Saturday, October 17, 2015

၂၀၁၅ ရွေးကောက်ပွဲအခြေအနေ၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်(NCA)နှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ EU(European Union) သံအမတ်ကြီးက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပါတီကို လာရောက် တွေ့ဆုံဆွေးနွေး

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်


မြန်မာနိုင်ငံဆိုင်ရာ EU(European Union) သံအမတ်ကြီးသည် ယမန်နေ့ အောက်တိုဘာ(၁၆)ရက်၊ သောကြာနေ့၊ တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံးတွင် ပါတီစုံဒီမိုကရေစီ အထွေအထွေရွေးကောက်ပွဲအခြေအနေ၊ PNOပါတီ၏ လုပ်ဆောင်ချက်၊ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ် (NCA) နှင့်ပတ်သက်၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ၏ အမြင် သဘောထားကို  လာရောက်တွေ့ဆုံ ဆွေးနွေးသွားခဲ့ပါသည်။



ရှေးဦးစွာ မကြာမီကျင်းပတော့မည့် ၂၀၁၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် ပတ် သက်၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဥက္ကဌ ဦးခွန်စံလွင်က နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးမှာ မိမိတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီအနေနှင့် လွတ်လပ်ပြီး တရားမျှတလိမ့်မည်ဟု ယုံကြည်မိပါကြောင်း၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်နှင့် ထိတွေ့မှုအားနည်းသော်လည်း ဒီမိုကရေစီ၏ လမ်းကြောင်းပေါ်မှာ တဖြည်းဖြည်း ပြောင်းလဲတိုးတက်လာသည့် အနေအထားတစ်ခု ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ အခုလို မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ကဏ္ဍတစ်ခုမှာ EU (ဥရောပသမဂ္ဂ) မှ သော်လည်းကောင်း၊ နိုင်ငံတာတကကာ အဖွဲ့အစည်းများမှ သော်လည်းကောင်း ၀ိုင်းဝန်းကူညီပေးသည့်အတွက် မြန်မာနိုင်ငံပြည်သူ တစ်ယောက်အနေဖြင့် အထူးပင်ဝမ်းသာမိပါကြောင်း၊ သို့သော်လည်း ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်သူများအနေနှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာအားနည်းမှု ရှိနေသည့်အတွက် မဲပေးအခန်းကဏ္ဍတွင် အခက်အခဲရှိကောင်း ရှိနိုင်ပါကြောင်း။


ဆက်လက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ၏ လုပ်ဆောင်ချက်နှင့်ပတ်သက်၍ ယခုလက်ရှိ မိမိတို့ PNOပါတီသည် တစ်နိုင်ငံလုံးသော်လည်းကောင်း၊ ပြည်နယ်အဆင့် သော်လည်းကောင်း အစိုးရဖွဲ့နိုင်သည့် ပါတီမဟုတ်ကြောင်း၊ ထို့ကြောင့် မိမိတို့လူမျိုးအပြင် အခြားညီနောင်တိုင်းရင်းသားများ စည်းလုံးညီညွတ်မှုကို ရယူပြီး အမျိုးသားနိုင်ငံရေး ဆောင်ရွက်နေပါကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်နှင့် အခြားသောပြည်နယ်/ တိုင်းဒေသကြီးအတွင်းရှိ ပအိုဝ်းလူမျိုးအများစုနေထိုင်ရာ မြို့နယ်များကို ရွေးပြီး ၀င်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း၊ ပအိုဝ်းလူမျိုးများသည် ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး တို့တွင် အသီးသီးနေထိုင်လျက်ရှိကြောင်း၊ မိမိတို့၏ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်မှု ပအိုဝ်းလူမျိုးများ (၄) သိန်းကျော် နေထိုင်လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့ပါတီ ၀င်ပြိုင်မည့် မြို့နယ်များတွင် မဲဆန္ဒရှင်များ အခက်အခဲမရှိ မဲပေးနိုင်ရန်အတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းများ၊ workshop များ ပို့ချ/ ပြုလုပ်ပေးလျက်ရှိကြောင်း၊ ထိုကြောင့် မိမိပါတီ ၀င်ပြိုင်မည့် မြို့နယ်များတွင် ဆန္ဒမဲထည့်ရာအပိုင်း၌ အဆင်ပြေမည်ဟု ယုံကြည်ပါကြောင်း။


နေပြည်တော်တွင် ကျင်းပခဲ့သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်(NCA)လက်မှတ်ရေးထိုးပွဲနှင့်ပတ်သက်၍  မိမိအနေနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်(NCA)လက်မှတ်ရေးထိုးပွဲ ဖိတ်စာရရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မတက်ဖြစ်ခဲ့ကြောင်း၊ ယခုလို မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်(NCA)လက်မှတ်ရေးထိုးပွဲကို တစ်ကမ္ဘာလုံးသိအောင် ပြုလုပ်ကျင်းပပေးသည့်အတွက် မိမိတို့ပါတီအနေနှင့် အလွန်ပင် ၀မ်းသာဂုဏ်ယူမိပါကြောင်း၊ သို့သော်လည်း အကုန်လုံးမလုပ်နိုင်သေး၍ မြန်မာနိုင်ငံသွားချင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် အဟန့်အတားရှိနေသေးသည့် အတွက် စိတ်မကောင်းဖြစ်မိပါကြောင်း၊ အခုလို NCA လက်မှတ်ရေးထိုးခဲ့သည့် အဖွဲ့များအနေနှင့် တိုင်းပြည်ကို ချစ်ဖို့ထက် ပြည်သူများကို ချစ်ရန် အရေးကြီးပါကြောင်း၊ သူတို့အနေနှင့် ပြည်သူများကို တကယ်စစ်မှန်သော စေတနာတရားမရှိပါက ဒေသအေးချမ်းနိုင်မည် မဟုတ်ကြောင်း၊ မိမိတို့ ပအိုဝ်းအမျိုးသားများသည်လည်း ငြိမ်းချမ်းရေးကို ချစ်မြတ်နိုး၍ ၁၉၉၁ တွင် ငြိမ်းချမ်းရေးကို နှုတ်ကတိဖြင့်သာ ယူခဲ့ကြောင်း၊ ငြိမ်းချမ်းရေးရယူပြီး ပြည်သူများ၏ အကျိုးကို သယ်ပိုး ဆောက်ရွက်ရ မည့်တာဝန်ရှိသည်ဟု ခံယူကာ ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် မိမိအနေနှင့် အလွန်ပင် ၀မ်းသာမိပါကြောင်း ပြောကြားပြီး ကျနှ်ရှိသော ရွေးကောက်ပွဲဆိုင်ရာ အထွေထွေကဏ္ဍများကိုလည်း ဆွေးနွေးခဲ့ကြပါသည်။


အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ နယက ဦးခွန်မောင်တုတ်၊ ဥက္ကဌ ဦးခွန်စံလွင်၊  အတွင်းရေးမှူး(၄) ဦးခွန်တင်ထွဋ်၊ ဗဟိုအလုပ်အမှုဆောင် ဦးခွန်ချွန်း၊ ရုံးအဖွဲ့မှူး ဦးစောခွန်ကျော်ဝင်း၊ PNO ပါတီ အကြံပေးပုဂ္ဂိုလ် ဦးခွန်ဆန်းကျော်နှင့် ပအိုဝ်းလူငယ်ကွန်ယက် (PYN) ဗဟိုအလုပ်အမှုဆောင် ဆရာခွန်ကြည်တို့ တက်ရောက်ဆွေးနွေးခဲ့ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အဆိုပါ EU(European Union)အဖွဲ့များကို လာမည့်ရွေးကောက်ပွဲတွင် လေ့လာစောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်ပေးရန် ကူညီပေးရန် အကူအညီတောင်းခံထားခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ခွန်ထင်းလေအောင်း

Powered by Blogger.