Monday, November 30, 2015

အရှေ့တောင်အာရှ အမျိုးသမီးများနေ့ အထိမ်းအမှတ်အနေဖြင့် တောင်ကြီးမြို့တွင် အမျိုးသမီးငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်


အရှေ့တောင်အာရှ အမျိုးသမီးများနေ့အထိမ်းအမှတ်အနေဖြင့် ဒီကနေ့ နိုဝင်ဘာလ(၃၀)ရက်၊ တနလာင်္နေ့၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ စိန်ဂျိုးဇက်ခန်းမဆောင်တွင် မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းနှင့် ကောင်ရွေလူငယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းလူငယ်ကွန်ယက်တို့ ပူးပေါင်း၍ အမျိုးသမီးငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ကျင်းပခဲ့ပါသည်။


အဆိုပါ ဆွေးနွေးပွဲသို့ ပြည်နယ်အဆင့် အမျိုးသမီးရေးရာ ထိန်းသိမ်းရေးမှူး ဒေါ်မြမြစိန်နှင့် ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုတို့က နိုင်ငံရေးတွင် အမျိုးသမီးများ ပါဝင်မှုအရေးကြီးပုံ၊ အမျိုးသမီးငြိမ်းချမ်းရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ တက်ရောက်တိုက်တွန်း အမှာစကားပြောကြားပြီး ၄င်းဆွေးနွေးပွဲကို ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်၊ ကလောမြို့နယ်ရှိ လူမှုရေးအသင်းအဖွဲ့များ၊ မိဘပြည်သူများနှင့် လူငယ်မောင်မယ်များ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။


၎င်းဆွေးနွေးပွဲတွင် ရှမ်းပြည်နယ် မျိုးဆက်သစ်လူငယ်ခေါင်းဆောင် ဒေါ်သန္တာဦးက  အမျိုးသမီးများနေ့ (ဖဲကြိုးဖြူနေ့) ပေါ်ပေါက်လာပုံကို သော်လည်းကောင်း၊ တင်ဇာရွှန်းလဲ့ရည် (ရန်ကုန်လူငယ် ကွန်ယက်)က ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်တွင် လူငယ်၏ပါဝင်မှု အခန်းကဏ္ဍကို သော်လည်းကောင်း ဆွေးနွေးတင်ပြကာ တက်ရောက်လာသော လူငယ်မောင်မယ်များကလည်း အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု၊ အကြမ်းဖက်မှုများ ဖြစ်ပေါ်စေသော အကြောင်းရင်းနှင့် လျော့နည်းစေသည့် လုပ်ငန်းစဉ်များအပေါ် ၀ိုင်းဝန်းဖော်ထုတ် ဆွေးနွေးသွားခဲ့ကြပါသည်။


၁၉၉၉-ခုနှစ်တွင် ကျင်းပသော ကမ္ဘာ့ကုလသမဂ္ဂ၏ (၅၄) ကြိမ်မြောက် အထွေထွေညီလာခံ ဆုံးဖြတ်ချက်အရ နိုဝင်ဘာလ (၂၅) ရက်နေ့ကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးနေ့၊ နိုဝင်ဘာလ (၃၀) ရက်နေ့ကို အရှေ့တောင်အာရှ အမျိုးသမီးများနေ့၊ ဒီဇင်ဘာလ(၁) ရက်နေ့ကို ကမ္ဘာ့ AIDS နေ့၊ ဒီဇင်ဘာလ (၃) ရက်နေ့ကို ကမ္ဘာ့မသန်စွမ်းသူများနေ့၊ ဒီဇင်ဘာလ (၆) ရက်နေ့ကို မွန်ထရီမြို့လူသတ်ပွဲနှစ်ပတ်လည်နေ့၊ ဒီဇင်ဘာလ (၁၀) ရက်နေ့ကို ကမ္ဘာလူ့အခွင့်အရေးနေ့ စသည်ဖြင့် သတ်မှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။



ခွန်ထင်းလေအောင်း

Powered by Blogger.