Wednesday, December 2, 2015

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု၊ ထီတခေါ့ကျေးရွာတွင် ဂျပန်နိုင်ငံ အလှူရှင်အဖွဲ့မှ မူကြိုကျောင်းဆောက်လုပ်လှူဒါန်း

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်




၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်၊ စနေနေ့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု၊ ထီတခေါ့ကျေးရွာတွင် ဂျပန်နိုင်ငံ အလှူရှင်အဖွဲ့မှ မူကြိုကျောင်းဖွင့်ပွဲ ကျင်းပခဲ့ပါသည်။
အဆိုပါမူကြိုကျောင်း အလှူရှင်များမှာ ဂျပန်နိုင်ငံ JAMAHA အဖွဲ့မှ လာရောက်လှူဒါန်းပြီး၊ မူကြိုကျောင်းအကျယ်အ၀န်းမှာ ပေ ၄၀×၃၀ ဖြစ်ပြီး၊ သွပ်မိုးကာ၊ အင်္ဂတေအခင်းတို့ဖြင့် ဆောက်လုပ်ထာပါသည်။ မူကြိုကျောင်းဆောက်လုပ်ရန်အတွက် ဂျပန်နိုင်ငံမှ သိန်း(၈၀)၊ ဒေသခံမိဘပြည်သူများမှ သိန်း(၆၀) ပါဝင်လှူဒါန်းထားပြီး စုစုပေါင်း သိန်း(၁၄၀)ဖြင့် ဆောက်လုပ်ထားပါသည်။ ဆက်လက်၍ ၎င်းအလှူရှင်အဖွဲ့မှ ကလေးကစားစရာ သင်ထောက်ကူပစ္စည်းအတွက် ဒေါ်လာ (၁၀၀၀) လှူဒါန်းခဲ့ကြောင်း၊ ၎င်းမူကြိုကျောင်းကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) လူမူရေးဌာနမှ တာဝန်ယူဆောင်ရွက်ပေးခဲ့ပါသည်။
အဆိုပါအလှူရှင်များသည် ပအိုဝ်းဒေသရှိ အထက်တန်းကျောင်း (၃) ကျောင်းဖြစ်သော အထက(လုံကား)၊ အထက(ဟမ်းဆီး)၊ အထက(နောင်ခဲ) စသည့်ကျောင်းဆောင်များကို လှူဒါန်းရုံသာမက၊ (၉/၁၀)တန်း ကျောင်းသူ/သား များအတွက် တစ်နှစ်လျှင် ထောက်ပံ့ငွေ တစ်ကျောင်းကို သိန်း (၂၀) တိတိ လှူဒါန်းပေးသည်မှာ (၅) နှစ်ပြည့်ပြီဖြစ်ကြောင်း တာဝန်ယူဆောင်ရွက်ပေးသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) လူမူရေးဌာနမှ ဦးခွန်ဆရာဘော်ပြောကြားချက်အရ သိရှိရပါသည်။
 
ခွန်အောင်ထွိုက်ဗွေ
Powered by Blogger.