တောင်ကြီး၊
၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်
ရွေးကောက်ပွဲနီးစပ်လာသည်နှင့်အမျှ
မိဘပြည်သူများ ရွေးကောက်ပွဲဆိုင်ရာ အသိပညာများ ပိုမိုတိုးပွားရန်နှင့် မဲပေးပုံပေးနည်း
တိကျမှန်ကန်စေရန်အတွက် ယမန်နေ့ ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ(၁၉)ရက်၊ တနင်္ဂလာနေ့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စု၊ ကျောက္ကချားရွာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီက
ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံး ဟောပြောပွဲ ပြုလုပ်ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ဟိုပုံးမြို့နယ်၊ သူရိယခမ်း ဒု-ခမ်းဗွေး
ဖြားချစ်အိန်က ပအိုဝ်းသမိုင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ဟိုပုံးမြို့နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း (လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ဦးခွန်သိန်းဖေက ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများကို ဟောပြောသွားခဲ့ပါသည်။
ဆက်လက်၍
ဟိုပုံးမြို့နယ်၊ မဲဆန္ဒနယ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
ဦးခွန်စံလွင်ကလည်း မိမိသည် ဖြားဗွာဦးလှဖေ၏ သားဖြစ်၍ လက်ရှိတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ဦးစီးဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေကြောင်း၊ မိမိတာဝန်ထမ်းဆောင်သော ကာလတွင် မိဘပြည်သူများ၏
လိုအပ်ချက်များဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေးစသည့်
လုပ်ငန်းများကို အဓိကထားလုပ်ဆောင်ပေးနေသည်ကို
မိဘပြည်သူများမျက်မြင်ဖြစ်ကြောင်း၊ သို့သော် ကာလတစ်ခုအရ မိဘပြည်သူများ၏ လိုအင်ဆန္ဒများ
ပြည့်စုံလိမ့်မည် မဟုတ်သေးကြောင်း၊ လာမည့် အနာဂတ်တွင် မိမိတို့ ပအိုဝ်းဒေသများ ပိုမိုဖွံ့ဖြိုးတိုးတက်ရန်အတွက်
မိမိအနေနှင့် အစီအစဉ်များ ရေးဆွဲပြီဖြစ်ကြောင်း၊ ၄င်းအစီအစဉ်များ အကောင်အထည်ဖော်နိုင်ရန်အတွက်
ရွေးကောက်ပွဲတွင် အနိုင်ရရန် လိုအပ်ကြောင်း၊ ရွေးကောက်ပွဲတွင် မိဘပြည်သူများ PNO ပါတီကို
ထောက်ခံလိမ့်မည်ဟု မိမိအနေနှင့် ယုံကြည်သော်လည်း မဲထည့်ရာတွင် အားနည်းချက် ရှိကောင်းရှိနိုင်ကြောင်း၊
၂၀၁၅ ရွေးကောက်ပွဲတွင် ၂၀၁၀ ကဲ့သို့ မဟုတ်ဘဲ ပြိုင်ဆိုင်မှုများ၍ မိဘပြည်သူများ ရွေးချယ်မှု
မှန်ကန်ရန် လိုအပ်ကြောင်း၊ မိမိတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ၏ မူဝါဒ(၁၉)ချက်တွင်
တွင်ပါရှိသလို မိဘပြည်များအကျိုးစီးပွားအတွက် အခြေခံအုတ်မြစ် အဆောက်အအုံ တည်ဆောက်ပေးသည်မှာ
မိဘပြည်သူများ အသိပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲတွင် မိဘပြည်သူများ မိမိတို့
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီကို ထောက်ခံအားပေးကြလိမ့်မည်ဟု မိမိအနေနှင့်
အပြည့်အ၀ ယုံကြည်ပါကြောင်း ပြောကြားသွားခဲ့ပါသည်။
ထို့နောက်
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုအလုပ်မှုဆောင် ခွန်ဆောင်းရွှေနှင့် PNO ဗဟိုဌာနချုပ်ရုံး လေ့ကျင့်ပညာပေးရေးဌာနအဖွဲ့မှ ဆန္ဒမဲပေးခြင်းနှင့်
ပတ်သက်၍ နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံသားဟု ခံယူသူတိုင်း ဆန္ဒမဲပေးရန် အခွင့်အရေးနှင့်
တာဝန်ရှိကြောင်း၊ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲစာရင်းတွင် မိမိတို့အမည်ပါရန် လိုအပ်ကြောင်း၊
မဲပေးသည့်နေ့တွင် မှတ်ပုံတင်ပါရန် အရေးကြီးကြောင်းကို လက်တွေ့သရုပ်ပြမှုဖြင့် ရှင်းလင်းတင်ပြကာ
အဆိုပါ ဟောပြောပွဲတွင် မိဘပြည်သူများ (၅၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ခွန်ထင်းလေအောင်း
Like On Facebook
Follow On Twitter
Subscribe On RSS