Thursday, December 31, 2015

Happy New Year ကို စစ်မှန်သောမေတ္တာစိတ်နှင့်သာ ဖြတ်သန်းစေလို..

 တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်


 ကမ္ဘာပေါ်တွင် နေထိုင်ကြသော လူသားများသည် မိမိတို့ ကိုယ်ပိုင် ဘာသာတရား(ယုံကြည်မှု)၊ မိမိတို့ကိုယ်ပိုင် ယဉ်ကျေးမှုများ သီးခြားကိုယ်စီရှိနေကြသည်မှာ မျက်မြင်ပင် ဖြစ်ပါသည်။ ထိုမတူကွဲပြားသော ဘာသာတရားနှင့် ယဉ်ကျေးမှုများကြောင့် မတူကွဲပြားသော အယူအဆ၊ မတူကွဲပြားသောဝါဒများ ရှိနေသည်မှာ မဆန်းလှပေ။ သို့သော်လည်း မိမိတို့ယုံကြည်ကိုးကွယ်သော ဘာသာတရားနှင့် ယဉ်ကျေးမှုများကို တန်ဖိုးထားသကဲ့သို့ အခြားသူများ၏ ဘာသာတရားနှင့် ယဉ်ကျေးမှုများကိုလည်း လေးစားနားလည်ပေးရမည် ဖြစ်သည်။ သို့မှသာလျှင် Globalization ဟုခေါ်သော ကမ္ဘာ့ရွာတွင် အေးအတူပူအမျှ လိုက်လျောညီထွေစွာ နေထိုင်နိုင်မည်မှာ အမှန်ပင် ဖြစ်ပါသည်။
စာရေးသူသည် စာရေးဆရာမဟုတ်။ စာရေးဆရာသည် ဗဟုသုတကြွယ်ဝ၍ အထောက်အထား၊ အကိုးအကား ခိုင်စွာဖြင့် ထောက်ပြရေးသားနိုင်သော်လည်း မိမိစာရေးသူမှာ သာမန်လူပုဂ္ဂိုလ်သာဖြစ်၍ မိမိ၏ခံစားချက်များကိုသာ အားကိုးအမှီပြုနေရပါသည်။ မိမိ၏ ခံစားချက်သည် လူတိုင်းနှင့် ထပ်တူကျလိမ့်မည် မဟုတ်သည်ကို နားလည်လက်ခံထားပြီး ဖြစ်ပါသည်။
မိမိသည် မြို့နှင့် အလှမ်းဝေးသော နေရာဒေသတွင် ရှင်သန်ကြီးပြင်းလာသူ ဖြစ်သောကြောင့် Happy New Year ဟူသော စကားကို နားယောင်မကြားခဲ့ဖူးပေ။ သို့သော် ကံ၏ မျက်နှာသာ ပေးမှုဖြင့် အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင့် မိမိသည် မြို့ပေါ်တွင် ကျက်စားနေ၏။ ထို့ကြောင့် မြို့ပေါ်တွင် ကျင်လည်နေသော မိမိသည် တောရွာများနှင့် မတူသော အခွင့်အရေးများဖြစ်သည့် အင်တာနက်၊ ဖေ့စ်ဘုတ် စသည့် လူမှုကွန်ယက်( အွန်လိုင်း)များကို မြို့သူ၊ မြို့သားများနှင့်အပြိုင် ရယူသုံးစွဲနေရပါသည်။ ထိုသို့ ကျင်လည်ရာတွင် ယခုလို ဒီဇင်ဘာလအကုန် ဇန်န၀ါရီနှစ်အကူးတွင် Happy New Year ဟူသော စကားကို အွန်လိုင်းစာမျက်နှာ၊ မြို့သူ၊ မြို့သားများ၏ ပတ်ဝန်းကျင်တွင် ရေပန်းစားနေသည်ကို တွေ့မြင်ရပါသည်။ ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုအရ မိမိသည်လည်း Happy New Year ကို အလွန်စိတ်ဝင်စား ခဲ့ရပါသည်။
သို့သော် Happy New Year ဟူသော ၀ါကျကို အဓိပ္ပာယ်ဖွင့်ကြည့်လိုက်သောအခါ “ပျော်ရွှင်စရာကောင်းသော နှစ်သစ်ဖြစ်ပါစေ” “ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြှေ့ပါစေ” စသည်သဖြင့် တွေ့မြင်ရပါသည်။ ယင်းကို အဓိပ္ပာယ်ဖွင့်၍ ကြားလိုက်ရသောအခါ နားဝတွင် ပျားရည် သွန်းလောင်းသကဲ့သို့ နားဝင်ချိုစေရုံသာမက နေ့သစ်အတွက် ခွန်အားပါ တိုးပွားစေသည်ဟု ခံစားလိုက်ရပါသည်။ သို့သော်လည်း Happy New Year ကို ကြိုဆိုရာတွင် ပြုကျင့်တတ်ကြသော အပြုအမှု တစ်နည်းအားဖြင့် Happy New Year အထိမ်းအမှတ်အနေဖြင့် ပြုလုပ်တတ်ကြသော အမှုအကျင့်များကို ပြေးမြင်လိုက်သောအခါ စိတ်ထဲတွင် မချမ်းမသာ ဖြစ်မိပါ၏။ အထူးသဖြင့် Happy New Year ရေပန်းစားနေသော မြို့ကြီးများနှင့် မြို့ပြများတွင် အထူးဆင်ခြင်ရမည်ကို မြို့သူ၊ မြို့သားများ သိနေသော်လည်း မျက်ကွယ်ပြုနေကြသည်ကို သိစေချင်ပါသည်။ Happy New Year ဟူသော စကားကို ကျွန်တော်တို့ ဝေးလံသာ နေရပ်ဒေသသို့ သွားအော် ဟစ်ကြွေးပါက အရူးဟု အပြောမခံရခဲ့လျှင် ထိုသူသည် အင်မတန်မ ကံကောင်းသော သူပင်ဖြစ်ပါလိမ့်မည်။ ကျွန်တော်ကို ဒေသက ခေတ်မမှီဘူးဟု ပြောလာခဲ့လျှင် ကျွန်တော်တို့ဒေသက အခြားတိုင်းတစ်ပါး ယဉ်ကျေးမှု မရောဘူးဟူသော အားသာချက်ရှိနေမည်မှာ ငြင်းဆန်လို့မရပေ။
Happy New Year ကို ကြိုဆိုသောအနေဖြင့် မြို့ကြီးများနှင့် မြို့ပြများ၌ ဒီဇင်ဘာလ(၃၁)ရက် အခုလိုနေ့မျိုးတွင် တစ်ချို့တွေက လူတွေစု၊ ထင်းမီးတွေဖို၊ အသား၊ငါးများနှင့် မူးစရာအရည်များ သုံးဆောင်တတ်ကြသည်။  အချို့ စုံတွဲများက ပို့စ်ကတ်လှလှလေးတွေ ပန်းစည်းတွေပို့၊ အကောင်းစား ၀ိုင်များ အတူတူသောက် ချစ်သူများ ဂရုတစိုက် တွေ့ဆုံကြသလို အချို့လူငယ်တွေက ညလုံးပေါက် လျှောက်လည်ကြ၊ အော်ကြ၊ ဟစ်ကြ၊ ဆိုင်ကယ်ရှောက်စီးကြ၊ အက်စီးဒင့်ဖြစ်ကြ၊ နှစ်သစ် အထိမ်းအမှတ်ပွဲတွေ သွားကြ၊ ရန်တွေဖြစ်ကြ၊ အချို့စုံတွဲများက အခွင့်ကောင်းယူ၍ ခိုးပြေးကြ စသည့် အပြုအမူများကို ပြုလုပ်တတ်ကြသည်ကို  စာစောင်များတွင် တွေ့မြင်ရပါသည်။ ဤသည်မှာ Happy New Yearက ပေးသော လက်တောင်လော၊ လူတွေကဘဲ မှားနေသည်လော နားမလည်နိုင်အောင် ဖြစ်မိပါသည်။
မည်သို့ပင်ဖြစ်စေကာမူ ကျွန်တော်တို့ လိုက်ပါစီးမျောနေသော အမူအကျင့်များသည် တစ်ခါတစ်ရံတွင် ကောင်းသလိုလိုနှင့် ကျွန်တော်တို့ မမြင်နိုင်သော ဆိုးကျိုးများ လိုက်ပါတတ်ပါသည်။ အမှန်တိုင်းပြောရလျှင် Happy New Year မှာ အနောက်တိုင်းရဲ့ ယဉ်ကျေးမှု၊ ခရစ်ယာန်ဘာသာဝင်များ၏ ယဉ်ကျေးမှု၊ နှစ်သစ်ကူးပွဲ တစ်ခုသာ ဖြစ်သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဝင်၏ ယဉ်ကျေးမှုတွင်လည်း အာတာသင်္ကြန် နှစ်သစ်ကူပွဲတော်များ ရှိနေသည်ကို မမေ့စေလိုပေ။ ကျွန်တော်တို့ နေထိုင်သော Glonbalization ခေတ်တွင် မည်သည့်ဝါဒ၊ မည်သည့်အယူအဆက တစ်ဖက်စွန်း ရှေ့တန်းတင်ရန် မသင့်သောကြောင့်  အခြားသူများ၏ ယဉ်ကျေးမှုကို လေးစားလိုက်ရောပေးမှုများရှိရမည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော်လည်း မိမိတို့၏နေရာတွင် အခြားသူများကို ပေးလိုက်ရသည်ဟူသော အဖြစ်မျိုးများ မဖြစ်စေလိုပါ။
စာရေးသူမှာ ဗုဒ္ဓဘာသာဝင်ဖြစ်သောကြောင့် အမျိုးကို ချစ်သကဲ့သို့ အမျိုးဘာသာ သာသနာကိုလည်း ချစ်မြတ်နှိုးသူဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာကြီး၏ တောင်းဆိုမှုအရ၊ ခေတ်၏ လိုက်လျော်ညီထွေမှုအရ Happy New Year အပေါ် လိုက်ပါ စီးမျောနေကြသော မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ အားလုံး ပျော်ရွှင်ဖို့၊ သောက်စားဖို့ သက်သက်မဟုတ်ဘဲ  မိမိချစ်သော နိုင်ငံ၊ မိမိချစ်သော တိုင်းပြည်၊ မိမိချစ်သော မိသာစုများကို မေတ္တာပို့သ ပေးကြရန် တောင်းဆိုလျက် မနက်ဖြန်ကျရောက်လာမည့် ၂၀၁၆နှစ်သစ်တွင် စိတ်သစ်၊ လူသစ်နှင့် မိမိပိုင်ဆိုင်သောဘ၀တွင် နိုင်ငံအကျိုး၊ တိုင်းပြည်အကျိုးကို ထမ်းဆောင်နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း…………။

ခွန်ထင်းလေအောင်း
   
Powered by Blogger.