Saturday, October 3, 2015

၁၃၇၇-ခုနှစ်၊ တော်သလင်းလပြည့်ကျော်(၅)ရက်နေ့တွင် ကျရောက်သည့် နှစ်(၄၀)ပြည့် ပအိုဝ်းအာဇာနည်နေ့အခမ်းအနားကို ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ ပင်တွန်ကျေးရွာရှိ အာဇာနည်ကုန်းပေါ်တွင် ကျင်းပပြုလုပ်ခဲ့

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်


၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်၊ ၁၃၇၇-ခုနှစ်၊ တော်သလင်းလပြည့်ကျော်(၅)ရက်နေ့တွင် ကျရောက်သည့် နှစ်(၄၀)ပြည့် ပအိုဝ်းအာဇာနည်နေ့ အခမ်းအနားကို ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ ပင်တွန်ကျေးရွာရှိ အာဇာနည်ကုန်းပေါ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။




အခမ်းအနားအစီအစဉ်အရ နံနက် ၁:၃၀   အချိန်တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို လွမ်းဆွတ်ကြေကွဲသတိရခြင်း အချိန်သော်လည်းကောင်း၊ နံနက် ၉:၀၀ နာရီအချိန်တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို ဂုဏ်ပြုသောအားဖြင့် ပအိုဝ်းအမျိုးသားအလံတော်ကို တ၀က်ခန့်အောက်သို့ပြန်ချခြင်း၊ လွမ်းသူပန်းခွေများချထားခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ အလေးပြုခြင်းတို့ကို ပြုလုပ်ခဲ့ပြီး၊ ၁၀း၃၀ အချိန်တွင် ပင်တွန်ဘုန်းတော်ကြီးကျောင်း၌ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခြင်း၊ နေ့လည်ခင်း ၁၂း၀၀ အချိန်တွင် တက်ရောက်လာသော ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီးများနှင့် ပအိုဝ်းဒေသတခွင်ရှိ မိဘပြည်သူများမှ တောင်ကြီးမြို့ အေးစေတီဆရာတော်ဘုရား ထံမှ တရားသြ၀ါဒနာယူ ရေစက်ချအမျှဝေခဲ့ကြပါသည်။



ပအိုဝ်းအာဇာနည်နေ့ ကျင်းပပြုလုပ်ရခြင်းမှာ  တော်သလင်းလပြည့်ကျော် (၅) ရက်နေ့သည် ပအိုဝ်းတိုင်းရင်းသားအားလုံး၏ မမေ့နိုင်သော မမေ့အပ်သောနေ့တစ်နေ့ဖြစ်ကြောင်း၊ ၀မ်းနည်းကြေကွဲဖွယ်အာဇာနည်နေ့လည်းဖြစ်ကြောင်း၊ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားဗွာလှဖေနှင့် အာဇာနည်ခေါင်းဆောင်ကြီးများသည် ပအိုဝ်းတိုင်းရင်းသားများအတွက် တိုက်ပွဲဝင်ရင်း ကွယ်လွန်အနိစ္စရောက်ခဲ့ရကြောင်း၊ တော်သလင်းလပြည့်ကျော်(၅)ရက်နေ့ရောက်တိုင်း ပအိုဝ်းပြည်သူတစ်ရပ်လုံးက ပင်တွန်ကျေးရွာရှိ အာဇာနည်ကုန်းပေါ်သို့သွားရောက်ကာ လွမ်းသူပန်းခွေများချ၍ အလေးပြုခြင်း ဆုတောင်းအမျှဝေခြင်းတို့ကိုပြုလုပ်ခဲ့ကြကြောင်း၊ 
ယနေ့ပြုလုပ်ကျင်းပခဲ့သော နှစ်(၄၀)ပြည့် ပအိုဝ်းအမျိုးသား အာဇာနည်နေ့သည် အတိတ်က ပအိုဝ်းအာဇာနည်များ၏ စွမ်းဆောင်ရည်များကို နမူနာလေးစားစေရန်၊ ပအိုဝ်းအာဇာနည်များကို နောင်လာမည့်နှစ်ပေါင်းများစွာ ဆက်လက်ဖော်ထုတ်ဂုဏ်ယူနိုင်ရန်၊ အတိတ်က ပအိုဝ်းအာဇာနည်များနှင့်အတူ အနာဂါတ် မျိုးဆက်သစ် ပအိုဝ်းလူငယ်များ ဆက်လက်ဖော်ဆောင်နိုင်ရန်၊ အာဇာနည်နေ့နှင့် သက်ဆိုင်သော သမိုင်းကြောင်းများကို သုတေသနပြုလုပ်ရန်နှင့် ပီပီပြင်ပြင် ဖော်ထုတ်သတ်မှတ်နိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ အာဇာနည်နေ့အခမ်းအနားတွင် ပအိုဝ်းပြည်သူလူထုပေါင်း (၅၀၀၀) ကျော်တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

ခွန်အားတက်
Powered by Blogger.