Thursday, December 10, 2015

ဒေသခံပြည်သူလူထုအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းနှင့်ပူးပေါင်းပါဝင်ခြင်း အခြေခံသဘောတရားသင်တန်းကို ညောင်ရွှေမြို့နယ်၊ မြသိန်းတန် ဘုန်းတော်ကြီးကျောင်းတွင် (၄) ရက်တာသင်တန်းဖွင့်လှစ်ခဲ့

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်



ပြည်ထောင်သမ္မတမြန်မာနိုင်ငံတော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန (MOECAF)၊ သစ်တောဦးစီးဌာန ၊ Regional Community Forestry Training Center(RECOFTC)-လူနှင့်သစ်တောဗဟိုဌာနအဖွဲ့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ လူမှုရေးဌာန၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက် (PDN)နှင့် အင်းသားစာပေ ယဉ်ကျေးမှုနှင့်ဒေသဖွံ့ဖြိုးရေးအသင်း(ILCDA) တို့ပူးပေါင်းဖွင့်လှစ်သော “ဒေသခံပြည်သူလူထုအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းနှင့်ပူးပေါင်းပါဝင်ခြင်းအခြေခံသဘောတရားသင်တန်း” ကို ဒီဇင်ဘာလ(၅)ရက်နေ့မှ (၈)ရက်နေ့အထိ ညောင်ရွှေမြို့နယ်၊ မြသိန်းတန်ဘုန်းတော်ကြီးကျောင်းတွင် (၄)ရက်တာသင်တန်းဖွင့်လှစ်ခဲ့ပါသည်။



အဆိုပါသင်တန်းဖွင့်ပွဲကို ဒီဇင်ဘာလ(၅)ရက်နေ့တွင် ဖွင့်လှစ်ရာ ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးဌေးမောင်၊ အင်းသားစာပေယဉ်ကျေးမှုအဖွဲ့နှင့် ဒေသဖွံ့ဖြိုးရေးအသင်း(ILCDA) ဥက္ကဌ ဆရာကြီးဦးတက်ထွန်းတို့က အဖွင့်စကားနှင့် အားပေးစကားများပြောကြားခဲ့ပြီး၊ RECOFTC အဖွဲ့မှ ကွင်းညှိနှိုင်းရေးမှူး ဦးမြင့်ဇော်က သင်တန်းရည်ရွယ်ချက်နှင့်သစ်တော၏ အရေးကြီးပုံကိုရှင်းပြပြီးသင်တန်းအစီအစဉ်ကို ဟောပြောကာ သင်တန်းဖွင့်ပွဲအစီအစဉ်ကို ရုပ်သိမ်းခဲ့ပါသည်။ ၎င်းသင်တန်းတွင် သင်တန်းနည်းပြများအဖြစ် RECOFTC အဖွဲ့မှကွင်းညှိနှိုင်းရေးမှူး ဦးမြင့်ဇော်၊ RECOFTC အဖွဲ့မှ ခွန်အောင်ကြီး၊ သစ်တောဦးစီးဌာနမှ ဦးကျော်သူအောင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ လူမှုရေးဌာန ပါရမီဖွံ့ဖြိုးရေးကွန်ယက်(PDN)မှ ခွန်ဇော်နှင့် အင်းသားစာပေ ယဉ်ကျေးမှုအဖွဲ့နှင့်ဒေသဖွံ့ဖြိုးရေးအသင်း(ILCDA)မှ ခွန်ထွန်းဝင်းတို့က ပါဝင်ပို့ချသင်ကြားပေးခဲ့ပါသည်။ သင်ခန်းစာခေါင်းစဉ်များမှာ လူနှင့်သစ်တောဆက်စပ်ပုံ၊ ဒေသခံပြည်သူလူထု အစုအဖွဲ့ပိုင်သစ်တော လုပ်ငန်းသဘောတရားနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်၊ အောင်မြင်သောအစုအဖွဲ့ပိုင် သစ်တောဖြစ်စေရန် လိုအပ်သည့်အဓိကအချက်များ၊ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဆိုတာဘာလဲဘယ်လိုနား လည်ပါသလဲ၊ အစုအဖွဲ့ပိုင်သစ်တောတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း ဘာကြောင့်အရေးကြီးပါသလဲ၊ ကျား/မအခန်းကဏ္ဍ၊ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းလုပ်ဆောင်ရာတွင် မည်သည့်အခက်အခဲများ တွေ့နိုင်ပါသလဲ၊ ပူးပေါင်းဆောင်ရွက်ပုံ အဆင့်ဆင့်အကြောင်း ဆွေးနွေးခြင်း၊ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၏ အဓိကတန်ဖိုး များ(Core Value)၊ ပံ့ပိုးကူညီဆောင်ရွက်ခြင်း၏ အဓိပ္ပါယ်၊ အခန်းကဏ္ဍ၊ ပံ့ပိုးကူညီဆောင်ရွက်သူ၊ အစုအဖွဲ့ပိုင် သစ်တောတွင် ပံ့ပိုးကူညီဆောင်ရွက်ခြင်းက ဘာကြောင့်အရေးကြီးပါသလဲ၊ ပံ့ပိုးကူညီဆောင်ရွက်သူ၏ စိတ်နေသဘောထား၊ ပံ့ပိုးကူညီဆောင်ရွက်ခြင်း ဆိုင်ရာကျွမ်းကျင်မှုများအဖြစ် လက်တွေ့ကွင်းဆင်းရာ “မိုင်းသောက်အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း(CF)”ကို သွားရောက်စူးစမ်းလေ့လာခြင်း၊ မေးခွန်းများသွားရောက် မေးမြန်းခြင်း၊ ပံ့ပိုးကူညီဆောင်ရွက်သူ၏ ဆောင်ရန်/ရှောင်ရန်၊ ဒေသခံပြည်သူလူထုပိုင် သစ်တောလုပ်ငန်း (CF) လျှောက်ထားပုံ အဆင့်ဆင့်၊ သစ်တောအသုံးပြုသူများအဖွဲ့နှင့် စီမံအုပ်ချုပ်မှုကော်မတီဖွဲ့စည်းပုံကို ဆွေးနွေးခြင်း စသည့်ခေါင်းစဉ်များ ပါဝင်ပါသည်။ အဆိုပါသင်တန်းကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံးမှ ၀န်ထမ်း(၄)ယောက်အပါအ၀င် RECOFTC အဖွဲ့၏စီမံကိန်းနယ်မြေတွင်ပါဝင်သောကျေးရွာ များမှ သင်တန်းသားစုစုပေါင်း (၃၈)ယောက်တက်ရောက်ခဲ့ပါသည်။
အဆိုပါ RECOFTC အဖွဲ့၏ စီမံကိန်းနယ်မြေများမှာ တိုင်းဒေသကြီး (၄) ခုနှင့် ပြည်နယ် (၃) ခုမှ မြို့နယ်များဖြစ်သော ဧရာဝတီတိုင်းဒေသကြီးမှ ဖျာပုံမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးမှ ပေါက်ခေါင်းမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးမှ ရေဖြူမြို့နယ်၊ မကွေးတိုင်းဒေသကြီးမှ မြိုင်မြို့နယ်၊ ရှမ်းပြည်နယ်မှ ညောင်ရွှေမြို့နယ်၊ ရခိုင်ပြည်နယ်မှ ဂွမြို့နယ်နှင့် ချင်းပြည်နယ်မှ ကန်ပက်လက်မြို့နယ်တို့ပါဝင်သည်။ ထို့အပြင် ၄င်းတို့စီမံကိုန်းနယ်မြေများတွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးကန်အရှေ့ဘက်ခြမ်းမှ ကျေးရွာပေါင်း(၃၁)ရွာပါဝင်ပြီး မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက်(PDN)၊ အင်းသားစာပေယဉ်ကျေးမှုနှင့်ဒေသဖွံ့ဖြိုးရေးအသင်း (ILCDA) တို့နှင့် ဒေသခံအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများကို အကောင်အထည်ဖော်ပူးပေါင်းလုပ်ဆောင်နေပါသည်။ ဆက်လက်ပြီး အဆိုပါသင်တန်းမျိုးသာမက ဒေသခံပြည်သူလူထုအစုအဖွဲ့ပိုင်သစ်တော လုပ်ငန်းလျှောက်ထားရာတွင် အဓိကဖြစ်သော “သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုစီမံချက်” အစီရင်ခံစာရေးနည်း သင်တန်းကိုလည်း မတ်လအတွင်းတွင် ဆက်လက်ဖွင့်လှစ်သွားရန် အစီအစဉ်ရှိပါကြောင်း သတင်းရရှိပါသည်။

 ခွန်ရဲအောင်(ပင်လောင်း)

         
Powered by Blogger.