့ အမြန်ဆိုသလို ဒီငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်လာကြမှာ ဖြစ်ပါတယ်။
 NCA လက်မှတ်ရေးထိုးပြီး ပေါ်ပေါက်လာမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေက ရှေ့ကို ဆက်သွားဖို့ပဲ ရှိပါတယ်။ နောက်ပြန် လှည့်စရာ မရှိပါဘူး။ ဒါကြောင့် NCA အပေါ် အခြေခံတဲ့ လုပ်ငန်းစဉ်များဟာ မြန်မာပြည်အနာဂတ်သစ်ရဲ့ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရရှိဖို့ တစ်ခုတည်းသော လမ်းကြောင်းအဖြစ် ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။
 NCA ဟာ နောင်မျိုးဆက်သစ်တွေရဲ့ အနာဂတ်အတွက် သမိုင်းလက်ဆောင် ဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲကို စီစဉ်ခဲ့စဉ်အခါမှာ မျိုးဆက်သစ် လူငယ်တွေကိုပါ ဖိတ်ကြားဖို့ ကျွန်တော်တို့ စဉ်းစားခဲ့ပါတယ်။ သူတို့တွေရဲ့ အနာဂတ် အသစ်အတွက် သူတို့ရဲ့ ရှေ့မှောက်မှာ ကျွန်တော်တို့တွေ ကတိကဝတ်ပြုကြတာပဲ ဖြစ်ပါတယ်။
 ၂၀၁၄-၂၀၁၅ နှစ်တွေရဲ့ စစ်တမ်းတွေအရ မြန်မာနိုင်ငံရဲ့ လူဦးရေ ၁၀ ရာခိုင်နူန်းဟာ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေ မှာ နေထိုင်ကြပါတယ်။ လူဦးရေ ၄၀ ရာခိုင်နူန်းခန့်ဟာ လက်နက်ကိုင် ပဋိပက္ခရဲ့ အကျိုးသက်ရောက်မှုရှိတဲ့ ဒေသတွေ မှာ နေထိုင်ကြပါတယ်။ NCA လက်မှတ်ရေးထိုးလိုက်ပြီး လုပ်ငန်းစဉ်တွေကို စတင်အကောင်အထည်ဖော်တာနဲ့ ပဋိပက္ခ ဘေးထွက် ဆိုးကျိုးတွေ ခံစားနေရတဲ့ လူဦးရေရဲ့ ၇၀ ရာခိုင်နူန်းဟာ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေကို အချိန်တိုတို အတွင်းမှာ ခံစားကြရမှာ ဖြစ်ပါတယ်။
 တိုက်ပွဲတွေ လျှော့ချရပ်ဆိုင်းနိုင်ဖို့ “ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့် ကြီးကြပ်ရေး ကော်မတီ (JMC)” ကို ဖွဲ့စည်းပြီး ထိန်းသိမ်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ တိုက်ပွဲတွေ မရှိတော့တဲ့အခါ ဒီဒေသတွေမှာ နေထိုင်တဲ့ ပြည်သူလူထု များဟာ အေးအေး ချမ်းချမ်းနဲ့ လုပ်ကိုင်စားသောက်နိုင်တော့မှာ ဖြစ်ပါတယ်။
 တည်ငြိမ်အေးချမ်းလာတာနဲ့အမျှ နိုင်ငံတော်အစိုးရ အနေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုပိုမို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ ပဋိပက္ခ အလွန်ဒေသတွေမှာ နိုင်ငံတကာ အထောက်အကူတွေ၊ လူထုအကျိုးပြုတဲ့ ရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက် လာစေဖို့ ဦးစားပေး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
 တစ်ဆက်တည်းမှာပဲ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကို ဖွဲ့စည်းပြီး အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို ဦးတည်ထားတဲ့ နိုင်ငံရေး ဆွေးနွေးပွဲ များကို အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေ ကို NCA က ပြဌာန်း ပေးလိုက်တာဖြစ်ပါတယ်။
 ယခု လက်ငင်းချက်ချင်းမှာပဲ ကျွန်တော်တို့တစ်တွေ အကြားမှာ ကြီးမားတဲ့ အောင်မြင်မှုကြီး တစ်ခုရှိနေပါပြီ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေနဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဆိုတဲ့ ဒို့တာဝန်အရေးသုံးပါးကို သဘောတူ လက်ခံခဲ့ကြပါတယ်။ နိုင်ငံတော် အစိုးရဖက် ကလည်း တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်စနစ်ကို အခြေခံတဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်ဖို့အတွက် လက်ခံ သဘောတူခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာ ပြည်ရဲ့ အစိုးရအဆက်ဆက်မှာ တစ်ခါမှမရှိခဲ့ဘူးတဲ့ ကျွန်တော်တို့အကြား ဘုံ လက်ခံ ထားတဲ့ အနာဂတ်ပန်းတိုင် တစ်ခုကိုသဘောတူညီနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဘုံ အနာဂတ်ကို အကောင် အထည်ဖော်နိုင် ဘို့အတွက် NCA ပါ သဘောတူညီချက်များကို အကောင် အထည်ဖော်နိုင်ရေးက ကျွန်တော်တို့ အားလုံးအတွက် အရေးကြီးတဲ့ သမိုင်းပေး တာဝန်ပဲ ဖြစ်ပါတယ်။ NCA ဆိုတာ ကျွန်တော်တို့ ထားရစ်ခဲ့မယ့် သမိုင်းအမွေ ဖြစ်ပါလိမ့်မယ်။
 ဒီကနေ့ကစပြီး ကျွန်တော်တို့ အားလုံးဟာ ကျွန်တော်တို့ရဲ့ ဘုံအနာဂတ် အတွက် အတူတကွ တာဝန်ရှိသူတွေ ဖြစ်သွားပါပြီ။ ကျွန်တော်တို့ရဲ့ သမိုင်းကို အတူတကွ ပုံဖော် ရေးသား ကြရတော့မှာပါ။ သမိုင်းရဲ့အောင်မြင်မှု ကျရှုံးမှုတွေကို အတူတကွ တာဝန်ခံ ကြရတော့မှာပါ။ ဒီကနေ့ လက်မှတ်ရေးထိုးတဲ့ NCA စာချုပ်ဟာဆိုရင် ကျွန်တော်တို့ အချင်းချင်း အကြားမှာ တည်ဆောက်ရရှိလာတဲ့ ယုံကြည်မှုကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ အနာဂတ် မျိုးဆက်သစ်များအတွက် ငြိမ်းချမ်းရေး အမွေတစ်ခု ချန်ထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံးရဲ့ စိတ်ရင်းစေတနာ အမှန်ကိုလည်း ထင်ထင်ရှားရှား သက်သေထူနိုင်ခြင်းပဲဖြစ်ပါတယ်။
 နိဂုံးချုပ်အနေနဲ့ NCA လက်မှတ်ရေးထိုးနိုင်ရေး အတွက် ပါဝင်ကြိုးပမ်း ဆောင်ရွက်ကြသူ အားလုံးကို အစိုးရအဖွဲ့ကိုယ်စား လည်းကောင်း၊ နိုင်ငံသားများ ကိုယ်စားလည်းကောင်း ကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်။ NCA လက်မှတ်ရေးထိုးပွဲ ကနေ အောင်မြင်တဲ့ အကောင်အထည်ဖော်မှု ဖြစ်လာတဲ့အထိ ကျွန်တော်တို့အားလုံး ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြဖို့ တိုက်တွန်းရင်း သမိုင်းမှတ်တိုင်ကို အတူတကွ စိုက်ထူကြဖို့ ဆန္ဒပြု လိုက်ပါတယ်။
 အားလုံးကိုကျေးဇူးတင်ပါတယ်။
 နိုင်ငံတော်သမ္မတမှ မိန့်ခွန်းပြောကြားပြီး လက်မှတ်ရေးထိုး တိုင်းရင်းသားများ၏ ကိုယ်စား ကရင်အမျိုးအသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုးက အမှာစကား ပြောကြားခဲ့သည်။ အဆိုပါ အမှာစကား အပြည့်အစုံမှာ -
 ချစ်ကြည် လေးစားရပါသော နိုင်ငံတော်သမ္မတကြီးနဲ့တကွ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်- NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်လာကြတဲ့ နိုင်ငံတော်အကြီးအကဲများ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ တပ်မတော် အရာရှိကြီးများ၊ လွှတ်တော် နာယကများနဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်သေအဖြစ် ပါဝင် လက်မှတ်ရေးထိုးကြမယ့် နိုင်ငံတကာမှ အသိသက်သေ ကိုယ်စားလှယ်များ၊ ပြည်တွင်းမှ အသိသက်သေ ကိုယ်စားလှယ်များ၊ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဘက်ပေါင်းစုံကနေ တစိုက်မတ်မတ် အထောက်အကူပြုနေကြတဲ့ နိုင်ငံတကာမှ ကိုယ်စားလှယ်များ၊ သံတမန်များ၊ အထူးဖိတ်ကြားခြင်းခံထားရတဲ့ ပြည်တွင်း၊ ပြည်ပ ဧည့်သည်တော်များနဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်-NCA ရရှိရေးအတွက် ညှိနှိုင်း ဆွေးနွေးပွဲတလျှောက်မှာ အင်တိုက်အားတိုက် ပါဝင်ခဲ့ကြ တဲ့ နှစ်ဖက်သော ခေါင်းဆောင် ကိုယ်စားလှယ်များ၊ အလုပ် အဖွဲ့များ၊ အထောက်အကူပြုသူများ အားလုံးနဲ့ သတင်းမီဒီယာများ အားလုံးကို မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
 ဒီလို ဂုဏ်ရောင်ထွန်းပြောင်တဲ့ သမိုင်းဝင် အခမ်းအနားမှာ လက်မှတ်ရေးထိုးကြမယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များရဲ့ ကိုယ်စား ကျွန်တော့်ကို မိန့်ခွန်း ပြောကြားခွင့်ပြုတဲ့အတွက် များစွာ ဂုဏ်ယူဝမ်းမြောက် ကျေးဇူးဥပကာရ တင်ရှိပါကြောင်း ဦးစွာ ပြောကြားလိုပါတယ်။
 ကျွန်တော်တို့ မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးကတည်းက နှစ်ရှည်လများ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခကို အဆုံးသတ်နိုင်ဖို့၊ နိုင်ငံတော်အစိုးရရဲ့ ကိုယ်စားလှယ်များနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များတို့ဟာ ဒီ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို ရရှိဘို့ (၂) နှစ်နီးပါး အချိန်ယူ ဆွေးနွေး ခဲ့ကြရပါတယ်၊
 နှစ်ဖက် ညှိနှိုင်းဆွေးနွေးဘက်တွေ အကြား ရဲရင့်တက်ကြွတဲ့ အားမာန်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခြင်းအားဖြင့် အဖြေရှာလိုတဲ့ အာသီသကို အခြေခံကြလို့ ဒီ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်-NCA ကို ရရှိခဲ့တာဖြစ်ပြီး သမိုင်း စာမျက်နှာသစ်တစ်ခု ပေါ်ပေါက်စေခဲ့ပါတယ်။
 ဒါတွေဟာ အလျှော့အတင်း ပြုလိုတဲ့ စိတ်ဓါတ်၊ အခက်အခဲတွေကို အတူတကွ ပူးပေါင်း ဖြေရှင်းလိုတဲ့ဆန္ဒ၊ နိုင်ငံရေး ပြဿနာတွေ ကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလိုတဲ့ သန္နိဋ္ဌာန်၊ ဆွေးနွေးဘက် တစ်ဖက်စီမှာ ပါဝင်ခဲ့ကြတဲ့ ကိုယ်စားလှယ်တွေအကြား ထိန်းသိမ်း ထားနိုင်တဲ့ ညီညွှတ်မှုနဲ့ ယုံကြည်မှုတွေကြောင့် ဖြစ်ပါတယ်။
 တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်-NCA လက်မှတ်ရေးထိုးခြင်းဟာ သာမန် အပစ်ရပ်စာချုပ် တစ်ရပ်ကို လက်မှတ်ရေးထိုးတာ မဟုတ်ဘဲ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ ထူထောင်ရေး လျှောက်လှမ်းရမယ့် ခရီးရှည်ကြီးရဲ့ ပထမဦးဆုံးသော အရေးကြီးတဲ့ ခြေလှမ်းဖြစ်ပြီး စိန်ခေါ်မှုများစွာကလည်း စောင့်ကြိုနေ ပါတယ် ဆိုတာကိုလဲ သတိပေးလိုပါတယ်။

ဒါကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်-NCA ကို ဆက်လက် အကောင်အထည်ဖော်ရာမှာဘဲ ဖြစ်ဖြစ်၊ အချိန်အခက်အခဲကြောင့် ကွဲလွဲနေတဲ့ အယူအဆအချို့ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်-NCA လက်မှတ်ရေးထိုးအပြီးမှာ အမြန်ဆုံးဆက်လက်ဆွေးနွေးဘို့ ယူဆောင်သွားရမဲ့ အချက်တွေ ဆွေးနွေးကြရာမှာပဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့အားလုံးဟာ စိတ်ရှည်သည်းခံကာ အခက်အခဲ အားလုံးကို နောက်မဆုတ်စတမ်း အတူတကွ ကျော်ဖြတ် ကြဖို့ကိုလည်း သက်ဆိုင်သူ အားလုံးကို တောင်းဆိုလိုပါတယ်။
 နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAO) နဲ့ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်က ကိုယ်စားလှယ်တွေသာမက နိုင်ငံရေးပါတီတွေနဲ့ အခြား ပါဝင်သင့် ပါဝင်ထိုက်တဲ့ ကိုယ်စားလှယ်တွေ ပါဝင်လာကြမှာဖြစ်လို့ မတူကွဲပြားတဲ့ အမြင် သဘောထား အမျိုးမျိုးနဲ့ မလွဲမသွေ ရင်ဆိုင်ကြုံတွေ့လာကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ အသီးသီးရဲ့ ဆန္ဒသဘောထားတွေကိုသာ ရှေ့တန်းမတင်ဘဲ အပြန်အလှန် လေးစား တန်ဖိုးထားမှုနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးတည်ကာ အားလုံး ပါဝင်ကြတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကတဆင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်တဲ့ အထိ ရလဒ်ကောင်းတွေရရှိဘို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။
 တဆက်တည်းမှာဘဲ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်-NCA ကို သဘောတူလက်ခံသော်လည်း လတ်တလော ပါဝင် လက်မှတ်မရေးထိုးနိုင်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ထပ်မံ ပါဝင်လာရေး လုပ်ငန်းစဉ်တွေ ဖော်ဆောင်ရာမှာလည်း တပ်မတော်အနေနဲ့ အင်အားသုံးတဲ့နည်းထက် ညှိနှိုင်းအဖြေရှာတဲ့ နည်းလမ်းကို အသုံးပြုဖို့ အလေးထား တောင်းဆိုတိုက်တွန်းလိုပါတယ်။
 ၎င်းအဖွဲ့အစည်းများ ပါဝင်လာရေး လမ်းဖွင့်ပေးရာမှာ၊ စစ်ရေးတင်းမာမှု လျှော့ချရေးကို အထောက်အကူပြုမယ့် ယန္တရား ဖန်တီး ထားခြင်းဟာ အရေးပါပြီး၊ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မှာ အတူတကွ လက်မှတ်ရေးထိုး ထားကြတဲ့ မိမိတို့ ခေါင်းဆောင်တွေအကြား ညှိနှိုင်းပြီး ဝိုင်းဝန်းနည်းလမ်း ရှာဖွေပါဝင်ကြဘို့ လိုပါတယ်။
 နိဂုံးချုပ်အနေနဲ့ မြန်မာ့သမိုင်းမှာ တစ်ကြိမ်တခါမျှ မပေါ်ပေါက်ဘူးသေးတဲ့ နိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၈) ဖွဲ့အကြား တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲလိုက်နိုင်ခြင်းဟာ ထူးခြားအောင်မြင်တဲ့ ဖြစ်စဉ်တစ်ရပ်ဖြစ်ပြီး "သမိုင်း စာမျက်နှာသစ် ဖွင့်လိုက်ပြီလို့လဲ ဆိုနိုင်ပါတယ်။
 ဒါကြောင့် မိမိတို့ရဲ့ သက်တမ်းတလျှောက်မှာ ခါးသီးစွာ တွေ့ကြုံ ခံစားလာခဲ့ကြရတဲ့ လက်နက်ကိုင် ပဋိပက္ခရဲ့ ဆိုးမွေများ အားလုံးကို ဒီမှာတင် ပြည်ဖုံးကားချရေး ကြိုးပမ်းကြပြီး အနာဂါတ်မျိုးဆက်သစ် ပြည်သူပြည်သား လူငယ်လူရွယ်များအတွက် "ငြိမ်းချမ်းရေး" ဆိုတဲ့ အမွေအနှစ်ကို ချန်ရစ်ထား နိုင်ဖို့၊ တရားမျှတမှုနဲ့ ဂုဏ်သိက္ခာရှိမှု တို့အပေါ်အခြေခံတဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုရှိမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆက်ဆက်ကို အောင်မြင်အောင်ဆောင်ရွက်နိုင်ရေး သန္နိဋ္ဌာန် ချထားကြဖို့နဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေကနေ နိုင်ငံရေးအဖြေ မထွက်သေးခင် ကာလမှာ ဖိအားပေးမှုတွေကို ရှောင်ကျဉ်ကြကာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်ဖို့ အုတ်မြစ် ချနိုင်ရေး မဆုတ်မနစ် ကြိုးပမ်းကြပါစို့လို့ ဒီကနေ့ အခမ်းအနားကို ဂုဏ်ပြုရင်း နိဂုံးချုပ် အပ်ပါတယ်။
ထို့နောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှတ်တမ်း ဗွီဒီယိုအား ပြသပြီး တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ကို နိုင်ငံတော်အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်များက လက်မှတ်ရေးထိုးပြီး တက်ရောက် လာကြသည့် တိုင်းရင်းသား ခေါင်းဆောင်များနှင့် ပြည်တွင်းပြည်ပ အသိသက်သေများက လက်မှတ် ရေးထိုးခဲ့ကြသည်။
 ထို့နောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်၏ အနှစ်ချုပ်ကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ကရင်အမျိုးအသား အစည်းအရုံးမှ ဖဒိုစောကွယ်ထူးဝင်း တို့က ဖတ်ကြားပြီး စာချုပ်ကို အပြန်အလှန် လဲလှယ်ခဲ့ကြသည်။
 အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသားခေါင်းဆောင်များ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်၊

http://www.president-office.gov.mm/zg/?q=briefing-room/news/2015/10/15/id-10704
Powered by Blogger.